အရှည်ကြာဆုံးနှစ်

အရှည်ကြာဆုံးနှစ်
Published 11 January 2015
နီမင်းဆွေ

၂ဝ၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလမှာ ပြုလုပ်ပေးမယ်ဆိုတဲ့သတင်းကို ဟိုတစ်နေ့က ကြားသိလိုက်ရတဲ့အခါမှာ စိတ်တွေလှုပ်ရှားသွားပြီး တစ်ဆက်တည်းမှာပဲ ငယ်စဉ်တုန်းက ကြည့်ခဲ့ရတဲ့ “အရှည်ကြာဆုံးနေ့”(The Longest Day) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သွားသတိရမိပါတယ်။ အဲဒီလို နောင်တစ်ချိန်မှာ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်လာမယ့်  ၆-၆-၁၉၄၄ ရက်ကဖြစ်ပွားခဲ့တဲ့ ကမ်းတက်တိုက်ပွဲအပြီးမှာ ကမ္ဘာ့သမိုင်းရဲ့ရေစီးကြောင်းတစ်ခုလုံး ပြောင်းသွားခဲ့ပါတယ်။ အခုလည်းပဲ အခုကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲအပြီးမှာ ကိုယ်တို့နိုင်ငံရဲ့ သမိုင်းရေစီးကြောင်းဟာလည်း    ပြောင်းကောင်းပြောင်းသွားနိုင်လေမလားလို့ တွေးမိတဲ့အတွက် ဒီဇာတ်ကားကို သတိရသွားမိတာလည်း ဖြစ်ပါတယ်။
 
အဲဒီ သမိုင်းဝင်ကမ်းတက်တိုက်ပွဲဟာ ၂၄ နာရီပဲကြာပြီး ဒီ ၂၄ နာရီအတွင်းမှာ ကိုယ်မကျဆုံးရေးနဲ့ ကိုယ့်နိုင်ငံက ပြည်သူတွေ အသက်ရှူချောင်သွားနိုင်ရေးအတွက် ဒီတိုက်ပွဲကြီးအောင်မြင်အောင် မဟာမိတ်စစ်သည်တွေဟာ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ကြပါတယ်။ 
အခုလည်းပဲ ကိုယ်တို့နိုင်ငံရဲ့အနာဂတ်ဘဝ သာယာဖြောင့်ဖြူးရေးအတွက် အခုဒီတစ်နှစ် မပြည့်တပြည့်ကာလအတွင်းမှာ ကိုယ်တို့ပြည်သူတွေ အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြရမှာဖြစ်တယ်။ ဒါ့ကြောင့် အချိန်ကို အလဟဿမဖြစ်စေဘဲ အကွက်စေ့စေ့အသုံးချပြီး အချိန်ပြည့်အလုပ်လုပ်သွားကြရမှာမို့ ဒီနှစ်ကို ကိုယ်တို့နိုင်ငံရဲ့ အရှည်ကြာဆုံးအချိုးအကွေ့နှစ်ရယ်လို့ သတ်မှတ်ရင်တောင်မှ သတ်မှတ်လို့ရနေနိုင်တဲ့အချက်ကလည်း ဒီဇာတ်ကားကို သတိရသွားမိစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
 
