“တစ်တိုင်းပြည်လုံး တိုးတက်စေချင်ရင် လူအားငွေအား ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။” အဆိုပါ စာသားများမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မြွက်ကြားခဲ့သည့် ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၁ ရက် ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲမိန့်ခွန်းမှ ပြောကြားချက်များ ဖြစ်ပါသည်။ ယခုအခါ ဗိုလ်ချုပ်ကွယ်လွန်ခဲ့သည်ပင် နှစ်ပေါင်း ၆၀ ကျော်ခဲ့ပေပြီ။ ဗိုလ်ချုပ်စိုးရိမ်လှစွာ မိန့်မှာခဲ့ပုံများနှင့် တစ်ထပ်တည်း ကျနေခဲ့သည်မှာပင် နှစ်ပရိစ္ဆေဒပေါင်း မနည်းခဲ့တော့ပြီ။ လွတ်လပ်ရေး ရပြီးချိန်မှသည် ယနေ့ထက်တိုင် လက်နက်စွဲကိုင်ကြလျက် တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုများဖြင့် အသက်ပေါင်းများစွာ၊ အိုးအိမ်စည်းစိမ်များစွာ တိုင်းပြည်ဘဏ္ဍာပေါင်း များစွာတို့ ပြုန်းတီးပျက်စီး ခဲ့ကြရသည်မှာလည်း အားလုံးအသိပင် ဖြစ်ပေသည်။ယနေ့ကာလ၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဖြင့် တစ်ဦးအပေါ်တစ်ဦး တင်ရှိနေခဲ့ကြသည့် သံသယများ ဖြေဖျောက်ရန် ကြိုးပမ်းလျက်ရှိနေသည်မှာလည်း မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။ သို့သော်လည်း ပန်းတိုင်ဆီ မရောက်နိုင်သေးသည်မှာလည်း အားလုံးအသိပင်။ အယူအဆ အမျိုးမျိုး ခံယူချက် အသွယ်သွယ်တို့ဖြင့် သူကတစ်ဖုံ ငါကတစ်လီဖြစ်လျက် ရှိကြပုံများကိုလည်း ကျွန်တော်တို့၏ နားမျက်စိများ၌ တိုးဝင်ထိခတ်လျက် ရှိပေသည်။ လက်ရှိကာလ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပနေခိုက်၊ နိုဝင်ဘာ ၁၉ ရက်တွင် ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းအား တပ်မတော်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့ပေသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရ၏ သဘောထားကို မေးမြန်းမှု ပြုထားသည်ဟု ဆိုပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်အကောင်အထည်ဖော်နိုင်မှုနှင့် ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက “အန်ကယ်တို့ တင်ပြထားတဲ့ အချက်အလက်တွေ အပေါ်မှာ ဘယ်လိုအဖြေပေးမလဲ၊ အဲဒီ အပေါ်မှာ အန်ကယ်တို့ စဉ်းစားရမယ်။ ဟိုဘက်ကပေးလာတဲ့ အဖြေပေါ်မှာ မကြာခင် အန်ကယ်တို့ အစည်းအဝေးထိုင်ပြီးတော့ သုံးသပ်တယ်လေ။ အဓိကအားဖြင့်တော့ လိုင်ဇာစစ်သင်တန်းကျောင်းကို ပစ်ခတ်တဲ့ အပေါ်မှာ အစိုးရဘက်က ဘယ်လိုကုစားမလဲ၊ ဘယ်လိုသဘောထားပေးမလဲ စသဖြင့် ကျေလည်အောင်ပေါ့။ တစ်ဆို့နေတဲ့ ညှိနှိုင်းထားတဲ့ အချက်အလက်တွေ အပေါ်မှာလည်း စောင့်ကြည့်ဦးမယ်လေ” ဟု ပြောကြားခဲ့သည်။ ထိုဖြစ်စဉ် မတိုင်မီ စက်တင်ဘာက ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲတွင်လည်း မပြေလည်မှုများ ပေါ်ပေါက်ခဲ့ပြီး နှစ်ဖက် သဘောမတူညီမှု အချက်များ တိုးပွားခဲ့ရသည်။ပြဿနာတစ်ရပ် ပေါ်ခဲ့ပြီဆိုလျှင် ဟိုဘက်ဒီဘက် အမြင်မတူညီမှုများဖြင့် ဘက်နှစ်ဖက် ပေါ်ရစမြဲပင် ဖြစ်ပေသည်။ မကြာခဏ ဆိုသလို လက်ကိုင်ပြု ပြောကြားလျက်ရှိသည့် စကားတစ်ခွန်းကိုလည်း ကျွန်တော်တို့တွေ ကြားနေကျမို့ အတန်ပင် နားရည်ဝနေကြပေပြီ။ “မတူညီတာတွေ ဘေးအသာထားပြီး၊ တူညီတာတွေ ဆက်ပြီးလုပ်သွားကြရင်းဖြင့် ပန်းတိုင်တစ်ခုဆီ လျှောက်လှမ်းကြရေး” ဆိုသည့် စကားပါပေ။ အပစ်အခတ် ရပ်စဲရေး ကိစ္စများ အပြည့်အ၀ အကောင်အထည် မဖော်နိုင်သမျှ ဘေးဒုက္ခ အမျိုးမျိုးတို့ဖြင့် နပန်းလုံး သတ်ပုတ်နေကြရသည့် စစ်ပြေးစစ်ရှောင် စခန်းများဆီမှ ညီနောင်ဒုက္ခသည်များ၏ မျက်နှာများကို အပြေးအလွှားပင် မြင်ယောင်လိုက်မိပါသည်။ အမိုးအကာ မလုံမခြုံမှု၊ အစာရေစာ မဝလင်မှု၊ ရင်သွေးငယ်များ၏ စာသင်ခန်းနှင့် ကျောခိုင်းနေရမှုများ စသဖြင့် အနိဋ္ဌာရုံ အပေါင်းတို့နှင့် ဖက်ပွေ့နေကြရသည်။ ဒီသို့သော အခြေအနေမျိုး၌ ဒုက္ခခံစားနေကြရသည့် တိုင်းရင်းသားညီနောင် အပေါင်းတို့၏ ခံစားချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်နေသည်မှာလည်း အဖြေမှန် တစ်ရပ်ပင်။ ယခုအခါ အနုပညာရှင်အချို့ ပါဝင်သည့် အဖွဲ့အစည်းများက စစ်ဘေးရှောင်ဒေသရှိ ဒုက္ခသည်စခန်းသို့ ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေ အနုပညာဖျော်ဖြေပွဲများ ပြုလုပ်လျက် ရှိကြပေသည်။
စိတ်ရင်းစေတနာမှန်ဖြင့် အကောင်အထည်ဖော်မှုပေါ် အာရုံစူးစိုက်မှု ပြုကြမှသာလျှင် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် ဖက်ဒရယ်ပန်းတိုင်ကို ပြည်သူအပေါင်းတို့ လှမ်းကိုင်နိုင်ကြလိမ့်မည်ဟု ယုံကြည်မိပေသည် . . . . .
ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား အင်အားစုအားလုံး ပါဝင်နိုင်ဖို့ နိုင်ငံတော်သမ္မတမှ ၂၀၁၁ သြဂုတ်လကပင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပေသည်။ လက်ရှိအချိန်ထိ တွေ့ဆုံညှိနှိုင်းမှုဖြင့် အကောင်ထည်ဖော် လှုပ်ရှားခဲ့သည်မှာ နှစ်တစ်ပတ်လည်ပေတော့မည်။ သို့သော်လည်း ယခုအချိန်ထိ အချို့သောအချက်များ ညှိနှိုင်း၍ မအောင်မြင်နိုင်သေးပေ။ သြဂုတ်လ ဆွေးနွေးပွဲ ပြီးဆုံးစဉ်က ဆွေးနွေးရန်အချက် အနည်းငယ်သာ ကျန်ရှိကြောင်း သိရပြီး ၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နိုင်မယ်လို့ နှစ်ဖက်ကိုယ်စားလှယ်တို့၏ ပြောကြားချက်များကိုလည်း ကြားခဲ့ရသည်။ နိုင်ငံတော်သမ္မတ၏ လစဉ်မိန့်ခွန်းတစ်ခု၌ “တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုကို ပိုမိုအားထည့် ဆောင်ရွက်ဖို့၊ နိုင်ငံရေး အင်အားစုများ၏ သဘောထားကြီးမှု စိတ်ရှည်သည်းခံမှု၊ အလေးအနက်ထား ပါဝင်အားထုတ်မှုတို့ အထူးလိုအပ်တယ်” လို့ ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး ဆောင်ရွက်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှုနှင့် ညင်သာသည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို သေချာစေမည်ဆိုပြီး နိုင်ငံတော်သမ္မတ၏ သတိပေးစကား တစ်ခွန်းကိုလည်း နားသောတ ဆင်ခဲ့ရပေသည်။၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ “ကျွန်တော်တို့နိုင်ငံတွင် လွတ်လပ်ရေး ရပြီးချိန်မှစ၍ ပေါ်ပေါက်ခဲ့သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်း မရှိခဲ့သည့်အတွက် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရာ ပြည်ထောင်စုအတွင်းရှိ ဒေသများစွာမှ ပြည်သူများသည် ယနေ့တိုင် ငြိမ်းချမ်းရေး အနှစ်သာရကို ပြည့်ဝစွာ ခံစားရရှိခြင်း မရှိသည်ကို သိရှိကြပြီး ဖြစ်ပါသည်။ ယင်းကိစ္စသည် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသများမှ ပြည်သူများကိုသာမက နိုင်ငံတွင်းရှိ ပြည်သူတစ်ဦးချင်းစီ၏ ဘဝများကိုပါ ရိုက်ခတ်လျက် ရှိသည်ကိုလည်း သိရှိကြပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် နိုင်ငံသားတစ်ဦးချင်းစီအတွက် အလွန်အရေးပါသော ဖြစ်စဉ်ကြီးတစ်ရပ် ဖြစ်ပါသည်” ဟု ဖော်ပြပါရှိခဲ့သည်။လက်ရှိအခြေ၌ အပစ်အခတ်ရပ်စာချုပ် အချောသပ် နှစ်ဖက်သဘောတူရန် ကျန်ရှိနေသည့် အချက်များမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်မည့် အစုအဖွဲ့ပုံစံ သတ်မှတ်ရေးကိစ္စ၊ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးနေစဉ် တိုင်းရင်းသား အဖွဲ့အစည်းများ ရပ်တည်နိုင်ရေး ကိစ္စများ ပါဝင်သည့် ကြားကာလ အစီအစဉ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ ဖွဲ့စည်းရန် ကိစ္စများ ပါဝင်ကြောင်း သိရပေသည်။ ငြိမ်းချမ်းရေးကိစ္စကို ပြည်သူအားလုံးက လိုလားတောင့်တကြသည်မှာ အထူးပြောဖွယ် မရှိပါပေ။ လူတန်းစားအလွှာ အသီးသီးတို့ကလည်း စိတ်ပါဝင်စားလျက် ရှိပါသည်။ “မန္တလေးမြို့၌ ကျောင်းသားလူငယ်များ ငြိမ်းချမ်းရေးလှုံ့ဆော်မှု ပြုလုပ်” ဆိုသည့် သတင်းခေါင်းစဉ်နှင့်အတူ နိုင်ငံသားများအနေဖြင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ်သည့်စိတ်များ နိုးကြားစေရန်၊ မိမိ တစ်ဦးတည်း ငြိမ်းချမ်းရေးမှသည် တစ်နိုင်ငံလုံး ငြိမ်းချမ်းစေချင်သည့် ဆန္ဒများ အရှိန်အဟုန်ကြီး ထားစေရန် မတူကွဲပြားသည့် အစုအဖွဲ့များအကြား ငြိမ်းချမ်းရေးကို လိုလားသူ အချင်းချင်း လက်တွဲပူးပေါင်းမိစေရန်နှင့် အနာဂတ်တွင် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော လူငယ်အင်အားစုများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည်။လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော် ကာလဆီကပင် နှုတ်ထွက်စကားဖြင့် ကြိုတင်ထောက်ပြထားခဲ့သည့် “ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး” ဟုဆိုသည့် စကားများပါပေ။ ထိုကဲ့သို့ မဖြစ်စေရေး ရည်ရွယ်ချက်ရှိရှိဖြင့် တိုင်းရင်းသားအပေါင်းတို့ မျှော်လင့်လျက် ရှိကြသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းလျက် ရှိသည်ကိုလည်း ကျွန်တော်တို့ မျက်မြင်ပင် ဖြစ်ပေသည်။ အကောင်အထည်ဖော် ကြိုးပမ်းသူများ အနေဖြင့်လည်း တစ်ဦးချင်း တစ်ဖွဲ့ချင်းစီ၏ ခံစားချက်များအပေါ် ရှေ့တန်းတင်မှု မပြုမိကြဖို့ လိုအပ်ပေသည်။ တစ်ဖက်နှင့်တစ်ဖက် အဖွဲ့အစည်းများအကြား ကျန်ရှိနေသည့် သံသယဖြစ်မှု၊ မယုံကြည်မှုများနှင့်အတူ အသာစီးရလိုမှုများ ဖလည်းလျှော့ချကြရမည် ဖြစ်ပေသည်။ တစ်ဖက်မှလည်း စစ်၏ အနိဋ္ဌာရုံများကြောင့် နေရပ်စွန့်ခွာရကာ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေထိုင်ကြရသည့် တိုင်းရင်းသားအပေါင်း၏ မျှော်လင့်နိုး မျက်နှာကလေးများအား ကိုယ်ချင်းစာ နှလုံးသားဖြင့် ရှုမြင်ကြဖို့ လိုအပ်ပါသည်။နိဂုံးချုပ် အနေဖြင့် နိုင်ငံဦးဆောင် ပုဂ္ဂိုလ်တို့၏ စိတ်ရင်းစေတနာမှန်ဖြင့် အကောင်အထည်ဖော်မှုပေါ် အာရုံစူးစိုက်မှု ပြုကြမှသာလျှင် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် ဖက်ဒရယ်ပန်းတိုင်ကို ပြည်သူအပေါင်းတို့ လှမ်းကိုင်နိုင်ကြလိမ့်မည်ဟု ယုံကြည်မိပေသည်။