အမေရိကန်ဒုဝန်ကြီး ကချင်ပြည်နယ်လူ့အခွင့်အရေးအခြေအနေ ကွင်းဆင်းလေ့လာမှုပြီးဆုံး

အမေရိကန်ဒုဝန်ကြီး ကချင်ပြည်နယ်လူ့အခွင့်အရေးအခြေအနေ ကွင်းဆင်းလေ့လာမှုပြီးဆုံး
Published 12 January 2015
ထွန်းလင်းအောင်

အမေရိကန်ဒီမိုကရေစီလူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာဒုဝန်ကြီး တွမ်မာလင်နော့စကီး (Tom Malinowski) သည် ကချင်ပြည်နယ် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးကိစ္စမျာရပ်များကို နှစ်ရက်ကြာကွင်းဆင်းလေ့လာမှုပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။ဒုဝန်ကြီးသည် ခရီးစဉ်အတွင်း ကချင်ဘာသာရေးအဖွဲ့အစည်းများ၊ ကချင်လူမှုအဖွဲ့အစည်းများ၊ ကေအိုင်အိုနည်းပညာအကြံပေးအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ၊ ဒုက္ခသည်စခန်းများ၊ မြစ်ဆုံရွှေ့ပြောင်းရွာများသို့ ကွင်းဆင်းလေ့လာတွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။အမေရိကန်ဒီမိုကရေစီလူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာဒုဝန်ကြီး တွမ်မာလီနော့စကီးက "တိုင်းရင်းသားလူနည်းစုတွေရဲ့အကြောင်းအရာတွေဟာ အရေးကြီးလို့ ဒီခရီးစဉ်ကို ပထမဆုံးရောက်လာတာပါ။ မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် ကတိကဝတ်တွေရှိတဲ့ဟာ တကယ်ဖြစ်ပြီးလားဆိုတာလေ့လာမှာပါ။ နောက်ပြီး တပ်မတော်ရဲ့အခန်းကဏ္ဍဟာ နောက်တစ်ချိန်မှာ ဘယ်လိုရှိနိုင်မလဲဆိုတာ ဒီနေရာကစလေ့တာတာပါ။ ကိုယ့်တိုင်းပြည်ကိုကာကွယ်တဲ့နေရာမှာ ရပ်တည်နေတာလား ကိုယ့်လူမျိုးကိုတိုက်ခိုက်နေတဲ့အပေါ်မှာ ရပ်တည်နေတာလားဆိုတဲ့အချက်ကိုလည်း လေ့လာမှာပါ။ ကိုယ့်မြေကိုယ့်ရေပေါ်မှာအလုပ်လုပ်တဲ့အခါ စီးပွားရေးတွေ တကယ်ပဲကောင်းလာတယ်။ မကောင်းလာဘူးဆိုတာတွေလေ့လာပါတယ်။ မငြိမ်းချမ်းမှုကြောင့် အောက်ခြေမှာဒုက္ခရောက်နေတာတွေကို လေ့လာတယ်။ ပြည်နယ်တွင်းလူမျိုးတွေအားလုံးက ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်။ လူအများစုက နေရပ်စွန့်ခွာပြီး မျှော်လင့်ချက်မဲ့စွာ အသက်ဆက်နေကြရပါတယ်။ မူးယစ်ဆေးဝါးအန္တရာယ်တွေလည်းရှိနေတယ်။ အထူးသဖြင့် ကေအိုင်အိုထိန်းချုပ်နယ်မြေတွေက ရွှေ့ပြောင်းဒုက္ခသည်တွေကိုလည်း အကူအညီပေးဖို့လိုပါတယ်။ကချင်ပြည်နယ်မှာ ကေအိုင်အေဘက်က စစ်သားအဓမ္မစုဆောင်းတာ၊ ဆက်ကြေးကောက်တာရှိပြီး အစိုးရတပ်က ကလေးစစ်သားစုဆောင်းတာ၊ အတင်းအဓမ္မခိုင်းစေတာ တခြားကိစ္စတွေကိုတွေ့ရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တာတော့ တပ်မတော်ကများတာတွေ့ရတယ်။ လူနည်းစုတွေရဲ့အခွင့်အရေးတွေဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်များ အလွန်အရေးပါပါတယ်။ မြန်မာနိုင်ငံရဲ့အနေအထားက အဲဒီအပိုင်းမှာ ရှုပ်ထွေးတာတွေ့ရပါတယ်။ လူတိုင်းကတော့ စားပွဲပေါ်မှာတွေ့သင့်ပါတယ်။ အားလုံးပါဝင်ရမယ်။ နောက်ပြီး လူ့အခွင့်အရေးကိစ္စကိုလည်းအခြေပြုပြီး စဉ်းစားသင့်ပါတယ်။ ကချင်ပြည်နယ်ကဒုက္ခသည်တွေကိုလည်း ဆက်လက်ကူညီသွားမှာပါ" ဟု ပြောကြားသည်။အမေရိကန်ဒုဝန်ကြီးသည် မြန်မာနိုင်ငံသို့ ခုနစ်ကြိမ်ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်သို့ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်သည်။                 

Most Read

Most Recent