“I am Charlie” ကျွန်တော်က ချာလီပါ

“I am Charlie” ကျွန်တော်က ချာလီပါ
Published 10 January 2015
ဒေါက်တာခင်မောင်ညို

“ကိုဘသစ် ဘာတွေ တွေးနေတာလဲ”“ဒီနေ့ ပြင်သစ်မှာ ဂျာနယ်လစ်တွေ ပစ်သတ်ခံရတယ်လေ”“သတင်းထဲ ပါလား”“ဒီက အင်တာနက်သတင်းကိုကြည့် ချာလီဟက်ဘဒူးဆိုတဲ့ ပြင်သစ်မဂ္ဂဇင်းတိုက်မှာ လူ ၁၂ ယောက် အသတ်ခံရသတဲ့ (Charlie Hebdo: Gun attack on French magazine kills 12) တဲ့”“စိတ်မကောင်းစရာပဲ”“ဟုတ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် (Freedom of Press) ဆိုတဲ့ ပေတံနဲ့ ကြည့်ရင် ဒါဟာ ဂျာနယ်လစ်တွေအတွက် အခြေအနေ မကောင်းဘူးလို့ ဆိုရမယ်”“ဒီနေရာမှာ အတိုက်အခိုက်ခံရတာ ကာတွန်းဆရာတွေနဲ့ အယ်ဒီတာချုပ်တစ်ယောက် ပါတယ် ပြောတယ်။ တိုက်ခိုက်မှုမှာ ကာတွန်းဆရာတွေကို တားဂက် (Target) ထားတယ်လို့ ဆိုတယ်”“ဘာဖြစ်လို့လဲ”“ကာတွန်းဆရာတွေရဲ့ ကာတွန်းတစ်ကွက်ဟာ မြားတစ်စင်းလိုပဲ စူးရှသတဲ့”“ခံရသူတွေ နာတာတော့ အမှန်ပါပဲ။ ကာတွန်းတစ်ကွက်ဟာ စာတစ်ပုဒ် စာတစ်အုပ်လိုပဲ ထိရောက်တယ်။ မြန်မာနိုင်ငံမှာ ကာတွန်းဆရာကြီး ဦးဘဂျမ်းဟာလည်း အတော့်ကို ထိရောက်တဲ့ ကာတွန်းတွေ ရေးခဲ့တယ်”“ဟုတ်တယ်။ ကာတွန်းဖေသိန်းတို့၊ ဦးဘဂျမ်းတို့ဟာ မြန်မာပြည်သူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်နိုင်တယ်လို့တောင် ပြောလို့ရတယ်”“မှန်တာပေါ့။ ဒီဘက်ခေတ်မှာ ကာတွန်းဆရာတွေဟာ အတော်လေး စုစုစည်းစည်း ရှိကြတယ်။ သူတို့တစ်တွေဟာ မဂ္ဂဇင်းတွေမှာ နေရာရထားပါတယ်”“ခုခေတ်မှာ သတင်းစာတွေ၊ ဂျာနယ်တွေ ပေါများလာတော့ ကာတွန်းတွေဟာ မရှိမဖြစ် လိုအပ်လာတယ်။ ဂျာနယ်တွေမှာ သတင်းသက်သက်ဆို အီနေတယ်။ ဒီတော့ ကာတွန်းတွေ လိုတယ်။ ကာတွန်းဆရာတွေကိုလည်း ဂျာနယ်လစ်လို့ အသိအမှတ် ပြုလာကြတယ်”“ဒါကတော့ ဂျာနယ် ဒါမှမဟုတ် သတင်းစာတွေ စာမျက်နှာတွေမှာ ပါဝင်တဲ့သူ အားလုံးကို ဂျာနယ်လစ်လို့ ခေါ်ကြတယ်။ အယ်ဒီတာတွေရော၊ ဆောင်းပါးဆရာ (Opinion Writers) တွေရောနဲ့အတူ သတင်းထောက်တွေ သတင်းရေးသူတွေနဲ့ ကာတွန်းဆရာတွေကိုပါ ဂျာနယ်လစ်လို့ ခေါ်လာတယ်”“ဒါကြောင့်လည်း ကာတွန်းဆရာတွေကို အညှိုးထားကာ သတ်ပစ်တာပဲပေါ့”“ဒါကတော့ အတော်လွန်တာပဲ”“မှန်တယ်၊ ပြင်သစ်သမ္မတက ဒါဟာ ဒီမိုကရေစီကို တိုက်ခိုက်တာပဲတဲ့။ သူဆိုလိုတာက Freedom of Expression ဟာ ဒီမိုကရေစီမှာ အရေးပါတယ်လို့ ပြောတာပဲ”“အင်း.. ဂျာနယ်လစ်တွေရဲ့ ဒုက္ခကလည်း ကြီးတယ်။ မြန်မာပြည် သတင်းစာတွေ လုပ်တုန်းက မင်းတုန်းမင်းကြီး အားပေးတာကို သတိရတယ်”“ငါမကောင်း ငါ့အကြောင်းရေး၊ ငါ့မိဖုရားမကောင်း မိဖုရားအကြောင်းရေးလို့ ပြောခဲ့တယ်”“သူက ဒီလိုပြောတာ မှတ်တမ်း ကျန်ခဲ့တာပေါ့ဗျာ”“ဒါပေမဲ့ ကိုလိုနီ လက်အောက်ကနေ စပြီး သတင်းစာဆရာတွေ အနှိပ်အကွပ် ခံခဲ့ရတယ်။ ထင်ရှားတာက ဗိုလ်ချုပ်အောင်ဆန်းပေါ့”“သူက အင်္ဂလိပ်ခေတ်တုန်းက မီဒီယာသမားပဲလား”“သူ ကျောင်းသားဘဝမှာ အိုးဝေမဂ္ဂဇင်း အယ်ဒီတာချုပ် လုပ်တယ်။ အဲဒီမှာ အိုးဝေညိုမြရဲ့ ‘ငရဲခွေးကြီး လွတ်လာပြီ’ (A Hellhound at Large) ဆိုတဲ့ ဆောင်းပါးကို သူ့ရဲ့ မဂ္ဂဇင်းမှာ ထည့်လိုက်တာ ပြဿနာ တက်သွားတော့တာပဲ”“ဘာအကြောင်းလဲ”“ငရဲပြည်က ခွေးကြီးဟာ လူ့ပြည်လာရောက် သောင်းကျန်းနေတယ် ဆိုတာကို ရေးထားတာပါ။ ဒီဆောင်းပါးဟာ သရော်စာဖြစ်တယ်။ အင်္ဂလိပ်နယ်ချဲ့တွေကို အတော်လေး ဆော်ထားတယ် ဆိုပါတော့။ အထူးသဖြင့် တက္ကသိုလ်အာဏာပိုင်တွေနဲ့ အစိုးရကို ထိခိုက်စေတာပဲ”“ဦးညိုမြကို အရေးမယူဘူးလား”“နာမည်ဝှက်နဲ့ ရေးတာကိုး”“အစိုးရက မသိဘူးလား”“အလိုတော်ရိတွေ အများကြီး ရှိတယ်။ သိတာပေါ့။ ဒါပေမဲ့ အရေးယူဖို့ဆိုတာ ခိုင်မာတဲ့သက်သေ ရှိရတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး D.J. Sloss က အိုးဝေမဂ္ဂဇင်း အယ်ဒီတာဖြစ်တဲ့ ကျောင်းသားအောင်ဆန်းကို ခေါ်မေးတယ်”“သူ ပြောလိုက်လား”“မပြောပါဘူး။ ဒါဟာ Journalist's Ethic နဲ့ဆိုင်တယ်။ အယ်ဒီတာတစ်ယောက်ဟာ သူ့ရဲ့ စာစောင်မဂ္ဂဇင်းတွေမှာ ရေးသားတဲ့သူတွေကို ထုတ်ဖော်ပြောခွင့် မရှိဘူး”
Charlie Hebdo မဂ္ဂဇင်းတိုက်မှာ သေနတ်နဲ့ပစ်ပြီး အသတ်ခံရတယ်။ ဒါနဲ့ ပတ်သက်ပြီး ပါရီမြို့သူ မြို့သားတွေ၊ လန်ဒန်ကလူတွေ၊ ဘာလင်က ပြည်သူတွေ လမ်းပေါ်ထွက်ခဲ့ကြတယ်။ အင်မတန်ချမ်းတဲ့ ဒီဆောင်းတွင်းမှာ သူတို့က ဆုတောင်းပွဲတွေလုပ်ပြီး သူတို့ဟာ သေဆုံးသူတွေနဲ့အတူ ရှိနေကြောင်း . . . . .

