“ကျွန်တော်ကတော့ ၁၂ ပွဲဈေးသည်ကို ၁၂ ပွဲဈေးသည်လို့ ခေါ်တာပဲ သဘောကျတယ်ဗျာ။ ဘယ်လောက် မြန်မာဆန်သလဲ။ ဒီဝေါဟာရထက် ပိုပြည့်စုံတာမရှိတော့ဘူးလို့ ကျွန်တော်ထင်တယ်”ပုဂံ၏ပြာသိုသည် အေးလိုက်၊ အိုက်လိုက်ဖြင့်ရှိနေစဉ် တစ်နေ့သော ညချမ်း၏ ပွဲဈေးတန်းအကြော်ဆိုင်၌ မိတ်ဆွေဖြစ်သူ ၁၂ ပွဲဈေးသည်တစ်ဦးရင်ဖွင့်လာသော အသံဖြစ်သည်။ကျွန်တော်တို့ဆီတွင် ပြာသိုပွဲခေါ် ပုဂံအာနန္ဒာဘုရားပွဲ ကျင်းပနေချိန်ဖြစ်သည်။ အေဒီ ၁၁ ရာစုတွင် ကျန်စစ်သားမင်းကြီး တည်ထားကောင်းမှုပြုခဲ့သော ပုဂံအာနန္ဒာဘုရားကြီးသည် ဗိသုကာအနုပညာလက်ရာများဖြင့် ကမ္ဘာထိတိုင်အောင် ဂုဏ်သတင်းကျော်ဇောသကဲ့သို့ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပသော ပြာသိုပွဲတော်သည်လည်း ထင်ရှားကျော်ကြားသော ပွဲတော်ကြီး ဖြစ်သည်။ပြာသိုလဆန်းမှသည် လကွယ်ထိတိုင် ကျင်းပသောပွဲတော်ကြီးတွင် ပုဂံညောင်ဦးနယ်တစ်ဝိုက် ကျေးရွာများမှ ညအိပ်ညဉ့်နေလာသော ရွာသူရွာသားများ၏ လှည်းဝိုင်းဓလေ့သည် ယနေ့ခေတ်ကာလတိုင် ကြွင်းကျန်တည်ရှိနေသေးသည်။ ထို့အတူ အာနန္ဒာဘုရားရှေ့ လဟာပြင် မြေကွက်လပ်အတွင်း ခင်းကျင်းထားသည့် အနယ်နယ်အရပ်ရပ်မှ ဈေးဆိုင်တန်းများသည်လည်း အရပ်လေးမျက်နှာ တစ်နံတစ်လျား။ စားသောက်ကုန်၊ လူသုံးကုန်၊ ခေတ်မီအသုံးအဆောင်၊ တောင်သူလုပ်ငန်းသုံးကိရိယာများ၊ ရိုးရာစားသောက်ဖွယ်ရာများ စသည်ဖြင့် လိုလေသေးမရှိ။ ယနေ့ခေတ်ကာလကဲ့သို့ ဖုန်းကင်မရာ၊ အိတ်ဆောင်ကင်မရာများ မှိုလိုပေါက်နေသည့်ကာလမှာပင် အစဉ်အလာမပျက် တစ်နယ်တစ်ကျေးမှ လာရောက်ခင်းကျင်းနေသည့် ဓာတ်ပုံတိုက်ပါသည်။ ကလေးများအတွက် ပျော်ရွှင်ဖွယ် ချား၊ ရဟတ်၊ ပင်လယ်ဓားပြလှေ စသည်များလည်း သူ့နေရာနှင့်သူ။ကြေးဆိုင်၊ သံဆိုင်၊ ပရိဘောဂဆိုင်၊ ဆန်ကော၊ ဆန်ကာ၊ ခြင်း၊ တောင်း၊ နှီးဖျာ၊ သင်ဖြူးဖျာ၊ ထမ်းပိုး၊ ထမ်းဆံမှသည် ပြောင်းဖူးဖက်၊ ဆေးရွက်ကြီး စသော အညာဒေသထွက်ကုန်၊ လူသုံးကုန်များ အောက်ပြည်အောက်ရွာမှ လာသော ငါးပိ၊ ငါးခြောက် စားသောက်ကုန်ပစ္စည်းများ၊ နယ်စပ်ဒေသများမှလာသော