နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းဆိုတာ အဲဒီနိုင်ငံမှာရှိကြတဲ့ ပြည်သူတွေ လျှောက်လှမ်းခဲ့ရတဲ့ ခရီးရှည်ကာလကြီးတစ်ခုမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ ကောင်းဆိုးနှစ်တန် ဖြစ်ပျက်မှုသရုပ်သကန်ပါပဲ။ဒီနေရာမှာ သမိုင်းကိုဦးဆောင်ခွင့်ရတဲ့သူတွေဟာ ဘုရင်တွေလည်း ဖြစ်ချင်ဖြစ်မယ်။ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်သူတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူတို့နိုင်ငံအပေါ်ထားတဲ့ စေတနာ၊ သူတို့ပြုလုပ်ခဲ့တဲ့ ကောင်းမှုဆိုးမှုတွေဟာ နောင်အခါမှာ မှတ်တမ်းတစ်ခုအနေနဲ့ ပြည်သူတွေရဲ့ရင်ထဲမှာ ကျန်ရစ်ခဲ့တတ်ပါတယ်။ သူတို့ကောင်းလို့ပြည်သူတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ လွတ်လပ်ပျော်ရွှင်စွာနေခဲ့ရတယ်ဆိုရင် ပြည်သူတွေရဲ့ နှလုံးသားမှာ နေရာလေးတစ်ခုရပြီး ကျန်ရစ်တတ်သလို သူတို့တွေ ဆိုးယုတ်ညံ့ဖျင်းလို့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ပြီး သောကပင်လယ်ဝေခဲ့ရမယ်ဆိုရင်တော့ ပြည်သူတွေရဲ့နှလုံးသားမှာ ပြန်တွေးတိုင်း တမျက်မျက်နဲ့ ဆူးနေတဲ့ ဒဏ်ရာလေးတွေ ကျန်ခဲ့ရပါတော့တယ်။၁၇၇၄ ခုနှစ်က ပြင်သစ်ပြည်မှာ ၁၆ ယောက်မြောက်လူဝီဘုရင် နန်းတက်ပါတယ်။ ဒီဘုရင်က အမြော်အမြင်ဉာဏ်နည်းပါးတဲ့အပြင် သူ့ကိုယ်သူ မိုးကျရွှေကိုယ်လို အထင်ရောက်ပြီး ပြည်သူတွေရဲ့ဘဝကို တစ်ဆိတ်စာလောက်ကလေးတောင်မှ ငဲ့ကွက်စာနာမှုထားတတ်သူလည်း မဟုတ်ပါဘူး။ သူနန်းတက်တဲ့အချိန်မှာ ပြည်သူတွေဟာ စားနပ်ရိက္ခာရှားပါးပြီး ငတ်မွတ်ဆွံ့ရှားလွန်းလို့ ဘုရင်ကို စားနပ်ရိက္ခာပေးပါလို့ သနားစဖွယ်တောင်းဆိုကြပါတယ်။ ဒါကို ဘုရင်က သနားစိတ်မဝင်တဲ့အပြင် လူမဆန်တဲ့အပြုအမူနဲ့ “ဟေ့ မြက်နုတွေပေါက်နေပြီလေကွာ၊ မြက်ခင်းထဲသွားပြီး စားချေကြပါလား”လို့ လှောင်ပြောင်ပြက်ရယ်စကားနဲ့ မတော်မတရား ပြောလိုက်ပါသေးတယ်။ အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကားနဲ့အညီ ဘုရင်နဲ့တစ်သဘောတည်းကိုက်ညီပြီး တစ်လေသံတည်းထွက်ခဲ့တဲ့သူကတော့ သူ့မိဖုရား “အင်တွိုင်နက်”ပါပဲ။ သူ့ရဲ့ပြည်သူအပေါ် ပြောလိုက်တဲ့ သမိုင်းတွင်စေမယ့် စကားကတော့ “ပေါင်မုန့်မရှိရင် ကိတ်မုန့်သွားစားကြပါလား..