“ဒါပေမဲ့ ခြိမ်းခြောက်ရင်ကော”“ကျောင်းအုပ်ကြီး D. J. Sloss က ကျောင်းသားအောင်ဆန်းကို ခြိမ်းခြောက်တာပေါ့။ ပြောပြရင် အပြစ်မပေးဘူး။ မပြောရင် ကျောင်းထုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာပေါ့”“သူ ဘာပြောလဲ”“သူပြောတဲ့ အင်္ဂလိပ်စကားအတိုင်း ပြောပြမယ်။ We have the ethic. You must have heard the journalist ethic and their code of conduct. So I am sorry to say that I cannot reveal the name of the writer. တဲ့”“ဘာသာပြန်ပြပါဦး”“ကျွန်တော်တို့မှာ စာနယ်ဇင်းသိက္ခာ ရှိတယ်။ ခင်ဗျားလည်း ကြားဖူးမှာပါ။ ကျွန်တော် မပြောနိုင်ဘူးတဲ့”“ဒီတော့ မစ္စတာဆလော့စ်က အောင်ဆန်းကို ကျောင်းက ထုတ်လိုက်တာပေါ့၊ ဟုတ်လား”“ထုတ်လိုက်တာပေါ့။ ဒါနဲ့ တစ်ပြည်လုံးက ကျောင်းသားတွေ သပိတ်မှောက်ကြတယ်”“အေးဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းဟာ တကယ့်ကို ဂျာနယ်လစ် ပီသတယ်။ သူက Ethic ကို လေးစားတာပဲ”“နယ်ချဲ့အစိုးရဟာ ကျောင်းသားတွေကို မတရား လုပ်တာကိုး။ ဒီလို လုပ်တဲ့အခါ ပြည်သူတွေကပါ ကျောင်းသားတွေကို အားပေးလေ့ ရှိတာကို တွေ့ရတယ်။ ၈၈ အရေးအခင်း ဆိုရင်လည်း ကျောင်းသားတွေဘက်က ပြည်သူတွေ ပါလာတာပဲ”“သတင်းစာရယ်၊ ပြည်သူရယ်၊ ကျောင်းသားရယ်ဟာ တစ်သွေးတည်း ရှိတတ်ကြတယ်။ အထူးသဖြင့် သိက္ခာပိုင်းနဲ့ ပတ်သက်ပြီး သတင်းစာတွေ စောင့်ထိန်းရတယ်”“ဟုတ်တယ်။ စောစောက အဖြစ်အပျက်ကို ပြည်သူတွေအားလုံး သတင်းစာ ဂျာနယ်လစ်တွေဘက်က ရပ်တည်တယ်”“ဘယ်လိုမျိုးလဲ”“ခု ၇-၁-၂ဝ၁၅ နေ့က အယ်ဒီတာတစ်ယောက်နဲ့ ကာတွန်းဆရာ သုံးယောက်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့က Charlie Hebdo မဂ္ဂဇင်းတိုက်မှာ သေနတ်နဲ့ပစ်ပြီး အသတ်ခံရတယ်။ ဒါနဲ့ ပတ်သက်ပြီး ပါရီမြို့သူ မြို့သားတွေ၊ လန်ဒန်ကလူတွေ၊ ဘာလင်က ပြည်သူတွေ လမ်းပေါ်ထွက်ခဲ့ကြတယ်။ အင်မတန်ချမ်းတဲ့ ဒီဆောင်းတွင်းမှာ သူတို့က ဆုတောင်းပွဲတွေလုပ်ပြီး သူတို့ဟာ သေဆုံးသူတွေနဲ့အတူ ရှိနေကြောင်း ထုတ်ဖော်ပြောကြားတယ်။ အထူးခြားဆုံးကတော့ အဲဒီမှာ I am Charlie ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ပြီး ‘ကျွန်တော်က ချာလီပါ’ ဒါမှမဟုတ် ‘ကျွန်မဟာ ချာလီပါ’ လို့ ပြောသွားတာပါပဲ”“ဒီလို I am Charlie လို့ ပြောတာ ဘာတွေ ထူးခြားလို့လဲ”“ချာလီဟက်ဘဒူးဆိုတာ သရော်စာတွေနဲ့ နာမည်ရနေတဲ့ ပြင်သစ်မဂ္ဂဇင်းပါပဲ။ I am Charlie လို့ ပြောတာဟာ ‘ချာလီဟက်ဘဒူး’ ဆိုတာ မသေဘူး။ ရှင်သန်နေတယ်လို့ပြောတဲ့ သဘောမျိုးပဲ၊ ပြင်သစ်မှာတင် မကဘူး။ နိုင် ငံအတော်များများမှာလည်း ဒီလိုရေးထားတဲ့ ဆိုင်းဘုတ်တွေကို လူတွေ ကိုင်ထားတယ်။ ခင်ဗျား စပါးတားကပ်စ် (Spartacus) ရုပ်ရှင်ကားကို ကြည့်ဖူးလား”“မမှတ်မိတော့ဘူး”“အဲဒီထဲမှာ ရောမဘုရင်က Spartacus ဆိုတဲ့ ကျွန်တစ်ယောက်က ကျွန်တွေကို စည်းရုံးပြီး တော်လှန်ဖို့ လုပ်တာကို သိသွားတော့ ကျွန်တွေကို စုဝေးစေပြီး ဘယ်သူက Spartacus လဲလို့ မေးတယ်။ ဒီအခါ တစ်ယောက်က ထပြောတယ်။ I am Spartacus. နောက်တစ်ယောက်က ထပြောပြန်တယ် I am Spartacus. နောက်တစ်ယောက်ကလည်း ပြောတယ် I am Spartacus. တစ်ကွင်းလုံးမှာ I am Spartacus ဆိုသူတွေနဲ့ ပြည့်သွားတယ်။ ဒီအခါ ဘုရင်က ဘာလုပ်ရမယ်မသိ ဖြစ်သွားတယ်။ I am Spartacus ဆိုသူတွေကို သတ်လို့ မကုန်နိုင်ပါဘူး”“အေးဗျာ၊ ပြင်သစ်လိုနိုင်ငံရဲ့ မြို့တော် ပါရီဆိုတာ အနုပညာအင်အား အင်မတန်ကောင်းတဲ့ မြို့ကြီးပါပဲ။ ဒီလိုမြို့မှာ အကြမ်းဖက်ဝါဒ ဖြစ်လာတော့ အတော်လေး ဝမ်းနည်းစရာကောင်းတယ်”“အစစ်ပေါ့၊ ကမ္ဘာကြီးဟာ တကယ်ပဲ ပျက်စီးသွားပြီလား။ အနုပညာဆိုတာကို နားမလည်ကြတော့ဘူးလား။ အနုပညာဟာ ကျွန်တော်တို့ရဲ့ အသည်းနှလုံးတွေပါပဲ။ ဒါကို နှစ်ပေါင်းများစွာ တည်ဆောက်ရပါတယ်”“လူတွေရဲ့ သမိုင်းမှာ တက္ကနိုလိုဂျီ တိုးတက်လာတာ မှန်ပါတယ်။ တိုးတက်လာတဲ့ ယဉ်ကျေးမှု Civilization မှာ အနုပညာက အဓိက အတော်ကျတယ်။ အနုပညာ ပျက်သုဉ်းသွားရင် လူတွေဟာ တိရစ္ဆာန်နဲ့ မခြားတော့ဘူး”“အထူးသဖြင့် ကျွန်တော်တို့လို ဂျာနယ်လစ်တွေကတော့ ဂျာနယ်လစ်တွေကို တားဂတ်ထား တိုက်ခိုက်တဲ့ ခုလို လုပ်ရပ်တွေကို ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”“ဒါဆိုရင် ‘ကျွန်တော်က ချာလီ’ ပါ။ I am Charlie ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကိုင်ကာ ပဲရစ်မြို့က Charlie Hobde မဂ္ဂဇင်းတိုက်မှာ ကွယ်လွန်သွားသူများအား ဂုဏ်ပြုကြပါစို့”ကျွန်တော်က ချာလီပါ။(I am Charlie)