လူတော်တော်များများ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိဘဲ သေသွားကြတယ်။ သူတို့ သေသွားတဲ့အခါ ကျန်တဲ့သူတွေကလည်း သူတို့ ဘယ်သူတွေဆိုတာ မသိကြဘူး။ သူတို့က လူတွေသာ ဖြစ်ခဲ့ကြတယ်လေ။လူ့ဘဝတစ်ခုကို တည်ဆောက်ကြတဲ့အခါ ကျွန်တော်တို့ အများစုဟာ ကိုယ်ဘာလဲဆိုတာ သတ်မှတ်ဖို့ မေ့နေတတ်ကြတယ်။ အလုပ်လုပ်တယ်။ ထမင်းစားတယ်။ ဓာတ်ပုံရိုက်တယ်။ ရေချိုးတယ်။ ဒါဟာ လူတိုင်းလုပ်နေတဲ့ အလုပ်တွေပဲ။ တစ်ခါတလေ ကျွန်တော် စဉ်းစားမိတာက “ငါ အလုပ်လုပ်တာမှ ဟုတ်ရဲ့လား။ ဒါဆို ငါ ဘာလုပ်နေတာလဲ” ဆိုတာပဲ။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေက အလုပ်လုပ်ကြတာ မဟုတ်ပါဘူး။ မလုပ်ချင်တာတွေကို လုပ်နေကြရတာပါ။ စာမရိုက်ချင်ဘူး။ အဝတ်မလျှော်ချင်ဘူး။ ဈေးမရောင်းချင်ဘူး။နေ့စဉ်နေ့တိုင်း အလုပ်ခွင်မှာ ညည်းညူ သံတွေကို ကြားနေရတယ်။ သူတို့ ဘာလို့ အဲလို ဖြစ်နေတာလဲ။ အဖြေက သူတို့ လုပ်နေရတာကို သူတို့ မကြိုက်လို့ပါပဲ။ အနောက်နိုင်ငံက လူတွေက ကလေးတွေကို ဝါသနာပါရာ ပျိုးထောင်ပေးဖို့ သိပ်တွန်းအားပေးကြတာ။ ဒီမှာ ငယ်ငယ်ကတည်းက ကြားနေရတာက ပျော်ရာမှာ မနေရ တော်ရာမှာ နေရ၊ ဝါသနာထက် ဝမ်းရေးခက် ဆိုတာတွေပါပဲ။ မင်းမငယ်တော့ဘူး။ ဘာလုပ်မှာလဲ။ ဘယ်သူဆို ဟိုအလုပ်လုပ်တာ ဘယ်လို အဆင်ပြေသွားတယ်။ မင်းလုပ်ပါလား။ ဟုတ်ကဲ့။ လိုက်လုပ်ပါတယ်။ ဒုက္ခရောက်ပါတယ်။ အဆင်မပြေပါဘူး။ ဘာကြောင့်ပါလဲ။ကော်ပီသီချင်းတွေ ခေတ်စားခဲ့တယ်။ ခေတ်စားနေသေးတယ်။ အဲဒီကတည်းက အားကို အပြည့်မထုတ်ချင်ကြတဲ့ ရိုးရာအမွေအနှစ် ဗီဇကို ကြည့်လို့ရတယ်။ ညီလေး မင်းအသံတွေ သိပ်ကောင်းတယ်။ မင်းဆိုတာ အရမ်းကောင်းတယ်။ နိုင်ငံ့အပြင်တော့ ထွက်မဆိုနဲ့။ ဖြစ်နိုင်ရင် နိုင်ငံခြားသား လုံးဝမရှိတဲ့ နေရာမှာဆို။ ကြားလား။ အင်း ... ဒါက မင်းဘယ်သူလဲ၊ ငါဘယ်သူလဲနဲ့ သိပ်တော့ မဆိုင်ဘူး။ အားထုတ်တဲ့ နေရာမှာ အဖြစ် ထုတ်ကြတာကို ပြောချင်တာ။ ကော်ပီရေးတာ အပြစ်လို့တော့ မပြောပါဘူး။ နိုင်ငံခြားမှာဆိုရင်တော့ လျော်ရမယ်။အပေါ်ကဟာ ပြန်ပြောကြမယ်။ တကယ် ဟုတ်ပါတယ်။ သံယောင်လိုက်ရတာ လူတွေ တော်တော် ဝါသနာပါပါတယ်။ သံယောင်လိုက်ရုံတောင် မကဘူး။ သံတူပြု၊ ရုပ်တူပြု၊ အလုပ်တူပြုတွေ ဖြစ်လာကြတယ်။ အဲဒီတော့ ကျွန်တော်တို့တွေဟာ ကိုယ်ဘာလုပ်ချင်မှန်း၊ ဘယ်အရာမှာ ပါရမီပါမှန်း မသိတော့သလို ဘာကိုတော့ မဖြစ်မနေဆိုတဲ့၊ ဘယ်သူတားတားဆိုတဲ့ သန္နိဋ္ဌာန်မျိုးလည်း မရှိတော့ပါဘူး။ ရှိတဲ့သူ တချို့တော့ အနောက်ပြန်လှည့်ကြည့်ရင် ရှားရှားပါးပါး တွေ့ရနိုင်သလို လက်ရှိ သက်ရှိထင်ရှားထဲမှာလည်း တွေ့မြင်ရနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းစဉ်တပ်လို့ မရတဲ့ ဘဝတွေကတော့ ဒုနဲ့ဒေးပါ။ သင်္ဘောတက်မယ်။ စာရင်းကိုင်တက်မယ်။ ဆေးရုံတက်မယ်။ ဦးဘယ်သူ ဆုံးသွားတယ်။ သူက ဘာလဲ။ သူက . . .။
အချိန်က ကန့်သတ်ချက် ရှိတယ်။ ဒါကြောင့်မို့ တခြားသူတစ်ယောက်ရဲ့ ဆန္ဒတွေနဲ့ပဲ ဆုံးဖြတ်ရွေးချယ်မနေနဲ့။ တခြားသူတွေ တွေးတောတဲ့ စိတ်ကူးထောင်ချောက်ထဲမှာလည်း ပိတ်မိမခံနဲ့။ စိတ်နှလုံးထဲက ယုံကြည်ချက်အသံကို လူတွေရဲ့ ထင်ချင်သလို ထင်မြင်ချင်သလိုမြင် အတွေးသံတွေက လွှမ်းမိုးသွားမှာကိုလည်း . . . . .
လူတွေ ရည်ရွယ်ချက် ပျောက်ကုန်တာ အစိုးရကြောင့်လို့ အမြဲကြားခဲ့ရတယ်။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ လူဖြစ်နေတာ သြစတြေးလျ မဟုတ်ပါဘူး။ ကနေဒါ မဟုတ်ပါဘူး။ ဆွီဒင် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကယ်ရမယ်။ ကျွန်စနစ်ထဲက စပါတာကတ်ထက်တော့ ကိုယ့်ဘဝက လန်းပါတယ်။ လွတ်ချင်ရင် ပြေးပေါ့။ ဆွဲမထားပါဘူး။ လွတ်အောင်ပြေးဖို့ အားလေးပဲ လိုတာ။ အဲဒီတော့ အားထည့်ပြီးပြေး။ အလုပ်ကောင်းကောင်းလုပ်။ စာများများဖတ်။ အချိန်ဖြုန်းတာလျှော့။ လွတ်မြောက်နိုင်ပါလိမ့်မယ်။ အဲဒီအခါ အပေါင်းအသင်းတွေက ကိုယ့်လို လိုက်လုပ်ကြလိမ့်မယ်။ ဒါပေမဲ့ သူတို့တွေ ရူးသွားတယ်။ ကိုယ်က ကိုယ်။ သူတို့က သူတို့လေ။ အမြွှာတောင် အကျိုးပေး မတူဘူး။ အိပ်မက် မတူဘူး။ ကြိုက်တဲ့ရည်းစားချင်းလည်း မတူဘူး။ အဲဒါလေးလည်း တွေးရမယ်။မကြာခဏပါပဲ။ သွားသွားစဉ်းစားမိတဲ့ အဖိုးတန် စကားစုလေး။ အက်ပဲလ်ကုမ္ပဏီကို ကမ္ဘာကျော်စေခဲ့တဲ့ စတိဗ်ဂျော့ဘ်ရဲ့ စကားပါ။ နည်းနည်းတော့ ရှည်မယ်။ ဒါပေမဲ့ မဖျက်ချင်ဘူး။ အကုန် ဝေမျှပါရစေ။“အချိန်က ကန့်သတ်ချက် ရှိတယ်။ ဒါကြောင့်မို့ တခြားသူတစ်ယောက်ရဲ့ ဆန္ဒတွေနဲ့ပဲ ဆုံးဖြတ်ရွေးချယ်မနေနဲ့။ တခြားသူတွေ တွေးတောတဲ့ စိတ်ကူးထောင်ချောက်ထဲမှာလည်း ပိတ်မိမခံနဲ့။ စိတ်နှလုံးထဲက ယုံကြည်ချက်အသံကို လူတွေရဲ့ ထင်ချင်သလို ထင်မြင်ချင်သလိုမြင် အတွေးသံတွေက လွှမ်းမိုးသွားမှာကိုလည်း ဘယ်တော့မှ လက်မခံပါနဲ့။ အရေးကြီးဆုံးက နှလုံးသားရဲ့ အိပ်မက်အတွက် သတ္တိအပြည့် ရှိနေဖို့ပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီအိပ်မက်ကသာ ကိုယ်ဟာဘာဖြစ်တယ်၊ ကိုယ်ဟာ ဘယ်သူဖြစ်တယ် ဆိုတာကို သိနားလည်နေလို့ပဲ။ ကျန်တာအားလုံးက ဘဝရဲ့ ဒုတိယတွေပါ”စတိဗ်ဂျော့ဘ်စ်က စကားနည်းတယ်။ ဒါပေမဲ့ ဒီအချက်ကိုတော့ သေသေချာချာ ပြောခဲ့တယ်။ သာမန်ပြောခဲ့တာ မဟုတ်ဘူး။ ပစ္စည်းအသစ်တစ်ခု ထုတ်လို့ ရောင်းကောင်းအောင် ပြောခဲ့တာမျိုး မဟုတ်ဘူး။ အသက်ရှူသံတွေကအစ တောက်ပြောင်ထွက်ကုန်လောက်တဲ့ အတွေးမျိုးနဲ့ ဒါကိုပြောခဲ့တာ။ အိမ်တစ်လုံး ရှိချင်တယ်။ ဘဏ်ထဲမှာ သိန်း ၁၀၀၀ လောက် ရှိချင်တယ်။ ကိုယ်ပိုင်ကား စီးချင်တယ်။ လူတမ်းစေ့ချင်တယ်။ နိုင်ငံခြားမှာ ကျောင်းတက်ချင်တယ်။ ပထမတွေလား၊ ဒုတိယတွေလား၊ တတိယတွေလား။ ဘာတွေလဲ။ ဘာတွေမှန်းတောင် တစ်ခါမှ ပြန်မသုံးသပ်ဖြစ်ဘူး။ ကျွန်တော် တကယ် ဘာဖြစ်ချင်နေတာလဲ။ ဟုတ်တယ်။ ကျွန်တော် ဘာမှန်းမသိဘဲ အောင်မြင်ချင်နေတယ်။ ဘာကို အောင်မြင်ချင်တာလဲ မသိဘူးဗျာ။ကျွန်တော့်အဘိုး ဘယ်သူလဲ။ ကျွန်တော့်အဖေက ဘယ်သူလဲ။ ကျွန်တော့်သားက ဘယ်သူလဲ။ သက်သေခံတွေ ပျောက်ကုန်ပြီ။ သူတို့မှာ မှတ်ပုံတင်တော့ ရှိခဲ့ကြတယ်။ အိပ်မက်တွေ မသိခဲ့ကြဘူး။ ကျွန်တော်က နိုင်ငံကို ပြောင်းလဲချင်တာဗျ။ မင်းဘယ်လို ပြောင်းလဲမှာလဲဆိုတော့ ကျွန်တော့်မှာ အဖြေမရှိတော့ဘူး။ ဒါဆို ဒါဟာ အိပ်မက်မဟုတ်ဘူး။ အိပ်မက်က သိပ်သေချာတာ။ ဘယ်လောက်ထိ သေချာလဲဆိုရင် အိပ်လို့တောင် မပျော်ဘူးကွာ။ တစ်ခါတစ်ခါ ကျွန်တော့်အတွင်းစိတ်က အဲလိုမျိုး ခနဲ့တဲ့တဲ့ လေသံနဲ့ ဖြဲတယ်။ သူက ဖောရှော မလုပ်ဘူး။ တည့်တည့်ပဲ ပြောတယ်။ မင်းက အရူးတဲ့။ကဲ ပြောနေကြာတယ်ဗျာ။ အခုပဲ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် စရှာရအောင်။ မင်းက မြန်မာစာနဲ့ ကျောင်းပြီးထားတယ်ဆို။ မင်းဘယ်လောက် မြန်မာစာတတ်လဲ။ အဲလို ပြန်မေး။ ကျွန်တော့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အလုပ်မအားဘူးဆိုရင် အိပ်မက်က ကိုယ့်နှလုံးသားထဲမှာ သေတဲ့အထိ အိပ်သွားတော့မယ်တဲ့။ ကျွန်တော်လည်း သူ့ကို ထာဝရ မအိပ်စေချင်ဘူး။ မြန်မာနိုင်ငံက အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာမယ့် မျိုးဆက်သစ်တွေရဲ့ အိပ်မက်တွေကိုလည်း အိပ်စက်ခြင်းနဲ့ အဆုံးမသတ်စေချင်ဘူး။ အိပ်မက်တွေ မရှိခဲ့ကြသူတွေဟာ လုပ်ပိုင်ခွင့်ရလာတဲ့အခါ လုပ်ချင်ရာလုပ်ကြတယ်။ အဲလို ခေါင်းဆောင်အုပ်ချုပ်မှုမျိုးကို အနာဂတ်မှာ ထပ်မဖြစ်စေချင်ဘူး။ အင်း . . . သူတို့လည်း သူတို့ ဘယ်သူဆိုတာ မသိတော့ဘူးလေ။ ထားလိုက်ပါတော့။ ကျွန်တော်တို့တွေပဲ ပြန်ရှာကြရအောင်ဗျာ။