ဟဲ့”ဆိုတဲ့ စကားတစ်ခွန်းပါ။သမိုင်းဆိုတာ ပြည်သူတွေရဲ့ နှလုံးသားမှာ မှတ်ကျောက်တင်တဲ့ ကမ္ပည်းမော်ကွန်းပါ။ ဘုရင်တွေရေးတဲ့ ကျောက်စာတွေဆိုတာကတော့ သမိုင်းရဲ့ အထောက်အထားမျှသာပါပဲ။ ဒါကို မသိနားမလည်သူတွေကတော့ ဘုရင်ရေးတဲ့ သမိုင်းကိုသာ ပြည်သူတွေက ဆက်ခံကြရမယ်လို့ ထင်စရာပါပဲ။ လုံးလုံးလွဲတော့မှာပါပဲ။ ပြည်သူတွေက သမိုင်းကို ကျောက်စာမှာမရေးပါဘူး။ နှလုံးသားကနေတစ်ဆင့် နောင်လာနောက်သားတွေကို ဆင့်ပွားဖြန့်ဝေပေးခဲ့တာပါ။ အဲဒီခေတ်မှာရှိတဲ့ ပြည်သူ့စာဆိုတွေဟာ သမိုင်းကို မှတ်တမ်းတင်ပါတယ်။ ဘယ်ဘုရင်ကမှ ဗိုလ်ကျပြီး သမိုင်းကို ပြောင်းပြန်လှန်ပစ်လို့ မရပါဘူး။မြန်မာရာဇဝင်မှာ ထင်ရှားခဲ့တဲ့အဖြစ်အပျက်တစ်ခုကတော့ မင်းကြီးရန်နောင်နဲ့ သိုဟန်ဘွားတို့ ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့ သမိုင်းမှတ်တမ်းလေးတစ်ခုပါပဲ။ အချို့က ဒီအရေးအခင်းကို ရှမ်းနဲ့ဗမာလူမျိုးရေးပဋိပက္ခလို့ ဆိုချင်ဆိုကြပါလိမ့်မယ်။ အမှန်တော့ ဒီလိုမဟုတ်ပါဘူး။ပဒေသရာဇ်ခေတ်မှာ ရှမ်းလည်း ရှမ်းအလျောက်၊ မွန်လည်း မွန်အလျောက်၊ ရခိုင်လည်း ရခိုင်အလျောက်၊ ဗမာလည်း ဗမာအလျောက် သူ့အရပ်ကိုသူစွဲပြီး တန်ခိုးဩဇာကြီးထွားအောင် စစ်ပြုပြီး အားပြိုင်ကြတာမို့ ဒီဘုရင်တွေ အာဏာလွန်ဆွဲရာနောက်ကို ဗမာရော မွန်ရော၊ ရှမ်းရော၊ ရခိုင်ရောအတူတူ ပါကြရတာချည်းပါပဲ။ မွန်ဘုရင်ကောင်းရင် ဗမာပြည်သူတွေလည်း ချမ်းသာတာပါပဲ။ ထို့အတူ ဗမာဘုရင်ကောင်းရင်လည်း ရခိုင်ရော ရှမ်းပါ ချမ်းသာရာရစမြဲပါပဲ။အင်းဝပျက်တော့ အင်းဝထီးနန်းကို ရှမ်းလူမျိုး သိုဟန်ဘွား စိုးစံပါတယ်။ သူက ရက်စက်တဲ့စိတ်ရှိသူဖြစ်သလို ကြမ်းလဲကြမ်းကြုတ်ပါတယ်။ အဆိုးဆုံးကတော့ ဘာသာရေးနဲ့ပတ်သက်ပြီး အယုံအကြည်မရှိသူဖြစ်သလို သူတစ်ပါးယုံကြည်ကိုးကွယ်တဲ့ဘာသာရေးကို ပျက်စီးအောင် ချိုးနှိမ်တတ်သူလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဘာသာရေးဆိုတာ လူမျိုးတစ်မျိုးအတွက် အထင်သေးစရာ ဖြစ်ကောင်းဖြစ်နေပေမယ့် အဲဒီဘာသာကို ကိုးကွယ်ကြသူတွေအနေနဲ့ကတော့ သူတို့ရဲ့ အထွတ်အမြတ်ထားရာ ယုံကြည်မှုတစ်ခုဖြစ်လို့ လူတိုင်းသတိထားသင့်တဲ့အချက်က ကိုယ်မယုံကြည်လို့ မကိုးကွယ်ချင်နေနိုင်တယ်။ ဒါပေမဲ့ သူများဘာသာကိုတော့ မစော်ကားသင့်ဘူးဆိုတာပါပဲ။အခုလည်း သိုဟန်ဘွားက သူ အင်းဝထီးနန်းကိုရတာနဲ့ တစ်ပြိုင်နက် စေတီပုထိုးတွေကို ဘုရားမဟုတ်ဘူး၊ မြန်မာတွေသိမ်းထားတဲ့ ဥစ္စာရွှေ၊ ငွေတွေပဲလို့ပြောပြီး ဌာပနာတွေကို ဖောက်ယူပါတယ်။ သံဃာဆိုတာကလည်း မယားမရှိ၊ သားမရှိ တပည့်တပန်းတွေအများကြီးနဲ့ အချိန်မရွေး သူပုန်ထပြီးပုန်ကန်နိုင်တယ်လို့ယူဆပြီး စစ်ကိုင်း၊ ပင်းယ၊ အင်းဝတစ်ပတ်လည်မှာရှိတဲ့ သံဃာတွေကို ဆွမ်းလုပ်ကျွေးမယ့်ဟန်နဲ့ တောင်ပလူလယ်ပြင်မှာ မပ်ထိုးပြီးပင့်ပါတယ်။ သံဃာစုံလောက်တော့မှ ဆင်မြင်းဗိုလ်ပါဝန်းရံပြီး သတ်တော့တာပါပဲ။ဒီလုပ်ရပ်ကြောင့် နန်းတွင်းရေးဟာ မငြိမ်မသက်ဖြစ်လာပါတယ်။ အခါများစွာမှာလည်း သိုဟန်ဘွားရဲ့ ယုံကြည်အားထားရတဲ့ လူရမ်းကားတွေက မြန်မာအမှူးအမတ်တွေကို မထီမဲ့မြင်နဲ့ လှောင်ပြောင်ပြက်ရယ်ပြုပါတယ်။ ကြာတော့ မခံမရပ်နိုင်ဖြစ်လာတဲ့ မြန်မာတွေက မင်းကြီးရန်နောင်ကို တိုင်ပါတယ်။ ဒီပုံဖြင့် နိုင်ငံပျက်တော့မယ့်အရေးကို ကြုံရနိုင်တာမို့ ဒီအတိုင်းဖြင့် မသင့်တော်ဘူးလို့တွေးပြီး မင်းကြီးရန်နောင် ကြံပုံက။သက္ကရာဇ် ၉ဝ၄ ခုနှစ် “မနော်ရမ္မာ” ဥယျာဉ်မှာ ယာယီစံနန်းတော်ဆောက်လုပ်စေပြီး သိုဟန်ဘွားကို မြန်မာဘုရင်တို့ ပြုမြဲထုံးစံဖြစ်ပါသည်ဟု လျှောက်ကာ ပင့်ဖိတ်ပါတယ်။ ဒီလို မပင့်ဖိတ်ခင်မှာ မြန်မာအမှူးအမတ်တို့ကိုမှာပုံက မင်းတို့စွဲသည့်ဓားကို အမှတ်အသားပြု၍ ကိုယ့်နေရာမှာ ကိုယ်ဝှက်ထားကြ၊ ကိုယ့်ဓားပေါ်မှာ ကိုယ်ရှိကြစေ။ ငါကထ၍ ဦးစွာခုတ်လျှင် မင်းတို့လည်း မတရားမင်း၏ အသင်းအပင်းတို့ကို ခုတ်ကြတော့ဟု မှာထားလေသည်။အချိန်ကျ၍ သိုဟန်ဘွားရောက်လာလျှင် မြန်မာတို့လည်း လက်နက်မပါ အယဉ်အကျေးလိုက်၍ ရာထူးအလျောက် ခစားကြလေသည်။ မင်းကြီးရန်နောင်လည်း မိမိလက်သို့ဓားရောက်အောင် တစ်မျိုးကြံဆောင်ပုံကား သိုဟန်ဘွားနှင့် ဓားအကြောင်းကစ၍ စကားနှောလေသည်။ ကျွန်တော်မျိုး၏အစ်ကို အရှင်နရပတိ၏ ဓားသည် အင်မတန်ပြတ်ရှလွယ်၏။ ဆင်ပေါ်မှ လူကိုခုတ်သည်ရှိသော် လူကိုခြမ်း၍ ဆင်ကကိုပါပြတ်ကာ ဆင်ကိုပင်ထိသည်ဆိုသော် သိုဟန်ဘွားလည်း ဓားကောင်းပေပဲဟုချီးမွမ်းကာ အကယ်၍ ထိုဓားကို မြင်သည်ရှိသော် မှတ်မိပါဦးမည်လောဟုမေး၏။ အရှင့်ဓားကိုကျွနု်ပ်စွဲကိုင်ရသည်သာ များသည်။ မြင် သော်မှတ်မိ၏ဆိုသဖြင့် မင်းစဉ်သုံးဓားအစုကို ယူ၍ပြစေ၏။ ဤတွင် မှ ရွှေနန်းကြော့ရှင်သုံးသောဓားသည် ဤဓားပါပဲဟုဆိုကာ အပုံထဲမှ ကောက်ယူ၍ ညွှတ်ကိုင်းဟန်ပြုကာ ခုတ်လေတော့သည်။ လူကိုခြမ်း၍ ဝါးပိုးတိုင်နှင့်တကွ ကြမ်းငါးချောင်းပါပြတ်သောဟူ၏။ ဤတွင်မြန်မာတို့လည်း နီးရာမတရားမင်း၏ အသင်းအပင်းတို့ကို သောသောရုတ်ရုတ်ခုတ်ကြလေရာ သိုဟန်ဘွား၏ နန်းဆက်ပြတ်ရလေတော့သည်။သိုဟန်ဘွား အနိစ္စရောက်၍ ကျန်လူအများပြေးကြလျှင် အမှူး အမတ်တို့က မင်းကြီးရန်နောင်ကို မင်းပြုတော်မူပါဟုလျှောက်၏။ အလွန်ရတောင့်ရခဲစည်းစိမ်ဖြစ်သည် မှန်သော်လည်း မင်းကြီးရန်နောင်ကား မင်းစည်းစိမ်ကို အလိုရှိသူမဟုတ်။ တိုင်းသူပြည်သားတို့၏ ဆင်းရဲဒုက္ခကို မမြင်ရက်သဖြင့်သာ ဒီအရေးအခင်းတွင် ကိုယ်တိုင်ဦးဆောင်ရသော်လည်း သစ္စာစောင့်သူဖြစ်၏။ တော်တည့်ဖြောင့်မှန်သူဖြစ်သည့် အားလျော်စွာ ပွဲလန့်တုန်း ဖျာခင်းလိုစိတ် အလျင်းမရှိချေ။ ထို့ကြောင့် အင်းဝထီးနန်းကို မှန်မှန်ကန်ကန် နှင့် ဖြောင့်မတ်မှန်ကန်စွာ အုပ်ချုပ်နိုင်မည်ဟုအထင်ရှိသည့် အုန်းဘောင်ခုံမှိုင်းကို မင်းပြုတော်မူပါဟု လျှောက်၏။ အုန်းဘောင်ခုံမှိုင်းလည်း အင်းဝထီးနန်းကို သက္ကရာဇ် ၉ဝ၄ ခုနှစ် ဝါဆိုလတွင်တက်၍ မင်းပြုစိုးစံလေသည်။အုံးဘောင်ခုံမှိုင်းလည်း ရှမ်းလူမျိုးသာဖြစ်လေရာ မြန်မာတို့၏စိတ်တွင် မည်သည့်လူမျိုးဟူ၍အစွဲမရှိ။ တိုင်းပြည်ကောင်းလျှင် ပြီးစတမ်းဟူ၍သာ သဘောထားခဲ့ကြောင်း ပေါ်လွင်လှပေတော့သည်။ ဤကား သမိုင်းတွင် မြန်မာနှင့်ရှမ်းတို့ ချစ်ခင်စွာအတူတကွ တိုင်းပြည်ကို တည်ဆောက်ခဲ့ကြကြောင်း ကောင်းမြတ်သော သမိုင်းမှတ်တမ်းပေတည်း။ ထိုသမိုင်းကို မြန်မာပြည်သူများကပင် ရေးခဲ့ကြောင်းပေါ်လွင်လှ၏။
သမိုင်းကို ပြည်သူတွေကသာ ရေးပါသည်
Most Read
Most Recent
7 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago