အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားသူ တပ်မတော်အရာရှိဟောင်းနှစ်ဦးအပါအဝင် နိုင်/ကျဉ်းဟောင်းများအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့ငွေပေး

အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားသူ တပ်မတော်အရာရှိဟောင်းနှစ်ဦးအပါအဝင် နိုင်/ကျဉ်းဟောင်းများအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့ငွေပေး
Published 12 January 2015
ဇာလီမြင့်ဦး

အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားသူ တပ်မတော်အရာရှိဟောင်းနှစ်ဦးအပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေပေးအပ်မှုကို ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်စည်းကမ်းဖောက်ဖျက်မှုစွဲချက်ဖြင့် မန္တလေး၊ အိုးဘိုထောင်တွင် ထောင်ဒဏ်ကျခံနေရသည်ဟုဆိုသည့် ဗိုလ်မှူးဟောင်းကျော်စွာဝင်းနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေသည်ဟုဆိုကာ ယခင်အစိုးရလက်ထက်ကတည်းက ပြစ်ဒဏ်ချမှတ်ခံထားရသည့် တောင်ငူထောင်မှ အရာခံဗိုလ်ဟောင်းအောင်ကျော်လင်းတို့အား အကျဉ်းကျခံနေရဆဲနိုင်ငံရေးအကျဉ်းသားများအဖြစ်သတ်မှတ်ကာ ၎င်းတို့၏မိသားစုဝင်များအား ထောက်ပံ့ငွေကျပ်သုံးသိန်းစီပေးအပ်ခဲ့ကြောင်း သိရသည်။အရာခံဗိုလ်ဟောင်း အောင်ကျော်လင်း၏ဇနီးဖြစ်သူ မနန်းကေသီက "စစ်စည်းကမ်းဖောက်ဖျက်မှုဆိုပြီး ပြစ်ဒဏ်ကျခံနေရတာပါ။ လွတ်ရက်မရှိဘူးလို့ပြောတယ်။ သူနဲ့တွေ့ဖြစ်တယ်။ တောင်ငူမှာ တစ်လတစ်ခါသွားတယ်။ အခုတော့ ငါးလလောက်ခြားသွားတာပေါ့။ သူအကျဉ်းကျတာငါးနှစ်လောက်ရှိပြီ။ သားတစ်ယောက် သမီးတစ်ယောက်ကျန်ခဲ့တယ်။ သူလွတ်မြောက်ဖို့တော့ ဘုရားတရားပဲလုပ်ဖို့တတ်တယ်။ ကျန်တာတော့ကျွန်မနားမလည်ဘူး" ဟုပြောကြားသည်။ယခုပြုလုပ်ခဲ့သည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ (၁၈) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲတွင် အကျဉ်းကျနေဆဲနိုင်ငံရေးအကျဉ်းသားနှစ်ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၉ ဦးနှင့် အဖွဲ့အစည်းတစ်ခုတို့အား စုစုပေါင်း ကျပ် ၅၂ သိန်းထောက်ပံ့ပေးအပ်ခဲ့သည်။အဆိုပါအခမ်းအနားတွင် အလှူရှင်များကလည်း ဖောင်ဒေးရှင်းသို့ အလှူငွေများပေးအပ်ခဲ့ရာ အလှူငွေ ၄၂ သိန်းလှူဒါန်းခဲ့သည့် ဦးမောင်မောင်နိုင်က "ဘဘကြီး (ဟံသာဝတီဦးဝင်းတင်)က ဖောင်ဒေးရှင်းမရှိလည်း လှူနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၄ ပြည်သူပိုင်သိမ်းသွားတဲ့အချိန်မှာ ကျွန်တော်နှစ်နှစ်ကျော်အရွယ်မှာ ကျွန်တော့်အဖေက ကြေးမုံသတင်းစာတိုက်မှာ ဘဘတို့နဲ့အတူတူလုပ်နေတဲ့အချိန်မှာ အဖမ်းခံခဲ့ရပါတယ်။ ကျွန်တော်လူမှန်းသိတဲ့အချိန်မှာ အင်းစိန်ထောင်မှာ အဖေတို့ရောက်နေတဲ့အချိန်ကတည်းက ဘဘက သူ့ရဲ့လစာတစ်ဝက်ကို ဒေးဒရဲဦးမြတ်ဆွေ၊ စာရေးဆရာဦးမြတ်ဆွေကနေတစ်ဆင့် လစဉ် ကျွန်တော်တို့မိသားစုကိုထောက်ပံ့ခဲ့တာ လေးနှစ်နဲ့ ၁၁ လတိတိကို လစဉ်မပျက်ထောက်ပံ့ခဲ့ပါတယ်။ အဲဒီငွေကြေးနဲ့ ကျွန်တော်တို့မိသားစုဟာ ဒီအခြေအနေကိုရောက်လာတာပါ။ အခု ဘဘကျေးဇူးဆပ်တယ်ဆိုတာ  ပမာဏနဲ့ယှဉ်လို့ရှိရင် နည်းပါသေးတယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့ရဲ့ကျေးဇူးကအများကြီးပါ" ဟု ပြောကြားသည်။နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးကျော်စိန် (သုဝဏ္ဏ -ကျော်စိန်) ကလည်း "အပယ်ခံကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကို ဆရာက ဒီလိုဦးဆောင်ပြီးတော့ ကူညီထောက်ပံ့တဲ့အတွက် ကျွန်တော်အပါအဝင် အထောက်အပံ့ခံရဲဘော်တွေရော ပြီးတော့ လှူတဲ့ပုဂ္ဂိုလ်တွေရော မေ့နိုင်စရာအကြောင်းမရှိပါဘူး။ ဆရာက လူသေသွားပေမယ့် နာမည်မသေတဲ့ပုဂ္ဂိုလ်ကြီးပါ။ အဲဒီတော့ ကျွန်တော်အထောက်အပံ့ခံပုဂ္ဂိုလ်များကိုယ်စား အသန့်ရှင်းဆုံးအကောင်းဆုံး အတက်ကြွဆုံးနဲ့ ဆုံးဖြတ်ပြီးတော့ ကျွန်တော်တို့ကိုထောက်ပံ့ပေးခဲ့တဲ့ ဆရာဦးဝင်းတင်မရှိသော်လည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ တိုင်ပင်ပြီးတော့ ထောက်ပံ့ပေးခဲ့တဲ့အဖွဲ့ကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒီကနေ့ထောက်ပံ့ခံဖြစ်ပေမယ့် ကျွန်တော်တို့လည်း နောက်လှူဖို့ကြိုးစားပါမယ်" ဟုပြောကြားသည်။အဆိုပါဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အခြားအကူအညီလိုအပ်နေသော ဘဝတူစာနယ်ဇင်းသမားများနှင့် မိသားစုများအားကူညီထောက်ပံ့ရန် ၂၀၁၂ ခုနှစ် မတ် ၁၂ ရက်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်လလျှင်တစ်ကြိမ် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ယခုပြုလုပ်သည့် (၁၈) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲအပြီးတွင် လက်ရှိနိုင်ငံရေးအကျဉ်းသား ၁၃၆ ဦးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမား ၄၄၈ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၄၇၆ သိန်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။               

Most Read

Most Recent