အဝတ်အထည်များ၊ အသုံးအဆောင်များ စသည်ဖြင့် နယ်တကာမှဈေးသည်များ စုံစုံလင်လင်ရှိလှသည်။ထားတော့။ကနဦးကဆိုခဲ့သည့် ကျွန်တော့်မိတ်ဆွေ ၁၂ ပွဲဈေးသည်၏ ရင်တွင်းစကားကို ပြန်သွားချင်ပါသည်။လွန်ခဲ့သည့် လေးငါးဆယ်နှစ်လောက်မှစတင်၍ ကျွန်တော်သည် ပွဲတော်ဈေးများသို့ ရောက်တိုင်း ဈေးသည်တို့၏ ရင်ဝယ်ကိန်းအောင်းနေသော ခံစားချက်တစ်ခုကို အကဲခတ်မိလာသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် စေတီပုထိုးများ ပေါကြွယ်သည်နှင့်အညီ ရိုးရာအစဉ်အလာမပျက်ကျင်းပသော ဘုရားပွဲတော်များရှိသည်။ လောကနန္ဒာ၊ မြစေတီ၊ မနူဟာ၊ ရွှေစည်းခုံ၊ အလိုပြည့်၊ အာနန္ဒာစသည်ဖြင့် ဗုဒ္ဓပူဇနိယပွဲတော်များ ဇယ်ဆက်သကဲ့သို့ ရှိသည်။ ထိုပွဲတော်များတွင် သတင်းဆောင်းပါးရေးဖို့အတွက် ပွဲတော် ဈေးသူ၊ ဈေးသားများနှင့် သွားရောက်တွေ့ဆုံသည့်အခါတိုင်း သူတို့တစ်တွေ ဂရုပြုမှာတတ်တာ တစ်ခုရှိသည်။“ကျွန်တော်/ကျွန်မတို့ကို ၁၂ ပွဲဈေးသည်လို့ မသုံးပါနဲ့”ဟူ၍။“ဒါဖြင့်ဘယ်လိုသုံးရမလဲဗျ”ကျွန်တော်က ပြန်မေးသောအခါ သူတို့ကတညီတညာတည်း ဖြေလေ့ရှိသည်ကား “နယ်လှည့် ဈေးသည်များအဖွဲ့”ဟုသာ။၁၂ ပွဲဈေးသည်ဟူသော အသုံးအနှုန်းကို ဈေးသည်များ ဘာကြောင့်မနှစ်သက်ကြတော့သနည်း။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက၊ ကျွန်တော်တို့မိဘများ ငယ်စဉ်ကတည်းက သုံးနှုန်းခဲ့သော ၁၂ ပွဲဈေးသည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ တစ်နှစ်ပတ်လုံး၊ ၁၂ ရာသီကာ လပတ်လုံးပွဲတော်များရှိသည်။ အညာတွင်လည်း ရှိသည်။ အောက်ပြည်၊ အောက်ရွာတွင်လည်း ရှိသည်။ ထိုပွဲတော်များတွင် လိုက်လံ၍ နယ်တကာလှည့်ဈေးရောင်းကာ ဝမ်းစာရှာဖွေစားသောက်နေရသူ၊ စီးပွားရှာနေသူများကို ၁၂ ပွဲဈေးသည်ဟု ခေါ်ကြသည်။တစ်နည်းအားဖြင့် ၁၂ ရာသီပွဲတော်များတွင် ၁၂ ရာသီပတ်လုံး နယ်လှည့်၍ ဈေးရောင်းနေသူကို တင်စားသည့်အနေဖြင့် ၁၂ ပွဲဈေးသည်ဟုခေါ်ခြင်းဖြစ်မည်ဟု ကျွန်တော်ယူဆသည်။ မန္တလေးမှအမေ လူထုဒေါ်အမာသည်ပင် ၁၂ ပွဲဈေး နှင့် အညာဘုရားပွဲများအကြောင်း