မြန်မာနိုင်ငံက သင်ခန်းစာယူရမည့် တောင်အာရှ ဒီမိုကရေစီအာဏာရှင်တစ်ဦး၏ ကျဆုံးခန်း

မြန်မာနိုင်ငံက သင်ခန်းစာယူရမည့် တောင်အာရှ ဒီမိုကရေစီအာဏာရှင်တစ်ဦး၏ ကျဆုံးခန်း
Published 11 January 2015
သတင်းအယ်ဒီတာအဖွဲ့

တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံ၌ ရွေးကောက်ပွဲတစ်ရပ် ပြီးဆုံးခဲ့သည်။   လက်ရှိသမ္မတ မဟိန္ဒရာဇပသက (Mahinda Rajapaksa)  ရှုံးနိမ့်သွားသည်။ ထိုရှုံးနိမ့်မှုက မဟိန္ဒအတွက် အံ့အားသင့်ဖွယ် ဖြစ်ခဲ့သည်။ သို့သော် မဟိန္ဒက သူ၏ ရှုံးနိမ့်မှုကို လက်ခံပြီး သမ္မတအိမ်တော်မှ ထွက်ခွာသွားသည်။ သီရိလင်္ကာနိုင်ငံကို ဆယ်စုနှစ်ကြာ လွှမ်းမိုးချုပ်ကိုင်ခဲ့သော မဟိန္ဒ၏ ကျဆုံးခန်းအား သူ့ကိုထောက်ခံသူများက မယုံကြည်နိုင်ဖြစ်ခဲ့ကြသည်။ မဟိန္ဒကိုယ်တိုင်က အရှုံးကို လက်ခံခဲ့သဖြင့် သွေးမြေကျသောဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်း မရှိပေ။မဟိန္ဒအလွန် သီရိလင်္ကာကို ဦးဆောင်မည့်သူက မိတ္တရိပလသိရိသေန (Maithripala Sirisena) ဖြစ်သည်။ မဟိန္ဒ၏ လက်အောက်၌ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ရွေးကောက်ပွဲအကြိုကာလ၌ ရာထူးမှ နုတ်ထွက်ကာ ဘက်ပြောင်းပြီး မဟိန္ဒကို ယှဉ်ပြိုင်ခဲ့သည်။ ထို့ နောက် အနိုင်ရသွားသည်။မဟိန္ဒ ဘယ်သူလဲ  သမ္မတဟောင်း မဟိန္ဒသည် တောင်အာရှဒေသ၏ အရှည်ကြာဆုံး ဒီမိုကရေစီအာဏာရှင်တစ်ဦး ဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အစောပိုင်းအချိန်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဆက်၍ တာဝန်ထမ်းဆောင်နိုင်မည်ဟုလည်း မျှော်လင့်ခဲ့သည်။သို့သော် မဟိန္ဒ၏ မျှော်လင့်ချက်မှာ ဇန်နဝါရီ ၈ ရက်က ပြုလုပ်သော ရွေးကောက်ပွဲအပြီး၌ လွင့်စဉ်သွားသည်။  နိုင်ငံရေးမျိုးရိုးမှ ဆင်းသက်လာသော မဟိန္ဒသည် ဥပဒေပညာတတ်တစ်ဦး ဖြစ်သည်။၁၉၇၀ ပြည့်နှစ်တွင် သီရိလင်္ကာပါလီမန်၌ အမတ်တစ်ဦးဖြစ်ခဲ့သည်။ အသက်အငယ်ဆုံး ပါလီမန်အမတ်ဘွဲ့ကို အသက် ၂၄ နှစ် ဖြင့်ရရှိခဲ့သည်။ မဟိန္ဒကိုယ်စားပြုခဲ့သည့်ပါတီက  Sri Lanka Freedom Party (SLFP) ဖြစ်သည်။ ဆိုရှယ်လစ်ပါတီ သို့မဟုတ်စီးပွားရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းရေးကို ဦးစားပေးသည့် မူဝါဒရှိသောပါတီအဖြစ် လူသိများသည်။ သီရိလင်္ကာနိုင်ငံရေးကို ကာလရှည်ကြာ လွှမ်းမိုးချုပ်ကိုင်ခဲ့သော ပါတီဖြစ်သည်။   ၂၀၀၄ ခုနှစ် ဧပြီမတိုင်ခင်အချိန်အထိ သီရိလင်္ကာဝန်ကြီးချုပ်အဖြစ် မဟိန္ဒတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရရှိပြီး သီရိလင်္ကာ၏ ခြောက်ဦးမြောက်သမ္မတ ဖြစ်လာသည်။ ထိုအချိန်အထိ မဟိန္ဒအပေါ် လူထု၏ ထောက်ခံမှုများ ရှိခဲ့သည်။၂၀၀၉ ခုနှစ်၌ တမီလ်ကျားသူပုန်များကို မဟိန္ဒအစိုးရက နှိမ်နင်းနိုင်ခဲ့သည်။ ထိုအရာပင် မဟိန္ဒအတွက် အောင်မြင်မှုဖြစ်ခဲ့ပြီး ထိုအရာကပင် မဟိန္ဒကို ကျဆုံးစေခဲ့သည့် အကြောင်းအရင်းတစ်ခု ဖြစ်စေခဲ့သည်။ သို့သော် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဟိန္ဒ ထပ်မံအနိုင်ရရှိခဲ့သည်။ ထိုအချိန်နောက်ပိုင်း မဟိန္ဒ၏ ခြေလှမ်းများ ပျက်လာခဲ့သည်။ညွှန်ပေါင်းအစိုးရ၊ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (PR) ဖြင့် ကိုယ်စားလှယ်ရွေးချယ်လေ့ရှိသည့် သီရိလင်္ကာနိုင်ငံ၌ နိုင်ငံရေးပါတီငယ် များစွာရှိသည်။ မဟိန္ဒ၏ ပါတီမှာ SLFP ဖြစ်သည့်တိုင် မဟိန္ဒကိုကျောထောက်နောက်ခံပေးခဲ့သည့် မဟာမိတ်ပါတီကြီးက  United People's Freedom Alliance ဖြစ်သည်။ ထိုမဟာမိတ်အဖွဲ့၏ ရွေးကောက်တင်မြှောက်မှုဖြင့် မဟိန္ဒက သမ္မတဖြစ်ခဲ့သည်။UPFA မဟာမိတ်၌ ပါတီအစုအဖွဲ့ပေါင်း ၂၈ ဖွဲ့ပါဝင်သည်။ ထိုအထဲ၌ သီဟိုဠ်မွတ်ဆလင်ကွန်ဂရက်ပါတီ(All Ceylon Muslim Congress) ၊ သီဟိုဠ်အလုပ်သမားကွန်ဂရက်ပါတီ (Ceylon Workers' Congress) ၊ သီရိလင်္ကာကွန်မြူ နစ်ပါတီ (Communist Party of Sri Lanka) တို့လည်းပါဝင်ခဲ့ပြီး မဟိန္ဒကို ထောက်ခံခဲ့ကြသည်။မဟိန္ဒကို ထောက်ခံခဲ့သူများထဲတွင် သီရိလင်္ကာ၏ အစွန်းရောက်ဗုဒ္ဓဘာသာအဖွဲ့အစည်းအဖြစ် သတ်မှတ်ခံခဲ့ရသော Bodu Bala Sena (BBS) အဖွဲ့လည်း ပါဝင်ခဲ့သည်။ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်း   ၂၀၀၅ ခုနှစ်မှ ဆယ်စုနှစ်ကြာကာလအတွင်း မဟိန္ဒနှင့် သူ၏မဟာမိတ်ပါတီများက သီရိလင်္ကာနိုင်ငံရေးကို ချုပ်ကိုင်ခဲ့ကြသည်။ပုံမှန်အားဖြင့် သီရိလင်္ကာနိုင်ငံ၏ သမ္မတတာဝန် ထမ်းဆောင်ခွင့်သက်တမ်းမှာ ခြောက်နှစ်ဖြစ်သည်။ ခြွင်းချက်အနေဖြင့် သမ္မတတစ်ဦးက လေးနှစ်တာဝန်ထမ်းဆောင်ပြီးချိန်တွင် ရွေးကောက်ပွဲပြုလုပ်ပိုင်ခွင့် ရှိသည်။သမ္မတတစ်ဦးအနေဖြင့် တာဝန်ကို နှစ်ကြိမ်ထက်ပို၍ တာဝန်ယူခွင့် မရှိပေ။ သို့သော် ထိုအချက်ကို မဟိန္ဒက ပယ်ဖျက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရပြီးချိန်၌ ထိုသို့ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။၂၀၁၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မဟိန္ဒ၏  UPFA မဟာမိတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ကြသည်။ အချက် ၁၈ ချက် ပြင်ဆင်မှု၌ သမ္မတသက်တမ်းကန့်သတ်ချက်ကို ပယ်ဖျက်သည့်အချက် ပါဝင်ခဲ့သည်။ မဟိန္ဒက သမ္မတတာဝန်ကို တတိယအကြိမ်ဆက်ယူမည့် ခြေလှမ်းကိုပေါ်လွင်စေခဲ့သည်။၂၀၁၄ ခုနှစ် အောက်တိုဘာ၌ သမ္မတရွေးကောက်ပွဲကို ၂၀၁၅ခု နှစ် ဇန်နဝါရီတွင် ပြုလုပ်မည်ဟု မဟိန္ဒအစိုးရက တရားဝင်ကြေညာခဲ့သည်။ ရွေးကောက်ပွဲ ပြုလုပ်ရမည့် သတ်မှတ်ချိန်ထက် အချိန်နှစ်နှစ်စောပြီး ပြုလုပ်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ရွေးကောက်ပွဲပြုလုပ်မည့် အချိန်ကြေညာအပြီးန နိုဝင်ဘာ ၅ရက် တွင် မဟိန္ဒက တတိယအကြိမ်အတွက် ထပ်မံအရွေးခံပိုင်ခွင့် ရှိ၊ မရှိ  တရားရုံးချုပ်၏ သဘောထားကို တောင်းခံခဲ့သည်။ မဟိန္ဒ ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်ကို ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။ဒီဇင်ဘာ ၈ ရက်၌ ထုတ်ပြန်သည့် သမ္မတလောင်းစာရင်း၌ မဟိန္ဒ၏အမည် ပါလာခဲ့သည်။  ထိုအချိန်ကပင် သီရိလင်္ကာရွေးကောက်ပွဲသည် သန့်ရှင်းမျှတမှု ရှိနိုင်မည်လားဆိုသော သံသယများ ထွက်ခဲ့သည်။ နိုင်ငံတကာလေ့လာသူများနှင့် မီဒီယာများက သတိကြီးစွာထားခဲ့သည်။ဇန်နဝါရီ ၈ ရက်တွင် သီရိလင်္ကာရွေးကောက်ပွဲကို ပြုလုပ်ခဲ့သည်။ရွေးကောက်ပွဲကာလအတွင်း အများစိုးရိမ်သလိုပင် ဖြစ်ခဲ့သည်။  လွတ်လပ်သောရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူများကို နေရာအနှံ့ ဝင်ရောက်ခွင့် မပေးခဲ့ပေ။ မဲရုံ ၁၁၁၅ ရုံရှိသည့်အနက် ၃၀၀ ခန့်ကိုသာ လေ့လာခွင့်ပြုခဲ့သည်။နိုင်ငံ၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင်ရှိနေသော လူနည်းစု တမီလ်များနှင့် မွတ်စလင်များ နေထိုင်ရာဒေသသို့ အစိုးရတပ်ဖွဲ့များ စေလွှတ်ဖြန့်ကြက်ခဲ့ကြသည်။ ထိုသို့ ဖြန့်ကြက်ခဲ့ခြင်းအားဖြင့် မဲဆန္ဒရှင်များအား ခြိမ်းခြောက် ဖိအားပေးခဲ့သည်။မဟိန္ဒ၏ နောက်ဆုံးအကြိမ် ကြိုးပမ်းမှု   ရွေးကောက်ပွဲအား အချိန်စောကျင်းပခြင်းဖြင့် အနိုင်ရလိမ့်မည်ဟု မဟိန္ဒက ယုံကြည်ခဲ့သည်။ သူ့အပေါ် လူထုထောက်ခံမှု ကျဆင်းနေသည်ကို မဟိန္ဒ သိနေသည်။ ထိုအခြေအနေက လာမည့်နှစ်နှစ်အတွင်း ပိုမိုဆိုးရွားလာနိုင်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရခြင်းဖြင့်  အာဏာကို ဆက်ယူထားနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။လက်တွေ့အခြေအနေမှာ ထိုသို့ မဟုတ်ခဲ့ပေ။ ရွေးကောက်ပွဲအပြီး ထုတ်ပြန်ခဲ့သော ရလာဒ်အရ မဟိန္ဒက ထောက်ခံမဲ ၄၇ ဒသမ ၅၈ ရာခိုင်နှုန်းသာ ရခဲ့သည်။ သူ၏ ပြိုင်ဘက် မိတ္တရိပလသိရိသေနက ၅၁ ဒသမ ၂၈ ရာခိုင်နှုန်းရပြီး အနိုင်ရသည်။သီရိလင်္ကာမီဒီယာများက မဟိန္ဒသည် အရှုံးကိုလက်ခံပြီး သမ္မတအိမ်တော်က ထွက်ခွာသွားသည်ဟု ဆိုသည်။ အမှန်စင်စစ် အေးဆေးတည်ငြိမ်စွာ ထွက်ခွာသွားခြင်း ဟုတ်၊ မဟုတ် မသိရပေ။ သေချာခဲ့သည့် အချက်တစ်ခုမှာ စစ်အာဏာသိမ်းရန် မဟိန္ဒက အမိန့်ပေးခဲ့ခြင်းမျိုးရှိခဲ့သည်။ရွေးကောက်ပွဲ နောက်ဆုံးရလာဒ်ထုတ်ပြန်ရန် မိနစ်ပိုင်းအလို၌ စစ်အာဏာသိမ်းမှုပြုလုပ်ရန် သီရိလင်္ကာစစ်ဦးစီးချုပ် Jagath Jayasuriya ကို မဟိန္ဒက အမိန့် ပေးခဲ့သည်ဟု ပါလီမန်အမတ်တစ်ဦးက ဖွင့်ချခဲ့သည်။ သို့သော် စစ်ဦးစီးချုပ်က မဟိန္ဒ၏ အမိန့်အား နာခံခြင်းမပြုခဲ့ပေ။ လူထုရွေးချယ်မှုအတိုင်းသာ လုပ်ဆောင်ခဲ့သည်။ရွေးကောက်ပွဲတွင် မဟိန္ဒကို ရှုံးနိမ့်စေသည့်အချက်သုံးချက် ရှိခဲ့သည်။ အာဏာရှင်ဆန်လာခြင်းနှင့် အမျိုးသားပြန်လည်ညီညွတ်ရေးကို ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ဆွေမျိုးကောင်းစားရေးဝါဒ ကျင့်သုံးခြင်း၊ အကျင့်ပျက်ခြစားမှုများဖြင့် ညံ့ဖျင်းသော အစိုးရဖြစ်လာခြင်း စသည့်သုံးချက်ဖြစ်သည်။ခြစားမှု၊ မသမာမှုများနှင့် ဟန်ပြလုပ်ရပ်များကို သီရိလင်္ကာပြည်သူများ လက်မခံတော့ကြောင်း ပြသလိုက်ခြင်းဖြင့် မဟိန္ဒရှုံးနိမ့်ခဲ့သည်။မဟိန္ဒ ဘာတွေလုပ်ခဲ့လဲ    ရွေးကောက်ပွဲ၌ ကျဆုံးစေခဲ့သည့် အချက်သုံးချက်အပြင် အခြားသောဆိုးရွားသည့်အရာများကိုလည်း မဟိန္ဒက လုပ်ဆောင်ခဲ့သည်။မီဒီယာကို ချုပ်ကိုင်ပြီး သတင်းလွတ်လပ်ခွင့်ကို လျှော့ချခဲ့သည်။ အင်တာနက်သတင်းစီးဆင်းမှုကို အကန့်အသတ်ဖြင့် ချုပ်ကိုင်ခဲ့သည်။စီးပွားရေး၌ အခြားသူများကို လုပ်ကိုင်ခွင့်မပေးပဲ သူ၏လူရင်းများကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့သည်။ အဝေးပြေးလမ်းမဖောက်လုပ်ရေးစီမံကိန်းများကို လုပ်ကိုင်ခွင့်ပေးရာ၌ သူ့လူများကိုသာ ပေးခဲ့ပြီး အကျိုးအမြတ်များကို မဟိန္ဒ၏ အသိုင်းအဝိုင်းကသာ ရယူခဲ့သည်။ ဆေးရွက်ကြီးလုပ်ငန်းများနှင့် အိမ်သုံဆေးရောင်းဝယ်ရေးလုပ်ငန်းများကိုလည်း မဟိန္ဒ၏လူများကသာ ချုပ်ကိုင်ခဲ့သည်။သီရိလင်္ကာနိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာများတွင် မဟိန္ဒ၏ လူများသာ ပြည့်နှက်နေခဲ့သည်။ သူ၏ညီက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဖြစ်သည်။ နောက်တစ်ဦးမှာ ပါလီမန်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ခဲ့သည်။ တူတစ်ဦးဖြစ်သူက ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီး သားဖြစ်သူက ပါလီမန်အမတ် ဖြစ်သည်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပြီးချိန်တွင် ပြိုင်ဘက်ဖြစ်သူကို ဖမ်းဆီးခဲ့သည်။ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်ဖြင့် ဖမ်းခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကပင်  သီရိလင်္ကာနိုင်ငံ၏ တရားသူကြီးများ၊ အစိုးရထိပ်တန်းအရာရှိများ ခန့်အပ်ပိုင်ခွင့်၊ ရဲဘက်နှင့်စစ်ဘက် ထိပ်တန်းအရာရှိများကို သူ့စိတ်ကြိုက် ခန့်အပ်ပိုင်ခွင့်ကို ရယူခဲ့သည်။ပါလီမန် အမတ်အများစုကို စည်းရုံးခဲ့သည်။ ဆန္ဒပြမှုများကို ဥပဒေဘောင်အတွင်းကပင် ဖိနှိပ်ခဲ့သည်။ ဥပဒေဘောင်းအတွင်းကဟုဆိုကာ စစ်တပ်အသုံးပြု ဖိနှိပ်မှုများပင် ရှိခဲ့သည်။ မူးယစ်ဆေးဝါးနှင့် မှောင်ခိုလုပ်ငန်းလုပ်ကိုင်နေသူများကို အကာအကွယ်ပေးခဲ့သည်။ သူ၏ပါတီဝင်များ ကျူးလွန်သော မတရားမှုများကိုလည်း အရေးမယူဘဲ လျစ်လျူရှုခဲ့သည်ဟု စွပ်စွဲမှုများရှိခဲ့သည်။ပိုမိုဆိုးရွားသည့် အချက်တစ်ခုမှာ ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုခဲ့သည့်အချက်ဖြစ်သည်။  မဟိန္ဒ သမ္မတဖြစ်နေချိန် ၂၀၁၂ ခုနှစ်တွင် BBS (Bodu Bala Sena) အဖွဲ့ပေါ်ပေါက်ခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ပုံစံအရ နိုင်ငံရေးတွင် သံဃာများ ပါဝင်ပတ်သက်လေ့ရှိသည်။သို့သော် မဟိန္ဒလက်ထက် BBS ပေါ်လာချိန်တွင် သီရိလင်္ကာ နှင့် အစွန်းရောက်ဗုဒ္ဓဘာသာကို ယှဉ်တွဲသုံးသပ်မှုများ ရှိလာသည်။ BBS သည် သီရိလင်္ကာနိုင်ငံ၏ သြဇာလွှမ်းမိုးမှုအရှိဆုံး ဗုဒ္ဓဘာသာအဖွဲ့အစည်းဖြစ်လာပြီး မဟိန္ဒကို ထောက်ခံခဲ့သည်။၂၀၁၄ခုနှစ်အတွင်း BBS ၏လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ဗုဒ္ဓဘာသာနှင့် မွတ်စလင်ဘာသာဝင်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ကွဲပြားသော ဘာသာဝင်များအကြား အစွန်းရောက် အမုန်းတရားများကို BBS ခေါင်းဆောင်များကိုယ်တိုင် ထုတ်ဖော်ပြောကြားခြင်းများ ရှိခဲ့သည်။မဟိန္ဒကိုယ်တိုင်ကလည်း BBS အပါအဝင် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမှုများ ပြုလုပ်ခဲ့သည်။ ဗုဒ္ဓဘာသာဆိုသည်ထက် ဘာသာရေးကို ခုတုံးလုပ်ပြီး ဗုဒ္ဓဘာသာကိုးကွယ်သော ဆင်ဟာလီ(Sinhala) လူမျိုးများအား မျက်နှာသာပေး စည်းရုံးခဲ့သည်။ ထိုနည်းဖြင့် နိုင်ငံရေးအမြတ်ထုတ်ခဲ့သည်။ လူနည်းစုဖြစ်သော တမီလ်ဘာသာရေးကို နှိပ်ကွပ်ပြီး အစွန်းရောက်ဗုဒ္ဓဘာသာဝင်နှင့် သံဃာအချို့၏ အကြမ်းဖက်မှုနှင့် ဥပဒေပြင်ပလုပ်ဆောင်ချက်များကို မျက်ကွယ်ပြု အကာအကွယ်ပေးခဲ့သည်။ဟိန္ဒူဘာသာကိုးကွယ်သည့် တမီလ်များနှင့် မွတ်စလင်ဘာသာဝင်များ ဖိနှိပ်ခံခဲ့ရသည်။ မဟိန္ဒလက်ထက် ထူးခြားမှုတစ်ခုအနေဖြင့် သူ၏ အမာခံ မဟာမိတ်အဖွဲ့ဖြစ်သော UPFA ၏ အဖွဲ့ဝင် All Ceylon Muslim Congress နှင့်  Sri Lanka Muslim Congress   တို့ကို ထုတ်ပယ်ရန် စဉ်းစားမှုများရှိခဲ့သည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့က သီရိ လင်္ကာနိုင်ငံအတွင်း မွတ်စလင်ဘာသာများကို အစွန်းရောက်ဗုဒ္ဓဘာသာဝင်များက တိုက်ခိုက်ခဲ့ခြင်းအား အစိုးရက အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ခြင်းအပေါ် ပြစ်တင်မှုပြုလုပ်ခဲ့ပြီးနောက် ထိုသို့စဉ်းစားခဲ့ခြင်း ဖြစ်သည်။မဟိန္ဒ လုပ်ဆောင်ခဲ့သည်များအနက် အစဉ်တစိုက်ထောက်ပြခဲ့သည့် အချက်တစ်ခုရှိသည်။ ၂၀၀၉ ခုနှစ်၌ တမီလ်ကျားသူပုန်များအား အပြီးတိုင်ချေမှုန်းချိန်၌ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ တမီလ်ကျားသူပုန်များကို အပြီးသတ်ချေမှုန်းခဲ့သည့် နောက်ဆုံးရက်သတ္တပတ်အတွင်း တမီလ်လူမျိုး အရပ်သား ၄၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်ဟု ကုလသမဂ္ဂကပြောသည်။ ထိုကိစ္စရပ်အတွက် မဟိန္ဒတွင် တာဝန်ရှိသည်ဟု ပြောဆိုခဲ့ကြသည်။မြန်မာအတွက် သင်ခန်းစာယူစရာ     ရွေးကောက်ပွဲ ရှုံးနိမ့်သွားခဲ့သော သီရိလင်္ကာသမ္မတဟောင်း မဟိန္ဒ၏ ဖြစ်ရပ်က မြန်မာနိုင်ငံအတွက် သင်ခန်းစာယူစရာဖြစ်သည်။တာဝန်ထမ်းဆောင်ချိန် အစောပိုင်းကာလများ၌ သီရိလင်္ကာပြည်သူများ၏ ထောက်ခံမှုရရှိခဲ့သည်။ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းအောင် ပြုလုပ်နိုင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အာဏာရှင်တစ်ဦး ဖြစ်လာသည်။ ဒီမိုကရေစီအာဏာရှင် ဖြစ်လာသည်။ပေးထားသောကတိများကို အကောင်အထည်ဖော်ပေးနိုင်စွမ်း မရှိသည့်အပြင် နိုင်ငံအတွက် အရေးပါသော အမျိုးသားပြန်လည်ညီညွတ်ရေးကို မလုပ်ဆောင်ခဲ့ဘဲ လူနည်းစုများကို ဖိနှိပ်ခဲ့သည်။နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် ကိုယ်နှင့်နီးစပ်သူများကိုနေရာပေးပြီး ဆွေမျိုးကောင်းစားရေးဝါဒကို ကျင့်သုံးခဲ့သည်။ ထိုမှတစ်ဆင့် ပေါ်ပေါက်လာသော အကျင့်ပျက်ခြစားမှုများကို ထိရောက်စွာအရေးယူနိုင်ခြင်း မရှိခဲ့ပေ။ ပိုဆိုးသည်က အာဏာကို ဆက်လက်ချုပ်ကိုင်ရန် ခြေလှမ်းပြင်ခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြီး သမ္မတအရွေးခံ သက်တမ်းတိုးခဲ့သည့်နည်းတူ မိမိပါတီတွင်း သဘောထားကွဲသူများကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ခြင်းများပြုလုပ်ခဲ့သည်။ဘာသာရေးအရ ထိလွယ်ရှလွယ်ဖြစ်သော အခြေအနေ၌ ဘာသာရေးကို ခုတုံးလုပ်အမြတ်ထုတ်ပြီး အာဏာဆက်လက်တည်မြဲရေးအတွက် ကြိုးပမ်းခဲ့သည်။ BBS  ၏ ထောက်ခံမှုလျော့ကာ အတိုက်အခံများ အင်အားကောင်းခဲ့သဖြင့် မဟိန္ဒရှုံးနိမ့်ခဲ့ရသည်ဆိုသော သုံးသပ်မှုများရှိသည်။ သို့သော် သီရိလင်္ကာပြည်သူများကိုယ်တိုင်က မဟိန္ဒကို လက်မခံနိုင်တော့ကြောင်း ရဲဝံ့စွာပြသခဲ့ကြခြင်း ဖြစ်သည်။မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ထပ်တူကျပုံစံ မဖြစ်သော်လည်း အသွင်တူညီမှုများ ရှိနေသည်။ကျောင်းတော်နှင့် နိုင်ငံရေး သီးခြားဖြစ်ရေး      သီရိလင်္ကာသမ္မတဟောင်း  မဟိန္ဒပေးခဲ့သည့် သင်ခန်းစာထဲတွင် ကျောင်းတော်နှင့် နိုင်ငံရေး ကွဲပြားမှုရှိစေရေးကိုလည်း ထင်ဟပ်မှုဖြစ်စေသည်။ အထူးသဖြင့် ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ်ခြင်းက မည်သူအတွက်မျှ မကောင်းသည်ကို ပြဆိုခဲ့သည်။ကျောင်းတော်နှင့် နိုင်ငံရေး ကွဲပြားမှုမရှိခဲ့ခြင်းကြောင့် သီရိလင်္ကာနိုင်ငံအတွင်း ဘာသာရေးပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ခဲ့သည်။ အင်အားကြီးလူမျိုးစုနှင့် လူနည်းစုလူမျိုးစုများကြား၌လည်း  မုန်းတီးမှုများဖြင့် မညီညွတ်မှုများ ဖြစ်ခဲ့ကြသည်။  ထူးခြားချက်အနေဖြင့် သီရိလင်္ကာနိုင်ငံတွင် အစွန်းရောက်ဗုဒ္ဓဘာသာအဖွဲ့အစည်း (BBS) အဖွဲ့ ရှိနေသည်။  မြန်မာနိုင်ငံ၌လည်း မဘသ ဟုခေါ်ဆိုသော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ရှိနေသည်။ မြန်မာနိုင်ငံ၏ မဘသအဖွဲ့မှာ၂၀၁၃ ခုနှစ်မေလ၌ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ မဘသအဖွဲ့မဖြစ်ပေါ်မီအချိန်တွင် ဘာသာရေးလှုပ်ရှားမှုဖြစ်သော ၉၆၉ လှုပ်ရှားမှုများက ၂၀၁၂ ခုနှစ်ကြား ဖြတ်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာခဲ့သည်။သေချာသည့်အချက်အဖြစ် BBS အဖွဲ့က သီရိလင်္ကာသမ္မတဟောင်း မဟိန္ဒကို ထောက်ခံခဲ့ကြသည်။ မဟိန္ဒကလည်း BBS ၏ ထောက်ခံမှုကို အသုံးချပြီး ရွေးကောက်ပွဲအနိုင်ရရန် ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံမှ မဘသအဖွဲ့ကလည်း သမ္မတဦးသိန်းစိန်ကို ထောက်ခံမည်ဆိုသောသတင်းများ ရှိနေသည်။  