ဒီ နော်မန်ဒီကမ်းတက်တိုက်ပွဲ မဆင်နွှဲခင်မှာ ဒီတိုက်ပွဲကိုဆင်နွှဲဖို့ မဟာမိတ်တပ်တွေ အင်မတန်မှ အားခဲခဲ့ကြပါတယ်။ စစ်ကြီးစလို့ ဖြစ်လာခဲ့တာကလည်း ငါးနှစ်ထဲဝင်လာပြီဆိုတော့ အခုလိုဒုက္ခဆင်းရဲဒဏ်ကို ဒီပုံစံအတိုင်းဆက်ခံသွားရမှာနဲ့စာရင် သေခါမှသေလေရော့ ပြဿနာကို နဖူးတွေ့ဒူးတွေ့ မြန်မြန်ဆန်ဆန် ရင်ဆိုင်ဖြေရှင်းလိုက်တာက မှ ပိုပြီးမှန်ကန်တဲ့လမ်းကို ရွေးချယ်ရာရောက်ဦးမယ်ဆိုတဲ့ ခံစားချက်မျိုး မဟာမိတ်စစ်သည်တွေရဲ့ရင်ထဲမှာ ဖြစ်ပေါ်လာနေကြပါတယ်။ 
အဲဒီလို အောက်ခြေကစစ်သည်တွေ ဆန္ဒစောနေကြတဲ့အချိန်မှာ မဟာမိတ်တပ်တွေရဲ့ ခေါင်းဆောင်ပိုင်းမှာလည်း ပြင်သစ်နိုင်ငံရဲ့ ဘယ်ကမ်းခြေနေရာကို ကမ်းတက်ဖို့ ရွေးချယ်ရင် အကောင်းဆုံးဖြစ်နိုင်မလဲဆိုပြီး ခေါင်းပူအောင် စဉ်းစားနေကြရပါတယ်။ 
တကယ်တမ်းကျတော့ မဟာမိတ်တပ်ဖွဲ့ပေါင်းစုံရဲ့ အထွတ်အထိပ် စစ်ဦးစီးချုပ်ဖြစ်သူ အမေရိကန်ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါဟာ ဂျာမန်တွေမျှော်လင့်မထားကြတဲ့ အင်္ဂလိပ်ရေလက်ကြားရဲ့အကျယ်ဆုံးနေရာဖြစ်တဲ့ နော်မန်ဒီကမ်းခြေကို ရာသီဥတု အဆိုးရွားဆုံးအချိန်မှာ ကမ်းတက်ဖို့ရွေးချယ်ခဲ့ပါတယ်။ ဒါဟာလည်း စစ်အောင်နိုင်ရသော ဥပဒေသကိုဆန့်ကျင်တဲ့ စစ်ဗျူဟာကိုအသုံးပြုပြီး ရန်သူကိုအငိုက်ဖမ်းနိုင်ဖို့ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ တကယ်လည်းပဲ ဂျာမန်တွေအငိုက်မိပြီး စစ်ရှုံးသွားကြလို့ ဒီဆုံးဖြတ်ချက်ဟာ အိုက်ဆင်ဟောင်ဝါနဲ့ မဟာမိတ်တပ်တွေအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖြစ်ထွန်းစေခဲ့ပါတယ်။ 
 
ကိုယ်တို့နိုင်ငံက ခေါင်းဆောင်တွေဟာလည်း လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေ အထူးသဖြင့် တစ်ဖက်ပါတီကလူတွေ မမျှော်လင့်တဲ့ နည်းဗျူဟာတွေကို ဗြုန်းခနဲချသုံးပြီး ပြိုင်ဘက်ကို အငိုက်ဖမ်းဖို့ကြိုးစားကြလေမလားလို့လည်း တွေးကြည့်မိပါတယ်။ အဲဒီလို နည်းဗျူဟာတွေကို သုံးမသုံးမသေချာပေမယ့် ပါတီတိုင်းအဖွဲ့အစည်းတိုင်းမှာ ဝှက်ဖဲတစ်ချပ်စီရှိနေကြမှာကတော့ သေချာပါတယ်။ ဒါကြောင့်မို့ မဟာမိတ်တွေရဲ့ အရှည်ကြာဆုံးနေ့နဲ့ ကိုယ်တို့တစ်တွေရဲ့ အရှည်ကြာဆုံးနှစ်ရဲ့ နည်းဗျူ ဟာအခြေခံသဘောတရားတွေဟာ တချို့နေရာတွေမှာ သွားပြီးဆင်တူနေနိုင်တာမို့ ဒီရုပ်ရှင်ဇာတ်ကားအကြောင်းကို ပြောပြချင်မိတာဖြစ်ပါတယ်။ 
 
The Longest Day  ရုပ်ရှင်ဇာတ်ကားဟာ အိုင်းရစ်စာရေးဆရာ “ခိုနီးလီးယာ့စ်ရိုင်းယန်း” Cornelius Ryan ရဲ့ ၁၉၅၉ ခုနှစ်က ဒီနာမည်နဲ့ပဲ ထုတ်ဝေခဲ့တဲ့စာအုပ်ထဲက ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကို မြန်မာပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ “ဂျွန်ဝှိန်း” “ဆိုဖီယာလော ရင်း” ရောဘတ်မစ်ချန်” “ရှောင်ကွန်နရီ”နဲ့ “ရစ်ချတ်ဘာတန်” တို့အပါအဝင် ကမ္ဘာကျော် ရုပ်ရှင်မင်းသား အင်အား ၄၂ ယောက်နဲ့ အား ဖြည့်ရိုက်ကူးထားတာဖြစ်လို့ မပြခင်ကတည်းက နာမည်တအားကြီးနေခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ ရုံတင်ပြသတော့လည်း အောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲက တိုက်ပွဲဟာ တစ်ရက်တည်းသာကြာခဲ့ပေမယ့် ဒီတိုက်ပွဲဖြစ်လာစေခဲ့တဲ့ သမိုင်းနောက်ခံကတော့ အရှည်ကြီးပါပဲ။ ဒုတိယကမ္ဘာစစ်ကြီးစဖြစ်ပြီး မကြာခင်မှာ အရှေ့ဘက်စစ်မျက်နှာမှာရှိတဲ့ ရုရှားတပ်နီတော်ဟာ ဂျာမန်တွေရဲ့ ထိုးနှက်တိုက်ခိုက်တာကို အလူးအလဲခံခဲ့ရပုံအကြောင်း၊ နည်းနည်းလောက်ဖြစ်ဖြစ် ရုရှားတပ်တွေ သက်သာရာရနိုင်စေဖို့ အနောက်ဘက်အရပ်မှာ စစ်မျက်နှာအသစ်တစ်ခု ဖွင့်ပေးကြပါဦးလို့ ဆိုဗီယက်ရုရှားရဲ့ ခေါင်းဆောင်ကြီး “ဂျိုးဇက်စတာလင်”က အမျိုးမျိုးတောင်းပန်ပေမယ့် အမေရိကန်သမ္မတ “ဖရန့် ကလင်ရုစဗဲ့”နဲ့ အင်္ဂလန်နိုင်ငံရဲ့ဝန်ကြီးချုပ် “ဝင့်စတင်ချာချီ” တို့က မြုံစိစိလုပ်နေခဲ့ကြလို့ စစ်ကြီးအစပိုင်းမှာ ဂျာမန်တွေရဲ့ထိုးစစ်ဒဏ်ကို ရုရှားတပ်တွေ အလူးအလဲခံခဲ့ရပုံအကြောင်းတွေကို ပြောခဲ့ဖူးပါပြီ။
 