စာအုပ်တစ်အုပ် ရေးသားခဲ့သေးသည်။ ၁၂ ပွဲဈေးသည်ဆိုသည်မှာ နေရာအတည်တကျနေထိုင်နိုင်ကြသူတွေမဟုတ်ဘဲ ရွှေ့ပြောင်းသွားလာနေကြသူများဖြစ်လို့ ဆရာမကြီးက ဇင်္ဂမသမားတွေဟုတောင် တင်စားခဲ့သေးသည်။ကျွန်တော်သည် ပြာသိုပွဲ၏ ဈေးတန်းများကို နှစ်စဉ်သွားရောက်လည်ပတ်နေကြဖြစ်သည်။ သံထည်တန်းဆိုလျှင်လည်း စူး၊ ဆောက်၊ လွှ၊ ကပ်ကြေး၊ ဓားအမျိုးမျိုး၊ သံထည်အမျိုးမျိုး၊ သေတ္တာအမျိုးမျိုး။ မြင်းခြံ၊ တောင်သာ၊ ပခုက္ကူနယ်အသီးသီးမှ လာရောက်ရောင်းချကြသော ဆိုင်တန်းများသည် တစ်နံတစ်လျား။“ဦး----၊ဒေါ်----တို့၏ သား၊ဦး---၊ဒေါ်-----တို့၏မြေး သံထည်ပစ္စည်းအရောင်းဆိုင်၊---မြို့”သည်ဆိုင်ဟာတော့ဖြင့် သံထည်၊ ကြေးထည်ပစ္စည်းများကို ဘိုးဘွားစဉ်ဆက်၊ မျိုးရိုးစဉ်ဆက် ရောင်းချလာသည့်သူများဖြစ်ကြောင်း၊ ယုံကြည်စိတ်ချစေလိုကြောင်း၊ မိဘများသည်လည်းကောင်း၊ အဘိုးအဘွားများသည်လည်းကောင်း ပုဂံ၊ အာနန္ဒာဘုရားပွဲတော်ကြီးတွင် ရောင်းချခဲ့သူများဖြစ်ကြောင်း ယုံကြည်မှုတည်ဆောက်သည့်အနေဖြင့် ချိတ်ဆွဲထားကြသည်။ ဒေသခံများ၊ ပွဲတော်လာဈေးဝယ်သူများသည်လည်း မိဘများ၊ အဘိုး၊ အဘွားများ၊ ဦးကြီး၊ ဒေါ်ကြီး၊ ဆွေမျိုးသားချင်းများ ညွှန်ဆိုလိုက်သည့်ဆိုင်များမှပင် ယုံကြည်အားထားစွာ ဝယ်ယူကြသည်။“လာကြ. . .ရေနွေးကြမ်းအရင်သောက်ဦး၊ လက်ဖက်၊ ပဲကြော်လေး ဝါးလိုက်ဦး။ ပြီးမှ ရွေးစရာရှိတာ ရွေး၊ ဝယ်စရာရှိတာ ဝယ်။ အချိန်အစောကြီးရှိပါသေးတယ်”“လာ. . .အရီးတို့က ရွာသစ်ကုန်းကမို့လား။ ဒေါ်ထွေးရီတို့ နေကောင်းကြလား။ ဒွေးဒေါင်းတို့အဖွဲ့တွေ မလာကြသေးဘူးလား။ အရင် လပြည့်ကျော်ရင်လာနေကြ။ အကြော်စားလှည့်ဦး။ ပူပူနွေးနွေးလေး။ ဈေးစကားနောက်မှပြောနေ”“လိုတာရှိယူသွား . . .