သီရိလင်္ကာသမ္မတရုံးကို ကျောခိုင်းထွက်ခွာလာသော မဟိန္ဒအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (Photo:AFP)ထိုသို့ထောက်ခံမည့်အကြောင်းကို မဘသအဖွဲ့ဝင်ဆရာတော်အချို့ ပြောဆိုမှုများရှိနေကြောင်း သိရသည်။  ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း ထွက်ပေါ်ခဲ့သော သတင်းစကားများအရလည်း မြန်မာနိုင်ငံမှ မဘသအဖွဲ့အစည်းအပေါ် ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။ မဘသအဖွဲ့ဝင် ဒုတိယဥက္ကဋ္ဌဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက အီရန်နိုင်ငံသို့ မသွားမီ လေဆိပ်၌မိန့်ကြားခဲ့သော စကားရပ်တစ်ခုကြောင့် ဖြစ်သည်။ လက်ရှိအနေအထားအရ သမ္မတဦးသိန်းစိန်ကို အကြိုက်ဆုံးဖြစ်ပြီး လက်ရှိအစိုးရကို နောက်ထပ်သက်တမ်းတစ်ခု ဆက်ထမ်းဆောင်သင့်သည်ဟု သီတဂူဆရာတော် အရှင်ဉာဏိဿရ မိန့်ကြားခဲ့သည်။ ဦးသိန်းစိန်မဟုတ်ဘဲ အခြားမည်သူဖြစ်စေကာမူ သမ္မတသက်တမ်းနှစ်ဆက် တာဝန်ထမ်းဆောင်သင့်ဟူ၍လည်း သီတဂူဆရာတော်က မိန့်ကြားသည်။သို့သော် သမ္မတ ဦးသိန်းစိန်၊ မဘသအဖွဲ့က အတည်ပြုစေလိုသော အမျိုးစောင့်ဥပဒေများနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအခြေအနေများမှာ နိုင်ငံရေးအကဲခတ်များအတွက် ဝေဖန်ဆန်းစစ်စရာ ဖြစ်လာခဲ့သည်။ထေရဝါဒဗုဒ္ဓဘာသာ ဆိုသည်မှာ     ကျောင်းတော်နှင့် နိုင်ငံရေးကွေဲပြားမှုရှိစေရေးမှာ ထေရဝါဒ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်သည့် နိုင်ငံများအတွက် အသက်တမျှ အရေးကြီးသည်။ထေရဝါဒ ဗုဒ္ဓဘာသာအား အဓိကထား ကိုးကွယ်သည့်နိုင်ငံ ငါးနိုင်ငံသာရှိသည်။ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ၊ ထိုင်း နှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။ထိုငါးနိုင်ငံအနက် ကျောင်းတော်နှင့် နိုင်ငံရေး ရောယှက်မှုအများဆုံးမှာ သီရိလင်္ကာနိုင်ငံ ဖြစ်သည်။ထေရဝါဒဆိုသည်မှာ ယနေ့ အချိန်အထိ တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိဘဲ တပည့်သား သာဝက အဆင့်ဆင့် အစဉ်အဆက်လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသော ဝါဒကို ဆိုလိုခြင်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာဆိုသည်မှာ တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်ခဲ့သည့် ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူသည့် ဝါဒဟူ၍ ဖွင့်ဆိုနိုင်ပါသည်။ အချုပ်အားဖြင့် ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သည့်အတိုင်း အတိအကျလိုက်နာ ဆောင်ရွက်သူများကို ထေရဝါဒဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည် ကိုးကွယ်သူများအဖြစ် ဆိုနိုင်ပါသည်။မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ် အခြေအနေအရ ထေရဝါဒ ဗုဒ္ဓဘာသာကို ညစ်နွမ်းစေလျက် ဗုဒ္ဓဘာသာကို ပျက်စီးစေလိုသူများ ရှိနေသည်။ ထိုသို့ ပြုလုပ်နေသူများကို ကိုင်တွယ်အရေးယူမှု ပြုလုပ်ရမည့်နည်းတူ ညစ်နွမ်းနေသော ထေရဝါဒဗုဒ္ဓဘာသာကို ပြန်လည်သန့်စင်နိုင်ရေးမှာ ဆရာတော်သံဃာတော်ကြီးများတွင်သာမက သမ္မတဦးသိန်းစိန်တွင်ပါ တာဝန်ရှိနေပါသည်။အမရပူရ တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ ဘာသာပြန်ဆိုရေးသားခဲ့သော ဘုရားဥပဒေတော်ကြီးတွင် ဖော်ပြထားခဲ့သည့် ပညတ်၊ ဝိနည်း ဥပဒေတော်များအရလည်း လက်ရှိမြန်မာနိုင်ငံတွင် မည်သည့်အရာက အရေးကြီးဆုံးဆိုသည်ကို ဖော်ညွှန်းနေပါသည်။တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသက ဗုဒ္ဓဘုရားရှင်၏ သာသနာတော် အရှည်တည်တံ့စေရန် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး၊ သီလနှင့် ဝိနည်းခိုင်မာစေရန် အရေးပါကြောင်း ဖွင့်ဆိုခဲ့ပါသည်။ထို့အပြင် သီလနှင့် သိက္ခာ ထိန်းသိမ်းနိုင်မှုသည် သာသာနာ၏ အသက်ဖြစ်ကြောင်း တောင်မြို့ဆရာတော်က ဆင်ခြင်ပြခဲ့သည်။ ဝိနည်းတော်လာ သီလနှင့်သိက္ခာကို စောင့်ထိန်းနိုင်စွမ်းမရှိပါက သာသနာတော် အသက်မရှိ၊ သာသနာကွယ်သည်ဟု ဆိုရမည်ဖြစ်ကြောင်း ဆရာတော်က ဘုရားဥပဒေတော်ကြီးစာအုပ်၌ မိန့်ကြားခဲ့သည်။သာသနာတော်၏ အသက်ဖြစ်သော ဝိနည်းပိုင်းတွင် အကျဉ်းအားဖြင့် သိက္ခာပုဒ်ပေါင်း ၂၂၇ သွယ်ရှိပြီး ထိုသိက္ခာပုဒ်တိုင်းသည် ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့သည့် “မလုပ်ရ”ဟူသော ဥပဒေသ၊ နည်းလမ်းညွှန်ပြချက်များ ဖြစ်ပါသည်။ရဟန်းသံဃာများ သာမက လူအများ၏ လူမှုရေး၊ စီးပွားရေးဆိုင်ရာများတွင်ပါ ဗုဒ္ဓဘုရားရှင်၏ မိန့်မှာချက်အဖြစ် လိုက်နာမှုပြုအပ်သော ဝိနည်း၊ သိက္ခာပုဒ်များကို လိုက်နာခြင်းဖြင့်သာ ထေရဝါဒ ဗုဒ္ဓဝါဒကို အစဉ်တည်တံ့စေမည် ဖြစ်သည်။အခြားတစ်ဖက်တွင်လည်း လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်အရ ဘာသာတရားတစ်ခုကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိနေသည်။ ထိုသို့ ကိုးကွယ်ရာ၌ အခြားဘာ သာတစ်ခုကို ကြိုက်နှစ်သက်ခြင်းမရှိပါက ကြိုက်နှစ်သက်ခြင်းမရှိကြောင်း ပြောဆိုပိုင်ခွင့်ရှိမည်ဖြစ် သော်လည်း မုန်းတီးမှုကို ဖြစ်စေသည့် အစွန်းရောက် ပြောဆိုမှုများမှာမူ ထေရဝါဒဗုဒ္ဓဝါဒ၏ လမ်းညွှန်ချက်များနှင့် သွေဖည်လျက်ရှိနေသည်။ မဟိန္ဒ၏ သီရိလင်္ကာပုံစံ မြန်မာ မဖြစ်စေဖို့သီရိလင်္ကာနိုင်မှာလည်း မြန်မာနိုင်ငံနှင့် အလားသဏ္ဌာန်တူညီမှုရှိသည့် ပုံစံများစွာ ရှိနေခဲ့သည်။  သီရိလင်္ကာသမ္မတဟောင်း မဟိန္ဒလက်ထက်တွင် အာဏာရှင်ဆန်မှု၊  ဆွေမျိုးကောင်းစားရေးဝါဒနှင့် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုအချက်ကို မဟိန္ဒက ဖြေရှင်းနိုင်စွမ်း မရှိခဲ့ပေ။ အားနည်းချက်များကို ဖြေရှင်းနိုင်စွမ်းမရှိချိန်မှာပင် ဘာသာရေးကို ခုတုံးလုပ်ပြီး အာဏာတည်မြဲရေး ကြိုးပမ်းမှုများကိုလည်း မဟိန္ဒက ကြိုးစားခဲ့သည်။သို့သော် သီရိလင်္ကာပြည်သူများ က မဟိန္ဒ၏ ခြေလှမ်းများကို ကြိုသိခဲ့ပြီး လက်မခံနိုင်တော့ကြောင်း ပြသခဲ့ကြသည်။မြန်မာနိုင်ငံ၏ အခြေအနေမှာ သီရိလင်္ကာနိုင်ငံထက် ပို၍ရှုပ်ထွေးသည်။ တိုင်းရင်းသားလူမျိုးစုများအကြား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် တန်းတူနေထိုင်နိုင်ရေး တောင်းဆိုချက်များရှိနေသည်။ ကာလရှည်ကြာဖြစ်ပေါ်နေသော ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်ခြင်း မရှိသေးပေ။   သီရိလင်္ကာသမ္မတဟောင်း  မဟိန္ဒရင်ဆိုင်ခဲ့ရသော ပြဿနာ သုံးရပ်ကို မြန်မာနိုင်ငံ၌ လတ်တလော ရင်ဆိုင်နေရသည်။အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းခုလပ်တွင်ရှိနေဆဲဖြစ်သည်။ ဆွေမျိုးကောင်းစားရေးဝါဒကျင့်သုံးသူများ ရှိနေဆဲဖြစ်သည်။ အကျင့်ပျက်ခြစားမှုများ ရှိနေသည်။ အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုပိုင်းအပေါ် မေးခွန်းထုတ်သူများ ရှိနေသည်။ထိုကြားထဲတွင် သမ္မတ ဦးသိန်းစိန်က သမ္မတသက်တမ်းအတွက် နောက်တစ်ကြိမ် ထပ်မံအရွေးခံမည်ဆိုသော သတင်းထွက်လာသည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဦးသိန်းစိန်သည် နောက်တစ်ကြိမ် ထပ်မံရွေးချယ်ခံပိုင်ခွင့်ရှိသည့်အတွက် ငြင်းဆိုရန်အကြောင်းမရှိပါ။ သို့သော်  သမ္မတသက်တမ်း ထပ်မံအရွေးခံလိုသည်ဆိုပါက သမ္မတဦးသိန်းစိန် မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်များ ရှိနေသည်။သမ္မတ ဦးသိန်းစိန်  မဖြစ်မနေလုပ်ရမည့် အချက်နှစ်ခုသမ္မတအဖြစ် ထပ်မံအရွေးခံလိုသည်ဆိုပါက သမ္မတ ဦးသိန်းစိန် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်နှစ်ချက် ရှိသည်။အဆိုပါ အချက်နှစ်ချက်မှာ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်ယိုယွင်း ပျက်ပြားနေခြင်း၊ အဂတိလိုက်စားမှုနှင့် ခြစားမှုတိုက်ဖျက်ရေးကိစ္စများ ဖြစ်သည်။တရားစီရင်ရေးစနစ်၏ ယို့ယွင်းမှုများက မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်။ The World Justice Project ၏ ၂၀၁၄ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ အခြေအနေမှာ စိုးရိမ်စရာဖြစ်သည်။အဆိုပါ အစီရင်ခံစာ၌ ဖော်ညွှန်းချက်အရ တရားမကြောင်းဆိုင်ရာ တရားမျှတမှုကဏ္ဍ၌ မြန်မာနိုင်ငံက နိုင်ငံ ၉၉ နိုင်ငံအနက် အဆင့် ၈၆ တွင်ရှိနေသည်။ ပြစ်မှုကြောင်းဆိုင်ရာ တရားမျှတမှုအပိုင်းတွင် နိုင်ငံ ၉၉ နိုင်ငံအနက် အဆင့် ၈၉ တွင် ရှိနေခဲ့ပါသည်။ထိုအဆင့်များကို ဖော်ညွှန်းခဲ့သည့် သာဓကများကိုဆက်တိုက် မြင်တွေ့နေရသည်။ဥပမာအားဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် ဆက်စပ်သော ကိစ္စရပ်နှင့် စပ်လျဉ်းသော တရားစီရင်မှုများ၌ မမျှတမှုများရှိခဲ့သည်။ မြန်မာနိုင်ငံသား မူးယစ်တရားခံတစ်ဦးဖြစ်သည့် စိုင်းနော်ခမ်ကို တရုတ်နိုင်ငံက သေဒဏ်ပေးခဲ့သည်။ မြန်မာနိုင်ငံဘက်က ကန့်ကွက်ရန် ပျက်ကွက်ခဲ့သည်။ ထိုသို့ပျက်ကွက်ခဲ့သည့်အပြင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်သစ်ခိုးထုတ်ခဲ့သော တရုတ်နိုင်ငံသားများကိုမူ ထိရောက်သောအရေးယူမှုများ မလုပ်ခဲ့ပေ။မြန်မာနိုင်ငံတွင်း ဝင်ရောက်သစ်ခိုးထုတ်ခဲ့သော တရုတ်နိုင်ငံသားများအား လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ အများနှင့်ဆိုင်သောပစ္စည်း ကာကွယ်သည့် ဥပဒေ အပက-၃ ဖြင့် အရေးယူမည်ဆိုပါက ထောင် ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ အရေးယူနိုင်သော်လည်း ထိုသို့ အရေးယူမှုမရှိဘဲ သက်ညှာစွာဖြင့် အရေးယူမှုပြုလုပ်ခြင်း၊ တရုတ်နိုင်ငံသို့ ပြန်ပို့ခြင်းများကိုသာ ပြုလုပ်ခဲ့သည်။ထို့အတူ ပြည်တွင်း၌ နိုင်ငံသားအချင်းချင်း အဓမ္မမှုကျူးလွန်သူများကို ထောင်ဒဏ်တစ်နှစ်၊ နှစ် နှစ်သာချမှတ်ခြင်း၊ အချို့သော ကလေးသူငယ်မုဒိမ်းမှုများ၌ ထောင်ဒဏ်သုံးနှစ်သာ ချမှတ်လေ့ရှိသော အဓမ္မပြုကျင့်မှုဖြစ်စဉ်များတွင်လည်း တိုင်ကြားသူမှာ နိုင်ငံခြားသူဖြစ်ပါက ပြစ်ဒဏ်ကို ပိုမိုစီရင်လေ့ရှိသည်ကို တွေ့ရသည်။ ထိုအချက်ကို ယခုရက်ပိုင်းအတွင်း ချမှတ်ခဲ့သော စီရင်မှုများ၌ တွေ့ရပြီး ကျိုက်ထီးရိုးတွင် နိုင်ငံခြားသူတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် ၄၃ နှစ်၊ မန္တလေးတွင် နိုင်ငံခြားသူတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူတစ်ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ထိုသို့ စီရင်မှုများက နိုင်ငံခြားသားနှင့် နိုင်ငံသားများအကြား တရားစီရင်ချက် မျှတမှုမရှိခြင်းများကို ထင်ရှားစေခဲ့သည်။ အထူးသဖြင့် တရားစီရင်ရေးမဏ္ဍိုင်သည် ၎င်းတို့ကို အပ်နှင်းထားသော အာဏာအား အစွမ်းကုန်အသုံးပြုပြီး ဖိနှိပ်မှုများ ပြုလုပ်နေခြင်းမှာ စစ်အစိုးရလက်ထက် အငြိုးအတေးဖြင့် နိုင်ငံရေးသမားများအား ချိုးနှိမ်လေ့ရှိသော ထောက်လှမ်းရေး၏  ဖိနှိပ်မှုပုံစံများအတိုင်းဖြစ်သည်ဟု ဝေဖန်သူများရှိခဲ့သည်။ထောက်လှမ်းရေးကဲ့သို့ ဖြစ်လာသော တရားစီရင်ရေးမဏ္ဍိုင်၏ ဖိနှိပ်မှုများ၊ ခြိမ်းခြောက်မှုများကို ထင်ရှားစေသည့် စီရင်မှုများမှာ တရားစီရင်ရေးနယ်ပယ်အတွင်း များစွာပေါ်ပေါက်နေပြီး တက်ကြွလှုပ်ရှားသူ ကိုထင်ကျော်အား အရေးယူခဲ့မှုများကလည်း သာဓကတစ်ခု ဖြစ်နေသည်။ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ကိုထင်ကျော်ကို မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ တရားစွဲဆိုခဲ့သည်။ ထိုသို့ တရားစွဲဆိုပြီး မြို့နယ်တစ်ခုချင်းစီအလိုက် ပြစ်ဒဏ်ချမှတ်ခဲ့ရာ ကိုထင်ကျော်မှာ လက်ရှိအချိန်အထိ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ကျော်ကျခံနေရပြီး ဖြစ်သည်။ အမှုတွဲတစ်ခုအနေဖြင့် အမိန့်တစ်ခုတည်း ချမှတ်နိုင်သော်လည်း မြို့နယ်တစ်ခုချင်းစီဖြင့် အမိန့်ချပြီး ထောင်ဒဏ်နှစ်များစွာ ချခဲ့ခြင်းမှာ တရားစီရင်ရေးမဏ္ဍိုင်အပေါ် မေးခွန်းထုတ်မှုကြီးစွာ ဖြစ်စေခဲ့သည်။မရှိဆင်းရဲသား စာရင်းဝင် ဒုက္ခနှင့် ရင်ဆိုင်နေရသော လယ်သမားများကိုအရေးယူရာ၌လည်း မျှတခြင်းမရှိသောတရားစီရင်မှုများကို တွေ့မြင်နေရသည်။ ပြီးခဲ့သည့်ကာလအတွင်း လယ်ယာမြေကိစ္စနှင့် ပတ်သက်ပြီး တရားစွဲခံရသည့် အမှုပေါင်း ၇၀၀ ခန့်ရှိကာ ထောင်ဒဏ်ချမှတ်ခံရသည့် လယ်သမား ၃၀၀ ခန့်ရှိခဲ့သည်။ဂျာနယ်လစ်များနှင့် ပတ်သက်ပြီး စီရင်ခဲ့သော အမှုများကို ပြန်လည်ဆန်းစစ်ပါက ပြစ်မှုနှင့် ပြစ်ဒဏ် မမျှတခြင်းများရှိနေပြီး ယူနတီဂျာနယ်လစ်များအား ချမှတ်ခဲ့သော ပြစ်ဒဏ်များက သာဓက တစ်ခုဖြစ်နေသည်။ယူနတီဂျာနယ်လစ်များသည် အမှန်တကယ်အားဖြင့် ပြစ်မှုကျူးလွန်သူများမဟုတ်ဘဲ သတင်းပညာရပ်ဆိုင်ရာ အားနည်းပြီး ကျင့်ဝတ် ဗဟုသုတနည်းသူများသာ ဖြစ်သည်။ သို့သော် ၎င်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းဖြင့် အရေးယူခဲ့သည်။ ထိုနည်းဖြင့် ဂျာနယ်လစ်များကို သတိပေးမှု ပြုလုပ်ခဲ့သည်။ ဂျာနယ်လစ်များအား တရားစီရင်ရာ၌လည်း ဖိအားပေးမှုများနှင့် နှိပ်ကွပ်မှုများ ရှိခဲ့သည်။ထိုအချက်များက လက်ရှိဖြစ်ပေါ်နေသော တရားစီရင်ရေးမဏ္ဍိုင်သည် အာဏာရှင်စနစ်ထက် ဆိုးဝါးသော ပြုမှုများကို လုပ်ဆောင်နေသည်ဆိုသော သုံးသပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။အခြားတစ်ဖက်တွင် တရားသူကြီးအားလုံး၏ ၈၅ ရာခိုင်နှုန်းခန့်မှာ ခြစားမှုရှိနေကြောင်း ခန့် မှန်းမှုများရှိသည်။ ထိုခြစားမှုများအနက် အမှုတစ်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းမှလွဲ၍ တရားသူကြီးများအပေါ် အရေးယူမှုမှာ မရှိသလောက် နည်းပါးနေခဲ့သည်။သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၂၀၀၀၀ နီးပါး လွတ်မြောက်ခဲ့သည်။ အကျိုးဆက်အားဖြင့် လူသတ်မှုများ၊ ခိုးဆိုးလုယက်မှုများ မြင့်တက်ခဲ့သည်။ ထိုဖြစ်စဉ်များမှ တရားခံပြးများအပါအဝင် တရားခံပြေး သောင်းကျော်ရှိခဲ့သည်။ ထိုအထဲမှ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။ အများစုမှာ လွတ်မြောက်နေဆဲဖြစ်ခြင်းကလည်း တရားဥပဒေစိုးမိုးမှု နည်းပါးခြင်းကို ဖော်ပြလျက်ရှိနေသည်။ထိုအချက်များမှာ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များဖြစ်နေသည်။  သမ္မတ ဦးသိန်းစိန်လက်ထက်မှာပင် အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု၊ ခြစားမှုတိုက်ဖျက်ရေးများကို ထိရောက်သော အရေးယူမှုများ မရှိခဲ့ပေ။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မတိုင်မီက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ ပေါ်ပေါက်ခဲ့သည်။ ထိုကော်မတီ၏ လုပ်ဆောင်ချက်မှာလည်း ထိရောက်မှုမရှိခဲ့ပေ။ ဒေါက်တာ စိုင်းမောက်ခမ်း၏ ကော်မတီအပြီး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပေါ်လာပြန်သည်။ ထူးမခြားနားပင် ဖြစ်ခဲ့သည်။ကော်မရှင်သက်တမ်း ခြောက်လအတွင်း အမှုသုံးမှုကိုသာ ဖော်ထုတ်နိုင်မှုရှိခဲ့ခြင်းက ဆိုးရွားသောအခြေအနေတစ်ရပ်ကို ဖော်ညွှန်းခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံး နိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၌ ယခုနှစ်ပိုင်းအတွင်း ခြစားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး မေးမြန်းခံခဲ့ရသော အရာရှိပေါင်း ၁၈၂,၀၀၀ ကျော်ရှိခဲ့သည်။ ထိုအထဲမှ အစိုးရအဆင့်မြင့်အရာရှိများ အပါအဝင် အရေအတွက် ထောင်ဂဏန်းခန့်ကို ဖမ်းဆီးပြီး ပြင်းထန်သော အရေးယူအပြစ်ပေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း မှာပင် အိန္ဒိယနိုင်ငံ၌ ခြစားမှုနှင့် ပတ်သက်ပြီး ထင်ရှားသော ဖြစ်ရပ် ၂၉ ခုပေါ်ပေါက်ခဲ့ကာ ထိုဖြစ်ရပ်များနှင့် ဆက်နွှယ်သူများကို စုံစမ်းဖော်ထုတ် အရေးယူခဲ့သည်။မလေးရှားနိုင်ငံ၌ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်ကာလအတွင်း လူပေါင်း ၁၃၀၀ ကျော်ကို ခြစားမှုနှင့် ပတ်သက်ပြီး အရေးယူခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၌လည်း ပါလီမန်အမတ် သုံးဦးအပါအဝင် လူဦးရေ ၃၀ ကျော်ကို ခြစားမှုဖြင့် အရေးယူခဲ့ခြင်းရှိခဲ့သည်။စင်ကာပူနိုင်ငံတွင်လည်း ခြစားမှုအတွက် အရေးယူခဲ့ခြင်းများရှိခဲ့ကာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း ထင်ရှားသော ခြစားမှုငါးမှုအပြင် အခြားအမှုများ ဖော်ထုတ်အရေးယူခဲ့သည်။ဒေသတွင်းနိုင်ငံများတွင် အရေးယူခဲ့သောဖြစ်စဉ်များနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၌ စုံစမ်းဖော်ထုတ်နိုင်ခဲ့သော အမှုသုံးမှုဆိုသည်မှာ အဆမတန် နည်းပါးနေသည်။ ထို့အပြင် ဖော်ထုတ်ခဲ့သည်ဆိုသောအမှုသုံးမှု၏ အမျိုးအစား၊ ပြစ်ဒဏ်စီရင်မှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခြင်း မရှိပေ။Transparency International အဖွဲ့၏ ၂၀၁၄ ခုနှစ်ညွှန်းကိန်းအရ ခြစားမှုအများဆုံးနိုင်ငံများစာရင်းတွင် အဆင့် ၁၅၆ ၌ မြန်မာနိုင်ငံက ရပ်တည်ခဲ့ပြီး အာဆီယံနိုင်ငံများထဲတွင် အဆိုးဆုံးရောက်နေသော အဆင့်ဖြစ်သည်။သမ္မတ ဦးသိန်းစိန်အနေဖြင့် အဂတိလိုက်စားမှုများကို ပီပြင်စွာတိုက်ဖျက်ရန် အရေးတကြီး လိုအပ်နေသည့်နည်းတူ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်မှုများကို အမြန်ဆုံးပြင်ဆင်ရန် လိုအပ်နေပါသည်။မည်သို့ပင်ဖြစ်စေ တောင်အာရှ၏ သက်တမ်းရှည်ဒီမိုကရေစီအာဏာရှင်ဖြစ်သော မဟိန္ဒ၏ နိုင်ငံရေးဖြစ်စဉ် တစ်ခန်းရပ်သွားပြီ ဖြစ်သည်။ သူ့ကို သီရိလင်္ကာပြည်သူများက လက်မခံနိုင်တော့ကြောင်း ပြသလိုက်ကြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက မဟိန္ဒ၏ ကျဆုံးခန်းကို ပီပြင်စွာပြဆိုလိုက်သည်။မြန်မာနိုင်ငံ၌လည်း ၂၀၁၅ ခု နှစ်တွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။ မဟိန္ဒ ဖြစ်စဉ်သည် မြန်မာအစိုးရအဖွဲ့အတွက် သင်ခန်းစာယူမည်ဆိုပါက ယူနိုင်သည့်အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါသည်။ 

Most Read

Most Recent