တကယ်တမ်းကျတော့ ဒီအဖြစ်ဟာ   “အတ္တာဟိ အတ္တနော နာထော” ဆိုတဲ့ ဘုရား ဟောတရားတော်ဟာ မှန်ကန်နေကြောင်း သက်သေပြလိုက်သလိုပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ကိုယ်ရေးကြုံလာရင် ကိုယ့်အားကိုယ်ကိုးဖို့ကလွဲပြီး တခြားဘယ်နိုင်ငံဆီကမှ ဘာအကူအညီမှ မျှော်မှန်းလို့မရနိုင်ဘူးဆိုတာ ဒီအဖြစ်ကိုကြည့်ပြီး သိမြင်နိုင်ပါတယ်။ ခါးသီးလှတဲ့ ဒီသင်ခန်းစာဟာ စတာလင်နဲ့ ရုရှားပြည်သူတွေအတွက် နောင်တစ်ချိန်မှာ ခွန်အားတစ်ရပ်ဖြစ်လာစေခဲ့ပါတယ်။ ဒီလို ပိတ်လှောင်မွန်းကျပ်တဲ့ အခြေအနေကြောင့်သာ ရုရှားပြည်သူတွေဟာ လူတိုင်း တစ်ရက် ၁၈ နာရီအလုပ်လုပ်ပြီး အမိနိုင်ငံတော်ရဲ့ အသက်ကို ဆက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
 
ဆိုဗီယက်တပ်နီတော်ဟာ “မဟာမျိုးချစ်စစ်ပွဲ”လို့ သူတို့ခေါ်တဲ့ ဒီဒုတိယကမ္ဘာစစ်ကြီးထဲကို မလွှဲမရှောင်သာလို့ ဝင်ရောက်ဆင်နွှဲခဲ့ကြရာမှာ ပထမပိုင်းမှာ ဦးကျိုးခဲ့ပြီး ၁၉၄၃ ခုနှစ် အကုန်လောက်ရောက်တော့မှသာ ပြန်ပြီးခေါင်းထောင်လာနိုင်ခဲ့တာပါ။ အဲဒီအချိန်ကစပြီး ဂျာမန်တွေ တဖြည်းဖြည်း စစ်ရှုံးတော့မယ့်အရိပ်အယောင်တွေ ပေါ်လာပါတော့တယ်။ အရင်ကလိုပဲ မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်ထဲကို ကမ်းတက်ပြီး ဝင်ရောက်မတိုက်ခိုက်သေးဘဲ အသာမှိန်းနေကြဦးမယ်ဆိုရင် ရုရှားတပ်တွေဟာ စစ်ကြီးအပြီးမှာ ဘာလင်မြို့ကြီးကိုသာမက ဂျာမနီတစ်နိုင်ငံလုံးကိုပါ သိမ်းပိုက်သွားနိုင်တော့မယ့် အခြေအနေတွေကိုလည်း မြင်တွေ့လာနေရပါပြီ။ ဒါကြောင့် မဟာမိတ်တွေဟာ နော်မန်ဒီကမ်းတက်တိုက်ပွဲကို အဲဒီအချိန်အခါကျမှသာ အပြေးအလွှားထပြီး ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ 
ရုရှားစစ်သည်တွေနဲ့ ရုရှားပြည်သူတွေကို သနားကရုဏာသက်လို့ မဟာမိတ်တွေ ဝင်ကူခဲ့ကြတာမဟုတ်ဘူး။ သူတို့အကျိုးစီးပွားအတွက်ကြောင့်သာ  ဒီအရှည်ကြာဆုံးနေ့တိုက်ပွဲကို ဝင်ပြီးဆင်နွှဲခဲ့ကြတာပါလားဆိုတာ နောက်ပိုင်းကျမှ လူတွေ သဘောပေါက်လာကြရတာပါ။ 
 
ဒီရုပ်ရှင်ဇာတ်ကားထဲက စိတ်ဝင်စားစရာဇာတ်ဝင်ခန်းတွေအကြောင်း ပြောနေမယ်ဆိုရင်တော့ ဆုံးနိုင်မယ်မထင်တော့ဘူး။ ဒါ့ကြောင့်  ဇာတ်သိမ်းပိုင်းထဲက အခန်းတစ်ခန်းအကြောင်းကို ပြောပြချင်ပါတယ်။ နော်မန်ဒီကမ်းတက်တိုက်ပွဲပြီးဆုံးခါနီးအချိန်လေးမှာ မဟာမိတ်တပ်တွေဘက်က တိုက်လေယာဉ်မှူး “ဒေးဗစ်ကင်းဘဲ” အဖြစ် သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်မင်းသား “ရစ်ချတ်ဘာတန်” နဲ့ လေကြောင်းချီတပ်မက လေထီးစစ်သည်လေး “အာသာရွှတ်စ်”အဖြစ် သရုပ်ဆောင်တဲ့ “ရစ်ချတ်ဘေမာ”တို့ဟာ သူတို့ ရဲ့ရှေ့မှာ လည်ရှည်ဘွတ်ဖိနပ်နှစ်ဖက်ကို ပြောင်းပြန်စီးပြီး သေဆုံးနေတဲ့ ဂျာမန်အရာရှိတစ်ယောက်ရဲ့ ရုပ်အလောင်းကိုကြည့်ပြီး ရယ်ချင်စိတ်နဲ့ စကားပြောနေကြတယ်။ ရဲဘော်လေးက “ဟုတ်ပါရဲ့ဗျာ၊ သူ့ခမျာ က တုတ်ကျင်းထဲက ကမန်းကတန်း ပြေးထွက် လာခဲ့ရပုံပဲနော်”လို့ပြောပြီး မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားလည်း ပြီးဆုံးသွားပါတယ်။
 
အခုအချိန်အခါမှာ ကိုယ်တို့နိုင်ငံက နိုင်ငံသူနိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံရဲ့ အရှည်ကြာဆုံးနှစ်ကို ဖြတ်သန်းရင်း ဒီနှစ်ထဲမှာပဲ အရေးကြီးတဲ့ နိုင်ငံရဲ့သမိုင်းစာမျက်နှာသစ်တစ်ခုကို ရေးကြရတော့မယ်။ ဒီလိုရေးကြမယ့်နေရာမှာ တစ်ယောက်ခြေလှမ်းကို တစ်ယောက်က မလွတ်တမ်းစောင့်ကြည့်ပြီး ဗျူဟာမျိုးစုံကို ကျင့်သုံးကြလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ပြောချင်မိတာကတော့ ကိုယ့်ပါတီအနိုင်ရအောင် လုပ်ကြရမှာဖြစ်ပေမယ့် ကိုယ်တို့တစ်တွေဟာ မဟာမိတ်တပ်တွေနဲ့ ဝင်ရိုးတန်းတပ်တွေလို မဟာရန်သူတွေ မဟုတ်ကြဘူးဆိုတာကိုပါ ပဲ။ ဒါ့အပြင် ကိုယ်တို့တစ်တွေဟာ မဟာမိတ်တပ်က ခေါင်းဆောင်တွေနဲ့ စတာလင်တို့ရဲ့ ဆက်ဆံရေးပုံစံမျိုးလိုလည်း ဖြစ်နေကြသေးတာ မဟုတ်ပါဘူး။ တစ်လှေတည်းစီး တစ်ခရီးတည်းသွားပြီး ၅၂ သန်းသောပြည်သူတွေရဲ့ အနာဂတ်အတွက် ဦးတည်လုပ်ဆောင်နေသူတွေသာ ဖြစ်ကြပါတယ်။ 
 
ဒါမှသာ သမိုင်းကြောင်းလည်းကောင်းပြီး ဒီအရှည်ကြာဆုံးနှစ်အလွန်မှာ စိတ်ချမ်းသာကြရမယ့်ဘဝတွေကို ပြည်သူတွေ ပိုင်ဆိုင်ခွင့်ရကြမှာပဲ မဟုတ်လား။

Most Read

Most Recent