ပိုက်ဆံနောက်မှပေး။ ဒီလူ့ . . . ဒီလူတွေ နောက်မတွေ့ရမယ့် လူတွေမဟုတ်ဘူး”အထက်ပါစကားများသည် ပွဲတော်ဈေးအတွင်း လမ်းလျှောက်ရင်း၊ လည်ရင်းပတ်ရင်း ဒေသခံများ၊ တောင်သူများနှင့် ၁၂ ပွဲဈေးသည်များ၏ ပြောဆိုဆက်ဆံနေသံဖြစ်သည်။ အထူးသဖြင့် တောင်သူလုပ်ငန်းသုံး ဆိုင်တန်းများဘက်ရောက်လျင် အများဆုံးကြားရသော အသံများဖြစ်သည်။ ဈေးသည် သည် ဈေးစကားအရင်မပြော။ အဝေးမှလာသူကို နှုတ်ဆက်ပဋိသန္ဓာရစကားဦးစွာ ဆိုသည်။ နေထိုင်ကောင်းကြရဲ့လား၊ တောင်သူလုပ်ငန်း၊ ထန်းလုပ်ငန်း အဆင်ပြေကြရဲ့လားမေးသည်။ ရေနွေးကြမ်း၊ လက်ဖက်၊ ပဲကြော်မှသည် ပွဲဈေးတန်းမှအကြော်၊ မုန့်ပျားသလက်၊ ကောက်ညှပေါင်းပေါင်း၊ ငါးခြောက်ဖုတ်စသည်တို့ဖြင့် ဧည့်ခံလိုက်သေးသည်။ နှစ်စဉ် နှစ်တိုင်း ဤ နေရာ၊ ဤထောင့်၊ ဤဆိုင်ခန်းတွင် လာရောက်ခင်းကျင်းနေကြဖြစ်သောကြောင့် ရောင်းသူနှင့် ဝယ်သူတို့ မျက်မှန်းတန်းမိနေကြသည်။ ရင်းနှီးကျွမ်းဝင်ထားကြပြီ။ ဤသည်မှာ ၁၂ ပွဲ ဈေးသည်နှင့် ဒေသခံများ၏ ယုံကြည်မှုဖြစ်သည်။ဒေသခံများ အလုပ်အကိုင်၊ တောင်သူလုပ်ငန်းအဆင်ပြေလျှင် ၁၂ ပွဲဈေးသည်များ ရောင်းကောင်းသည်။ ဘုရားပွဲတော်ကျင်းပသည့် ဘုရားတွင် ၁၂ ပွဲဈေးသည်များ၏ အလှူဒါနများများ ရောက်သည်။ ဒေသခံများ အလုပ်အကိုင်မကောင်းလျှင်၊ မိုးခေါင်သည့်အတွက် တောင်သူလုပ်ငန်းအရှုံးပေါ်လျှင် ၁၂ ဈေးဆိုင်တန်းများသည်လည်း ခြောက်ခြောက်သွေ့သွေ့ဖြစ်ရာ ၁၂ ပွဲဈေးသည်များသည် ဒေသတစ်ခု၏ ပုံရိပ်၊ မြို့တစ်မြို့၏ပြယုဂ်လည်း ဖြစ်သည်။ ၁၂ ပွဲဈေးသည် တောနှင့်မြို့ ပြတို့၏ ကုန်စည်စီးဆင်းရာ၊ လူမှုစီးပွားရေးအတွက် ယုံကြည်မှုတည်ဆောက်ရာ အဓိကကျသော နေရာတစ်ခုဖြစ်သည်။ ဆိုရလျှင် ၁၂ ပွဲ ဈေးသည် မြန်မာတို့၏ လူမှုစီးပွားရေးတွင် ယုံကြည်အားထားရဖွယ်ကောင်းသော၊ ချစ်ခင်နှစ်လိုဖွယ် ရွေ့လျားနယ်လှည့် ကုန်တိုက်ကြီးဆိုလည်း မမှားပေ။သို့သော် . . . စာပေပညာရှင်များ စွဲမက်စွာခေါ်ဝေါ်သုံးစွဲနေသော ၁၂ ပွဲဈေး၊ မြန်မာတို့၏ နှုတ်ဖျားတွင် နေသားကျနေပြီဖြစ်သော ၁၂ ပွဲဈေး၊ ၁၂ ပွဲဈေးသည်ဆိုသော အသုံးအနှုန်းဝေါဟာရကို လက်ရှိရောင်းချနေကြသော ၁၂ ပွဲဈေးသည်အချို့ဘာကြောင့် အမည်ပြောင်းချင်နေကြပါလိမ့်။ ဘာကြောင့် “နယ်လှည့်ဈေးသည်များအဖွဲ”ဟု ခေါ်ဝေါ်သုံးစွဲလိုသော ဆန္ဒဖြစ်ပေါ်နေကြပါလိမ့်။မြန်မာစာအဘိဓာန်တွင်မူ“ဆယ့်နှစ်ပွဲဈေးသည်/ဆယ့်နှစ်ပွဲဈေး