အစိုးရက မြေမဲ့ယာမဲ့ အိမ်ထောင်စုများအား နှင်ထုတ်နေမှုကို၂၀၁၅ နှစ်ကုန်ထိ ဆိုင်းငံ့ထားရန်အဆိုအား လွှတ်တော်ရုံးသို့ ပေးပို့ထားသော်လည်း ခုနစ်လကျော်ကြာသည်အထိ ဆွေးနွေးခွင့်မရကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် ပြောကြား

အစိုးရက မြေမဲ့ယာမဲ့ အိမ်ထောင်စုများအား နှင်ထုတ်နေမှုကို၂၀၁၅ နှစ်ကုန်ထိ ဆိုင်းငံ့ထားရန်အဆိုအား လွှတ်တော်ရုံးသို့ ပေးပို့ထားသော်လည်း ခုနစ်လကျော်ကြာသည်အထိ ဆွေးနွေးခွင့်မရကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် ပြောကြား
Published 10 January 2015
ကျော်ဇင်ဝင်း

မြေမဲ့ယာမဲ့အိမ်ထောင်စုများကို တရားရုံးအမိန့်ဖြင့် နေအိမ်မှနှင်ထုတ်မှုများနှင့် ဝန်ကြီးဌာန၏ အမိန့်ဖြင့် ဖယ်ရှားနှင်ထုတ်မှုများအား ၂ဝ၁၅ ခုနှစ်ဒီဇင်ဘာလကုန်ထိ ယာယီဆိုင်းငံ့ထားပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တိုက်တွန်းကြောင်း အဆိုအား ပြည်သူ့လွှတ်တော်ရုံးသို့ ၂ဝ၁၄ ခုနှစ် ဧပြီ ၃ဝ ရက်စွဲဖြင့် ပေးပို့ထားသော်လည်း ခုနစ်လကျော်ကြာသည်အထိ ဆွေးနွေးခွင့်မရသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်လာသည့်အချိန်တွင် တရားရုံးများ၏ အမိန့်ဒီကရီအရ လည်းကောင်း၊ ဝန်ကြီးဌာနများ၏ အမိန့်အာဏာအရလည်းကောင်း လက်ရှိနေထိုင်လျက်ရှိသော မိသားစုများအား နေအိမ်ပေါ်မှနှင်ထုတ်မှုများ များပြားလာနေပြီး နေရေးဒုက္ခကြောင့်  လူမှုရေးတင်းမာမှုများ ကြီးထွားလာနေကာ မြေမဲ့ယာမဲ့ အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရအနေဖြင့်City Development Plan, Township Development Plan များ ရေးဆွဲနေချိန်၌ ဆိုင်းငံ့ထားရန် တိုက်တွန်းသည့် အဆိုဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီ၏      ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပါတီစည်းရုံးရေးကော်မတီ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီ ၁ဝ ရက်က ပြုလုပ်ရာတွင် ဦးသိန်းညွန့်က မိန့်ခွန်းပြောကြားရာ၌ အဆိုပါကိစ္စအား ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဥပမာစက်မှုဝန်ကြီးဌာန၊ မီးရထားဝန်ကြီးဌာနက မောင်းထုတ်လိုက်တဲ့ အိမ်ခန်းတွေကိစ္စ  ဒါတွေကိုတားပေးဖို့ လက်တွေ့မှာ ဆောင်ရွက်ထားသလို လွှတ်တော်တစ်ခုလုံးရဲ့ အဆုံးအဖြတ်လိုတဲ့အတွက် အစိုးရအမိန့်အာဏာနဲ့ မောင်းထုတ်မှု၊ နောက်တစ်ခုက တရားရုံးအမိန့်အာဏာနဲ့ မောင်းထုတ်မှုအားလုံးကို ၂ဝ၁၅ ဒီဇင်ဘာ ၃၁ ရက်ထိရပ်ထားပေးဖို့။ လူတွေဟာ ကောင်းကောင်းမွန်မွန် မစားသောက်ရရင်တောင် နေရေးဘဝပျောက်လို့တော့မရဘူး။ နေရေးဘဝပျောက်ရင် ဘယ်လောက်ဆိုးရွားတယ်ဆိုတာ မြင်တွေ့တဲ့အတိုင်းပဲ။ ဒါကြောင့် ကျွန်တော်တို့က ၂ဝ၁၅ မှာပြည်သူလူထုဟာ သူတို့လိုချင်တဲ့ အစိုးရကို သူတို့ရွေးချယ်တဲ့နေရာမှာ နေရေးဘဝပျောက်ပြီးတော့ မဲရုံသွားရမယ်ဆိုရင် ဘယ်သူမှသွားချင်မှာ မဟုတ်ဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ စားဝတ်နေရေးတွင် စားရေးနှင့်နေရေးသည် လက်ရှိအချိန်တွင် ငွေကြေးဖောင်းပွမှုများကြောင့် ပြည်သူလူထု အနေဖြင့်ပင်ပန်းကြီးစွာ ရုန်းကန်နေရကြောင်း၊ မိမိအနေဖြင့်ဦးစားပေး ဆောင်ရွက်ရာတွင် လူထုအခွင့်အရေးများ ရရှိရေး၊ အဓိကအားဖြင့် နေထိုင်ရေးနှင့်ပတ်သက်၍ မောင်းထုတ်ခံနေရမှုများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့နေရေးနှင့် စပ်လျဉ်းပြီး (၉)ကြိမ်မြောက်လွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဆိုသည်ကို မသိရှိရဘဲ ဆွေးနွေးခွင့်မရသေးကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
“နောင်အစိုးရဆက်လုပ်မယ့် လက်ရှိအစိုးရပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်။ နောင်သမ္မတလုပ်ပြီး အစိုးရလုပ်ချင်တဲ့ သူတွေပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ပြဿနာကို လက်တွေ့ဘယ်လောက် ဖြေရှင်းချင်သလဲ။ ဖြေရှင်းနိုင်လဲ။ ဖြေရှင်းဖို့ အဆင်သင့်ရှိလဲဆိုတာ  စမ်းသပ်ဖို့အတွက် ဒီအဆိုကို တင်ထားတာပါ။ ဒီအဆိုကို ခွင့်မပြုရင် တိုက်ပွဲပုံစံသစ်တစ်ခု လုပ်ရမှာပေါ့” ဟု ဦးသိန်းညွန့်က ပြောကြားသည်။
 
 
 
 

Most Read

Most Recent