နိုင်ငံတစ်နိုင်ငံမှာ တရားစီရင်ရေး မဏ္ဍိုင်ဟာ အရေးအကြီးဆုံး မဏ္ဍိုင်တွေထဲက မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်တဲ့အခါမှာ နိုင်ငံလည်း နစ်နာရသလို နိုင်ငံသူ၊ နိုင်ငံသားတွေလည်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာရမှု၊ လူထုအကြား ပြောဆိုဝေဖန်မှုတွေ ရှိလာနေတဲ့ တရားရေးမဏ္ဍိုင်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
“အာဏာရှင်တွေရဲ့ ခိုင်းစေမှုနောက်ကို တရားစီရင်ရေးက လိုက်ရတဲ့အတွက် တရားစီရင်ရေးက မလွတ်လပ်တော့ဘဲ ပျက်သွားတယ်လို့ပြောတာ ဖြစ်ပါတယ်”မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်းမေး ။ လက်ရှိမှာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လူထုကြားထဲ ပြောဆိုနေတာက ယုံကြည်မှုတွေ လျော့နည်းလာသလိုတွေ ပြောသံတွေကို ကြားလာရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အရင်ဆုံး ပြောပြပေးပါလား ဆရာ။ဖြေ ။ လူထုရဲ့ ယုံကြည်မှု လျော့တယ် ဆိုတာကိုတော့ ငြင်းမရတဲ့ အကြောင်းအမှန်ပဲ။ အခုမှ ယုံကြည်မှုလျော့တာ မဟုတ်ဘူး။ ၁၉၆၂ အာဏာသိမ်းပြီးတဲ့ နောက်ကတည်းက စလျော့လာလိုက်တာ တရားစီရင်ရေးစနစ်ကြီး ပျက်သွားတာ နှစ်ပေါင်း ၄၀ လောက် ရှိသွားပြီ။ မဆလခေတ် ဆိုရှယ်လစ်တရားစီရင်ရေး လုပ်တာကနေ စပျက်ရင်း နောက် ၈၈ ကျတော့ လုံးဝပျက်သွားတယ်။မေး ။ တရားစီရင်ရေးဟာ အရေးကြီးတဲ့ မဏ္ဍိုင်တစ်ခုမှာ ပါနေတော့ ဒီလိုယိမ်းယိုင်သွားတာ၊ ဒီလိုပျက်သွားတာကြောင့် နိုင်ငံအတွက် ဘယ်လောက်အထိ ဆုံးရှုံးစေပါသလဲ။ နိုင်ငံသူ၊ နိုင်ငံသားတွေ အတွက်ရော ဘယ်လောက်အထိ နစ်နာမှုတွေရှိလဲ ဆိုတာကိုလည်း ပြောပြပေးပါဦး။ဖြေ ။ နစ်နာတယ်ဆိုတာ မပြောခင်မှာ တရားစီရင်ရေး ဘယ်လိုပျက်တာလဲ ဆိုတာကို အရင်ပြောပါမယ်။ တရားစီရင်ရေး ပျက်တယ် ဆိုတာမှာ တရားသူကြီးတွေကတော့ ပျက်ချင်လို့ ပျက်တာတော့ မဟုတ်ဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ စစ်အုပ်ချုပ်ရေး စနစ်ကနေ စပြီး လုပ်လိုက်တဲ့ အခါမှာ စနစ်ကနေ စပြီး ပျက်သွားတာပဲ။ စနစ်နောက်မှာ လူတွေက လိုက်သွားတာ။ စနစ်ရဲ့ ခိုင်းစေမှုပေါ့။ အာဏာရှင်တွေရဲ့ ခိုင်းစေမှုကြောင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးက ပျက်သွားရတာ။ ဘာကြောင့်ပျက်ရလဲဆိုတော့ အာဏာရှင်တွေရဲ့ ခိုင်းစေမှုနောက်ကို တရားစီရင်ရေးက လိုက်ရတဲ့အတွက် တရားစီရင်ရေးက မလွတ်လပ်တော့ဘဲ ပျက်သွားတယ်လို့ ပြောတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘာနစ်နာလဲဆိုတော့ တိုင်းပြည်မှာ တရားစီရင်ရေးမဏ္ဍိုင် ပျက်ပြီ ဆိုမှတော့ တောတွင်း ဥပဒေတွေ ဖြစ်ကုန်တယ်။ အထက် အာဏာပိုင်တွေ ခိုင်းတာဆိုရင် မျက်စိမှိတ်ပြီး မမှိတ်မသုန် လုပ်မယ်။ ပြည်သူလူထု ဆန္ဒနဲ့ ကိုက်ကိုက် မကိုက်ကိုက် နစ်နာတာတွေ ထည့်မစဉ်းစားတော့ဘူး။ ဘာလို့လဲဆိုတော့ အထက်ကလည်းပဲ တာဝန်ပေးတဲ့ ပုဂ္ဂိုလ်တွေက သူတို့ အာဏာတည်မြဲရေးသာ အဓိက၊ ငါတို့လည်း ငါတို့ အာဏာတည်မြဲရေးကို လုပ်မယ်၊ မင်းတို့လည်း သင့်တော်သလို စားကြ၊ လုပ်ကိုင်စားကြ၊ လာဘ်စားချင်လည်းစား အဲဒီလို ဖွင့်ပေးလိုက်တယ်။ အဲဒီလို ဖွင့်ပေးလိုက်တာဟာ ဘယ်မှာထင်ရှားလဲဆိုရင် ဝန်ထမ်းတွေရဲ့ လစာကလည်း မလောက်တော့ဘူး။ မလောက်တဲ့အခါ မင်းတို့ဟာမင်း ရှာစားကြဆိုပြီး တရားစီရင်ရေးကို စပြီး ပစ်ထားလိုက်တယ်။ တရားစီရင်ရေး ပျက်တာဆိုတော့ အထင်ရှားဆုံးပေါ့နော်။ ပျက်တာက တစ်ပြည်လုံးပျက်တာ။ အားလုံးထဲမှာ အရေးကြီးတဲ့ တရားရေးစီရင်ရေး မဏ္ဍိုင်ကြီး ပျက်တာကတော့ တိုင်းပြည်မှာ အနစ်နာဆုံးပဲ။ အဲဒီတော့ တရားမျှတမှုအတွက် တရားရုံးတွေကို သွားရတယ်။ တရားမျှတမှု မရနိုင်ဘူးဆိုရင် လူတွေရဲ့ ယုံကြည်မှုလည်း မရှိတော့ဘူး။ တခြားနိုင်ငံတွေမှာ သွားကြတယ်ဆိုတာ ဆရာတို့ လေ့လာတဲ့အခါ တရားမျှတမှုတွေ ရှာဖို့အတွက် သွားကြတာ။ မြန်မာနိုင်ငံမှာ သွားကြတော့ တရားမျှတမှုဆိုတဲ့ ရှာဖို့သွားတဲ့သူက အရမ်းနည်းလာပြီးတော့ မလွှဲသာလို့ သွားရတဲ့သူ၊ ဘယ်လိုမှ မလွှဲသာလို့ သွားရတဲ့သူက များလာတယ်ဆိုတာ တွေ့လာတယ်။ တရားမျှတမှု လိုချင်စိတ်ကြောင့် သက်သက်ကို သွားတဲ့သူက ဖြစ်နိုင်ရင် မသွားတော့ဘူး။ ကိုယ့်ဟာပဲ ကြိတ်ခံလိုက်တော့မယ်။ အဲဒီလိုဆိုတဲ့ အတွက်ကြောင့်မို့ တရားစီရင်ရေးပျက်ပြီ ဆိုတဲ့အခါမှာ စီးပွားရေး ယုံကြည်စိတ်ချမှု၊ ကိုယ့်အချင်းချင်းလည်း မယုံတော့ဘူး။ နိုင်ငံတကာကလည်း မယုံတော့ဘူး။ ဒီနိုင်ငံဟာ တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ မဟုတ်ဘူးဆိုပြီး ရင်းနှီးမြှုပ်နံှမှုလည်း မလာတော့ဘူး။ အဲဒီတော့ တိုင်းပြည်ရဲ့ စီးပွားရေး ပျက်တယ်။ နောက်တစ်ခါ အချင်းချင်း ဆက်ဆံရေးတွေမှာလည်းပဲ တရားရုံးတွေ အားမကိုးရပါဘူးကွာဆိုပြီး ပြောတယ်။ တရားရုံးတွေ အားမကိုးရတဲ့အခါ လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြတယ်။ လူတစ်ယောက်ကို ရိုက်တယ်။ သတ်တယ်။ ရော့ပိုက်ဆံယူ တရားရုံးမသွားနဲ့ ဒါမျိုးတွေ လုပ်လာတယ်။ ဥပမာ အခု မြေယာပြဿနာ တွေဆိုရင် အနော်ရထာစက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန်မှာဆိုရင် သူတို့ပြောတာနော်။ အဲဒီ ကုမ္ပဏီကြီးတွေ ခရိုနီတွေက ပြောတာ။ တရားရုံးတွေ အားကိုးမရလို့ တရားရုံးတွေနဲ့ ဖြေရှင်းရင် မရတော့လို့၊ အကြောင်းမထူးလို့ သူတို့ ဒီလို အကြမ်းဖက် ဖြေရှင်းရတယ်လို့ သူတို့ပြောလာတယ်။ ဒါဟာ မကောင်းတဲ့ လက္ခဏာတွေပဲလို့ ဆရာတော့ ယူဆတယ်။ ဒါကြောင့် ပြည်သူတွေ နစ်နာတယ်ပေါ့နော်။မေး ။ ဆရာခုနက ရှင်းပြတဲ့အထဲမှာ တရားစီရင်ရေးအပေါ်မှာ အာဏာရှိတဲ့သူတွေ လွှမ်းမိုးမှုတွေ ရှိနေတယ်ဆိုတဲ့ သဘောကို သက်ရောက်တယ်လို့ ဆိုလိုတာလား ဆရာ။ အဲဒီတော့ တကယ်ပဲ လူထုကြားမှာ ပြောနေသလို အာဏာရှိတဲ့သူတွေ သက်ရောက်နေလား။ဖြေ ။ ၁၉၆၂ အာဏာသိမ်းပြီးနောက်ကစပြီး တရားစီရင်ရေး ကဏ္ဍဟာ အုပ်ချုပ်သူအောက် ရောက်သွားတာပဲ။ ၁၉၇၄ အထိကတော့ မသိသာသေးဘူး။ ၁၉၇၄ မှာ ပြည်သူ့ပါတီ ပြောင်းတယ်ဆိုပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဖွဲ့စည်းလိုက်ကတည်းက ၁၉၈၈ အထိ အဲဒါကတော့ အာဏာအောက်ကို ရောက်သွားတယ်ပေါ့။ ဒါပေမဲ့လို့ အဲဒါကလည်း သိပ်မဆိုးသေးဘူး။ အဆိုးဆုံးကတော့ ၁၉၈၈ ကနေ ၂၀၁၀ အထိကတော့ လုံး၀ စစ်အာဏာရှင်အောက်ကို ပြားပြားဝပ်ပေါ့။ အဲဒါကို မေးခွန်းထုတ်မနေနဲ့ အဲဒီအောက်မှာ လုပ်ခဲ့တဲ့ စီရင်ထုံးတွေကလည်းပဲ အတော်ကို ညံ့တယ်။ ဘာလို့လဲဆို ရဲထံမှ ထွက်ဆိုချက်က သက်သေခံဝင်တယ် ဆိုတာမျိုးတွေအထိ လုပ်လာတယ်။ ဒါတွေဟာ လုံး၀ တရားဥပဒေ ထောက်လှမ်းရေးရှေ့မှာ ထွက်ဆိုချက်ဟာ ညှဉ်းပန်းနှိပ်စက်မှု မရှိဘူးဆိုရင် သက်သေခံ ဝင်တယ်ဆိုတဲ့ စီရင်ထုံး ထွက်လာတယ်။ အဲဒီလို ဟာမျိုးတွေဟာ ၁၉၈၈ နောက်ပိုင်း ထွက်တာ။ ထောက်လှမ်းရေးရှေ့မှာ ထွက်တဲ့ ထွက်ဆိုချက်က ညှဉ်းပန်းနှိပ်စက်မှု မရှိရင် သက်သေခံဝင်တယ်ဆိုတာ ဘယ်အရူးက ယုံမှာလဲ။ အရူးတွေပဲ ယုံကြမယ်။ လူကောင်းတွေ ယုံမှာမဟုတ်ဘူး။ ထောက်လှမ်းရေးရှေ့မှာ ထွက်တဲ့ ထွက်ဆိုချက် ဘယ်လောက်ကြောက်ရမလဲ။ အဲဒီလို အင်္ဂလိပ်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ဟာက ကြောက်ရွံ့ခြင်းမရှိဘဲ ထွက်တဲ့ တရားရုံးရှေ့ ထွက်ဆိုချက်ကို ဦးစားပေးတာ။ ဒီရဲ ရှေ့ထွက်ဆိုချက်ကို လုံးဝပယ်တာ။ အဲဒါကို ထောက်လှမ်းရေး ရှေ့ထွက်တဲ့ ထွက်ဆိုချက်က ညှဉ်းပန်းနှိပ်စက်၊ သက်သေခံဝင်တယ် ဆိုတာဟာ အဲဒီစီရင်ထုံးက ဖျက်ကိုပစ်ရမယ်။ အခုတော့ ဖျက်တယ်။ မပျက်တပျက် ဖြစ်နေတာ။ အဲဒီလို အလွန်ဆိုးရွားတဲ့ စီရင်ထုံးတွေ ရှိနေသ၍ ဒီနေ့အထိလည်း ရှိနေတယ်။ အဲဒါက အဲဒီလို စီရင်ထုံးတွေ ရှိနေသရွေ့ လုံးဝတရားစီရင်ရေးဟာ ဖြောင့်မတ်မှာ မဟုတ်ဘူး။ အုပ်ချုပ်ရေးအောက်မှာ ရောက်နေတယ်ဆိုတာ အထင်ရှားဆုံး သာဓကပဲ။မေး ။ ဆရာ့အတွေ့အကြုံနဲ့ ဒီလယ်ယာမြေနဲ့ ပတ်သက်ပြီး တောင်သူတွေက နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ပြောပြပါလား။ဖြေ ။ ဥပမာပေး ပြောပြရမယ်ဆိုရင် သဲကုန်းမှာ မကြာခင်ကမှ တောင်သူတွေကို ထောင်ချတာ ရှိတယ်။ အဲဒါက ဘာလဲဆိုရင် မြန်မာနိုင်ငံသား တရုတ်ပေါ့။ သူက ဒကစ နဲ့ ပေါင်းလိုက်ပြီးတော့ ဒကစ ဆိုတာ စစ်ဒေသ ကွပ်ကဲမှုနဲ့ ပေါင်းလိုက်ပြီး အဲဒီ တောင်သူတွေရဲ့ မြေယာတွေကို သူကသိမ်းတာ။ ငါးကန်လုပ်ဖို့ သိမ်းတယ်ပေါ့။ လုပ်လိုက်တဲ့ အခါကျတော့ အောင်ကုန်းဆိုတဲ့ရွာမှာ ရေတွေကြီးတယ်။ လယ်သမားတွေ ဒုက္ခရောက်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး လယ်သမားတွေ ဆန္ဒပြတယ်။ တောင်းဆိုတယ်။ တောင်းဆိုတဲ့ အခါမှာ သူတို့အစိုးရကနေ ဥပဒေနဲ့ သိမ်းထားတယ်။ အဲဒါ မြေစာရင်းလည်း ပါတယ်။ သိမ်းထားတဲ့မြေကို တောင်သူတွေကနေ အကြမ်းဖက် ဆန္ဒပြတယ်ဆိုပြီးတော့ တောင်သူတွေကို ထောင်ချတယ်။ အဲဒါတွေက ဆရာတို့ လက်တွေ့ပေါ့။ မကြာခင်လေးကမှ ဖြစ်နေတဲ့ ကိစ္စပါ။ ထိုနည်းတူ မြစ်ဝကျွန်းပေါ်ဒေသ၊ ငပလီ၊ ရွှေဘို၊ ပြင်ဦးလွင်၊ ရှမ်းပြည်မှာလည်း ဒါမျိုးတွေဖြစ်တယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဒီလို ခရိုနီတွေရယ်၊ မြေစာရင်းရယ်၊ စစ်တပ်ရယ်၊ အုပ်ချုပ်ရေးရယ် ပေါင်းပြီး လယ်သမားတွေကို လုပ်နေတာ။ အဲဒါကို လယ်သမားတွေမှာ မြေမဲ့ယာမဲ့တွေဖြစ်ပြီး မြို့ပေါ်တက်လာရတယ်။ နိုင်ငံခြားကို ထွက်ပြီးတော့ လိင်ကျွန်တွေ ဖြစ်ကုန်တယ်။ နောက်တစ်ခါ လူကုန်ကူးတဲ့ဘဝနဲ့ အရောင်းစားခံရတယ်။ အဲဒီလို မြို့ပေါ်မှာလာပြီး သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မြို့ပေါ်မှာ ရောက်လာပြီး နေစရာမရှိလို့ တဲတွေထိုးနေကြရတယ်။ ကျူးကျော်ဆိုပြီး ဖြစ်တယ်။မေး ။ နောက်တစ်ခုက တရားစီရင်ရေးနဲ့ တိုင်ကြားစာများ စိစစ်ရေးကော်မတီကို တရားသူကြီးတွေ မှားယွင်းစွာ ဆုံးဖြတ်တဲ့ အတွက်ကြောင့် နစ်နာရတယ်ဆိုတဲ့ တိုင်စာတွေက အများဆုံး ရောက်ရှိတယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာရော ဆရာဘယ်လို မှတ်ချက်ပြု ပြောကြားချင်ပါသလဲ။ဖြေ ။ အဲဒါတွေက အမှန်တွေပဲ။ တရားသူကြီးတွေ မှားယွင်းဆုံးဖြတ်တာတွေက အများအပြားပဲ။ သူတို့ဆီမှာ တိုင်စာတွေ ရောက်တယ်။ ဆရာတို့လည်း တရားရုံးတွေမှာ လိုက်နေတဲ့အခါ ဒီဟာတွေကို တွေ့မြင်ခံစားရတယ်။ တရားသူကြီး ဆုံးဖြတ်ချက်တွေ မှားယွင်းတယ်။ အဂတိလိုက်စားတာတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ၊ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေအားလုံးကို တင်ပြချင်တဲ့စကား ရှိတယ်။ တရားစီရင်ရေး တစ်ခုတည်းကို ကွက်ပြီးတော့ ကောင်းအောင်လုပ်လို့ မရဘူး။ တရားစီရင်ရေး တစ်ခုတည်း ကွက်ပြီး ကောင်းအောင်၊ တရားစီရင်ရေး တစ်ခုတည်းကို လာဘ်မစားအောင် လုံးဝလုပ်လို့ မရပါဘူး။ ပညာရေး တစ်ခုတည်း ကွက်ပြီးတော့ ကောင်းအောင်လုပ်လို့ မရပါဘူး။ အဲဒါက ဘာတွေနဲ့ ဆက်စပ်လဲဆိုတော့ နိုင်ငံရေး၊ စီးပွားရေးတွေနဲ့ ဆက်စပ်နေတယ်။ နောက်ဝန်ထမ်းတွေ လစာတွေ တိုးပေးရုံနဲ့လည်း မပြီးဘူး။ တရားစီရင်ရေး တစ်ခုတည်း ကွက်ပြီးကောင်းအောင် လုပ်တာ ခုလည်းမရဘူး၊ နောက်လည်းမရဘူး။ ဘယ်တော့မှရမှာ မဟုတ်ဘူး။ ဘာလုပ်ရမလဲဆိုရင် နိုင်ငံရဲ့ နိုင်ငံရေး ကောင်းရမယ်။ ပြည်သူတွေ ယုံကြည်တဲ့ အစိုးရမျိုး တက်လာရမယ်။ ပြည်သူတွေ မဲပေးတဲ့ အစိုးရမျိုး တက်လာရမယ်။ အဲဒီပြည်သူတွေ ကိုယ်စားပြုတဲ့ အစိုးရကနေ စီမံခန့်ခွဲမှ တိုင်းပြည်စီးပွားရေးတွေလည်း တက်လာမယ်။ စီးပွားရေးတွေ တက်လာတော့မှ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်လာမယ်။ ပပျောက်လာပြီးတော့မှ ဝန်ထမ်းတွေက မိမိရဲ့အလုပ်ကို မိမိစိတ်အေးချမ်းသာစွာ လုပ်နိုင်မယ်။မေး ။ အခုဆိုရင် တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လူတွေက ယုံကြည်မှုတွေ လျော့နည်းလာတယ်။ တစ်ဖက်မှာလည်း တရားစီရင်လိုက်ပြီးတော့မှ ပြစ်ဒဏ်တွေ ကျခံရတဲ့အခါ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ မရတဲ့ဟာ၊ ပြီးတော့ ဥပဒေကို လက်တလုံးခြား လုပ်နေတဲ့ သူမျိုးတွေ ရှိတယ်။ အဲဒီအတွက်ကြောင့်လည်း မှုခင်းဖြစ်စဉ်တွေ ဖြစ်လာတယ်လို့ ပြောနေကြတယ်။ဖြေ ။ အဲဒါက ဘာလဲဆိုတော့ ဦးသိန်းစိန်လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလာတယ်။ လေးနှစ်အတွင်းမှာ ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ အကျဉ်းကျခံနေရသူ ခြောက်သောင်းသုံးထောင်ကျော် လွတ်မြောက်လာကြတယ်။ အဲဒီအထဲမှာ ကမ္ဘာကြီးက လိုလားနေတဲ့၊ မြန်မာပြည်သူတွေက တောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားဆိုပြီး လွှတ်တယ်။ လွှတ်တဲ့အထဲ နိုင်ငံရေး အကျဉ်းသားက ၂၀၀၀ တောင် မပြည့်ဘူး။ အစွန်းထွက်တောင် မပြည့်ဘူး။ အဲဒီ ခြောက်သောင်းထဲမှာ ဘယ်သူတွေ ပါလာလဲဆိုတော့ ရာဇဝတ်သားတွေ ပါလာတယ်။ မူးယစ်ဆေးဝါး၊ ဘိန်းဖြူနဲ့ ပတ်သက်တဲ့ ရာဇဝတ်သားတွေ၊ ရိုက်မှု၊ သတ်မှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်သားတွေ၊ အဲဒီလို အမှုကြီးတဲ့ ရာဇဝတ်သားတွေပါ ပါလာတယ်။ အဲဒီ အမှုကြီးသမားတွေကလည်း ဆရာတို့အပြင် အရပ်သတင်းတွေအရ ပိုက်ဆံတွေ သိန်းပေါင်းများစွာ ကုန်ကျခံပြီးတော့ စာရင်းပါအောင် လုပ်ကြတာ။ အထူးသဖြင့် လူသတ်သမားတွေ၊ မုဒိမ်းသမားတွေ၊ ဓားပြအကြီးစားတွေ အဲဒီလို တိုင်းပြည်ရဲ့ အကြီးစားတွေ ပါလာတဲ့ အခါကျတော့ ဘာဖြစ်လာလဲဆိုတော့ ကျန်တဲ့သူတွေက နေကြည့်နေတယ်။ ဟာ ဟိုကောင်တွေ လူသတ်သွားတာမှ မကြာသေးဘူး အခု လွတ်လာပြီ။ ရာဇဝတ်မှု ကျူးလွန်တာပဲ သူတို့ရဲ့ တံဆိပ်တစ်ခု ရလာသလို လွတ်လာပြီး သူတို့က အပြင်မှာ အဲဒါနဲ့ ခြိမ်းခြောက်တာ။ ထောင်ထဲမှာ ဆက်ဆံတဲ့ အခါတွေမှာလည်း ပိုက်ဆံတတ်နိုင်ရင် တတ်နိုင်သလို မတတ်နိုင်ရင် မတတ်နိုင်သလို နေထိုင်ရတယ်ဆိုတာ သိလာတဲ့အခါ ပိုက်ဆံသာ အဓိက။ ပိုက်ဆံသာရှိရင် ရာဇဝတ်မှု ကျူးလွန်မယ်၊ ကျူးလွန်ပြီးရင် အထဲမှာ ကောင်းကောင်းမွန်မွန် နေရတယ်။ တကယ်လို့ အဆင်ပြေရင် အိမ်တွေဘာတွေတောင် ခဏတဖြုတ် ပြန်ရသေးတယ်။ ဒီလိုမျိုးတွေ ဖြစ်လာတယ်။ ပိုက်ဆံရှိရင် ရာဇဝတ်မှုကျူးလွန်ဖို့ ဝန်မလေးတော့ဘူး။ အသေးအဖွဲ အမှုလေးတွေ၊ နိုင်ငံရေး အကျဉ်းသား လွှတ်တာတွေကို ကြိုဆိုပါတယ်။ ကြီးမားတဲ့ အမှုကြီးတွေကို လျှော့ပေးတာမျိုးတွေကတော့ နောက်ထပ် ရာဇဝတ်မှုတွေကို ပွားအောင် အားပေးရာရောက်တယ်လို့ ယူဆပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရက အကြီးဆုံး တာဝန်ရှိတယ်။ ဒီလို ရာဇဝတ်မှုတွေ များလာရင် ကြီးမားတဲ့ အမှုကြီးတွေ များလာရင် ဦးသိန်းစိန် အစိုးရအပေါ်မှာ ၁၀၀ ရာခိုင်နှုန်း တာဝန်ရှိတယ်။ ဒီလိုအမှုကြီးတွေကို ဦးသိန်းစိန်က ဘာလို့ ထည့်လွှတ်ပေးလဲ ဆိုတာကတော့ သူတို့မှပဲ သိမှာပဲ။ သူတို့ စေတနာကောင်းနဲ့ လွှတ်ပေးတယ်လို့တော့ လုံးဝမယုံကြည်ဘူး။ သူတို့ကြောင့် ပိုဆိုးတယ်။ နောက် ပြစ်ဒဏ်ပိုင်းနဲ့ ပတ်သက်လို့ အင်မတန် ရက်စက်တဲ့ အမှု၊ လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ ထိုက်တန်တဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးသင့်တယ်။ သေဒဏ်တွေ ဘာတွေလည်း ပေးသင့်တယ်။ တစ်သက်တစ်ကျွန်းတွေလည်း ပေးသင့်တယ်။ အခု မဟုတ်ဘူး။ လူသတ် ခုနစ်နှစ်၊ နိုင်ငံရေးသမား နှစ် ၁၀၀ ဖြစ်တဲ့ အခါကျတော့ လုံး၀ မမျှတဘူး။ အဲဒီတော့ ကြီးမားတဲ့ အမှုကြီးတွေကို ထိုက်တန်တဲ့ပြစ်ဒဏ် ပေးရမယ်။ အဲဒီလူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ထဲ မထည့်ပေးသင့်ဘူး။ အခု ဘယ်လိုဖြစ်နေလဲဆိုရင် ပြစ်ဒဏ်ကြီးကြီး ချတယ်။ ဘယ်လိုလူမျိုးတွေ ချလဲ၊ ပိုက်ဆံမပေးနိုင်တဲ့ လူမျိုးတွေ၊ လာဘ်မထိုးနိုင်တဲ့ လူမျိုးတွေ ပြစ်ဒဏ်တွေ အသီးသီး စီရင်ပြီး ပြစ်ဒဏ်တွေရတယ်။ ပိုက်ဆံတတ်နိုင်တဲ့လူဆိုရင် ပြစ်ဒဏ်ဆိုတာ ထိုက်တန်တဲ့ပြစ်ဒဏ် မဟုတ်တော့ဘူး။ ဒါတွေကို ဘယ်လိုလုပ် ဖော်ထုတ်မလဲဆိုတော့ ဖော်ထုတ်ဖို့ မလွယ်ဘူး။ နိုင်ငံစီးပွားရေး တိုးတက်အောင် အုပ်ချုပ်ရေးကောင်းမှ ပြည်သူလိုလားတဲ့ အစိုးရမျိုး တက်မှ၊ အဲဒီလို အစိုးရမျိုးက စီမံကွပ်ကဲမှ တိုင်းပြည်စီးပွားရေး တိုးတက်ပြီး လာဘ်စားမှုတွေလည်း လျော့ပြီးတော့ ကိုယ့်အလုပ် ကိုယ်စိတ်ဝင်စားတဲ့ ဝန်ထမ်းတွေ ပေါ်လာမယ်။
“အာဏာရှင်တွေရဲ့ ခိုင်းစေမှုနောက်ကို တရားစီရင်ရေးက လိုက်ရတဲ့အတွက် တရားစီရင်ရေးက မလွတ်လပ်တော့ဘဲ ပျက်သွားတယ်လို့ပြောတာ ဖြစ်ပါတယ်” မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း