ဆိုသည်ကို မတွေ့ရသော်လည်း ဆယ့်နှစ်ပွဲသမား၏ အဓိပ္ပာယ်ကို ဖော်ပြထားသည်။ အဓိပ္ပာယ်မှ ဆယ့်နှစ်ပွဲသမားဟူသည် ပွဲတကာလှည့်၍ လောင်းကစားသူ”ဟူ၍ဖြစ်သည်။သို့ရာတွင် ဤအကြောင်းသည် ခိုင်လုံလှသည်ဟု ကျွန်တော်မထင်ပါ။ ရှေးရိုးစဉ်ဆက် ၁၂ ပွဲဈေးသည်ဆိုသည်ကို အပြစ်အနာအဆာမရှိ သုံးစွဲခဲ့ကြသည်။ မြန်မာရိုးရာဓလေ့ ၁၂ လရာသီပွဲတော်များကို အကြောင်းပြုကာ ဖြစ်ပေါ်လာသည်ဟု ကျွန်တော်ယုံကြည်သည်။စဉ်းစားမိတာ တစ်ခုတော့ရှိသည်။ တောရောမြို့ပါ ကြုံတွေ့လာရသော လူဦးရေတိုးပွားလာမှု၊ မြေယာဈေးနှုန်းများ နေရာအနှံ့ကြီးမြင့်လာကာ အိမ်မဲ့၊ မြေမဲ့၊ ယာမဲများ တိုးပွားလာမှု၊ အလုပ်အကိုင်ရှားပါးလာမှု၊ ပညာမဲ့မှု၊ ဆင်းရဲမွဲတေမှုစသည့် ပြဿနာများ၏ နောက်ကွယ်တွင် ဦးတည်ရာမဲ့၊ အနာဂတ်မဲ့ဖြစ်နေရှာသော လူတန်းစားတစ်ရပ် ဖြစ်ပေါ်လာမည်။ အညာကျေးလက်များတွင် နေ့နေ့ညည ခင်းကျင်းထားသည့် ၁၂ ပွဲဈေးသည်များဖြင့် စည်ကားလှသော ပွဲတော်ကြီးများသည် အနာဂတ်မဲ့၊ ဦးတည်ရာမဲ့သူတို့၏ ခိုလှုံရာတစ်ခု ဖြစ်လာသည်။ သူတို့တစ်တွေသည် ၁၂ ပွဲဈေးသည်များနောက် ဝယ်ဗိုင်းရပ်စ်ပမာ၊ ကပ်ပါးပိုးမွှားကောင်များပမာ တွယ်ကပ်ပါတတ်သည်။ဗိုင်းရပ်စ်ပမာ တွယ်ကပ်ပါလာ သူများ၏ ဖန်တီးတတ်သော ပြဿ နာများကြောင့် ၁၂ ပွဲဈေးသည်များ၏ ပုံရိပ်သည် ထိခိုက်ခံလာရသည်။ ပွန်းပဲ့ခဲ့ရသည်။ ကျဆင်းခဲ့ရသည်။ နောက်ဆုံးတွင် ဈေးသူ၊ ဈေးသားများ ကိုယ်တိုင် ၁၂ ပွဲ ဈေးသည်ဟူ၍ ခေါ်ဝေါ်သုံးစွဲခံနေရမှုအပေါ် စိုးရိမ်စိတ်ဝင်လာကြတော့သည်။ဆိုရလျှင် ၁၂ ပွဲ ဈေးသည်ဟူသည် မြန်မာ့လူမှုဝန်းကျင်တွင် အစဉ်အလာကောင်းသော၊ ယုံကြည်အားထားရသော၊ ချစ်ခင်နှစ်လိုဖွယ်ကောင်းသော ရွေ့လျားလူ့အဖွဲ့အစည်းကြီးတစ်ရပ်ပင် မဟုတ်ပါလား။ မြန်မာ့လူမှုဝန်းကျင်တွင်၁၂ ရာသီပွဲတော်များနှင့် ၁၂ ပွဲဈေးသည်များ ၏ ယဉ်ကျေးမှုထာဝရရှင်သန်ဖွံ့ဖြိုးစေချင်ပါသည်။
မြန်မာလူမှုဘဝထဲမှ ၁၂ ပွဲ ဈေးသည်
Most Read
Most Recent
8 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago