အယ်လ်နီညိုတို့ မောင်နှမ

အယ်လ်နီညိုတို့ မောင်နှမ
Published 10 January 2015
တက္ကသိုလ် မိုးဝါ

အယ်လ်နီညို (El Nino) တွင် လာနီညာ (La Nina)  ဟုခေါ်သော နှမအချောအလှတစ်ယောက် ရှိသည်။စပိန်ဘာသာအမည် ဖြစ်သဖြင့် ၎င်းမောင်နှမ နှစ်ဦးကို စပိန်လူမျိုးဟု သတ်မှတ်လျှင် ရမည်ထင်သည်။ အယ်လ်နီညိုသည် ‘ကောင်ကလေး’ ဖြစ်ပြီး လာနီညာမှာ ‘ကောင်မလေး’ ဟု အဓိပ္ပာယ်ရသည်။ဂျပန်မိုးလေဝသနှင့် ဇလဗေဒ အေဂျင်စီက ၂ဝ၁၄ ခုနှစ်သည် လွန်ခဲ့သည့် အနှစ် ၁၂ဝ ၏ မှတ်တမ်းမှတ်ရာများအရ အပူဆုံး နှစ်တစ်နှစ် ဖြစ်သည်ဟု လတ်တလော ကြေညာခဲ့သည်။ ပူနွေးလာမှုသည် ရပ်တန့်ခြင်း မရှိရုံသာမက နှေးကွေးသွားခြင်းပင် မရှိခဲ့ဟု ဆိုသည်။ တောင်အမေရိကတိုက်၏ ပူအိုက်စွတ်စိုသော အနောက်ဘက် ပစိဖိတ် ကမ်းရိုးတန်းတစ်လျှောက် မူမမှန် ထူးကဲသည့် သမုဒ္ဒရာပူနွေး ရေစီးကြောင်းများ ဖြစ်ပေါ်လာသောအခါ ရာသီဥတု ဖောက်ပြန်မှုများဖြစ်ကာ ငါးဖမ်းခြင်း၊ စိုက်ပျိုးခြင်းတို့အပေါ် ဆိုးကျိုးသက်ရောက်စေသည်။ အယ်လ်နီညို ဖြစ်စဉ်များကြောင့် ပင်လယ်ရေမျက်နှာပြင် အပူချိန်အား ဝ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် တက်လာစေသည်။ ယင်းအပူချိန်သည် ပျမ်းမျှခြင်းအားဖြင့် ကာလ ကိုးလမှ နှစ်နှစ်ခန့် ကြာမြင့်သည်အထိ ပင်လယ်မျက်နှာပြင်တွင် တည်ရှိနေတတ်သည်။အယ်လ်နီညို စတင်ဖြစ်ပေါ်လာခြင်းကို သိရှိနိုင်ရန်မှာ အိန္ဒိယ သမုဒ္ဒရာ အပါအဝင် ဩစတြေးလျနှင့် အင်ဒိုနီးရှားတို့ရှိ ရေမျက်နှာပြင်ဖိအား မြင့်တက်လာမှု ဖြစ်စဉ်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ထို့ပြင် တဟီတီ (Tahiti နှင့်တကွ ပစိဖိတ်သမုဒ္ဒရာ၏ အလယ်နှင့် အရှေ့ဒေသတစ်ဝိုက် လေထုဖိအား ကျဆင်းခြင်းကိုလည်း ကြုံတွေ့ရသည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့ရာသီဥတု မူမမှန်တော့ဘဲ အချိန်ကြာမြင့်စွာ မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ မုတ်သုံအဝင်အထွက် နောက်ကျခြင်း စောခြင်း၊ ခြောက်သွေ့ဒေသများတွင် မိုးရွာသွန်းခြင်း၊ ရေလွှမ်းခြင်း စသည်တို့ ဖြစ်ပေါ်စေသည်။ တောင်အမေရိကတိုက်၏ ကမ်းရိုးတန်းဒေသသို့ ပင်လယ်ရေနွေးစီးကြောင်းများ စီးဝင်လာသောအခါ ပင်လယ်ရေအေးများ မျက်နှာပြင်ပေါ်သို့ တက်မလာစေရန် ကန့်သတ်လိုက်ခြင်းကြောင့် ရေမျက်နှာပြင်သည် သိသာစွာပင် ပို၍ ပူနွေးလာသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် ရေနေသတ္တဝါ၊ အထူးသဖြင့် ငါးများအတွက် အာဟာရပြည့်ဝသော အစာများသည်လည်း ပင်လယ်နက်မှ ရေအေးနှင့်အတူ မျက်နှာပြင်သို့ ရောက်ရှိမလာနိုင်တော့ခြင်းကြောင့် ငါးအရေအတွက်ကို များစွာလျော့နည်း သွားစေသည်။ ကွင်းဆက်အနေဖြင့် ငါးဖမ်းလုပ်ငန်းနှင့် ငါးရောင်းဝယ်ဈေးကွက်ကို ပြင်းထန်စွာ ရိုက်ခတ်မှု ဖြစ်ပေါ်လာစေတော့သည်။အယ်လ်နီညို ဖြစ်ပေါ်ရန် အခြေအနေပင်လယ်ရေနွေးစီးကြောင်း အစုလိုက်သည် တောင်အမေရိက ကမ်းရိုးတန်းတစ်လျှောက်သို့ ချဉ်းကပ်ရောက်ရှိလာသည်။ ပင်လယ်နက်မှ ရေအေးသည် မျက်နှာပြင်သို့ တက်ရောက်မလာနိုင်သောကြောင့် မျက်နှာပြင်ရှိ ရေနွေးကို သာမန်ထက်ပို၍ ပူနွေးလာစေသည်။လာနီညာ ဖြစ်ပေါ်လာရန် အခြေအနေလာနီညာဖြစ်စဉ်မှာ အစ်ကိုဖြစ်သူ အယ်လ်နီညိုဖြစ်စဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ လာနီညာဖြစ်စဉ်မှာ သမုဒ္ဒရာ ရေမျက်နှာပြင်ထက် ငါးအစားအစာ ကြွယ်ဝသော ရေအေးအစုသာ ကြီးစိုးသည့်ဖြစ်စဉ်မျိုး ဖြစ်သည်။ ငါးအရေအတွက် တိုးပွားစေသော ဖြစ်စဉ်လည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဆိုပါ ဖြစ်စဉ်ကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်၍ ရေရှားခြင်း၊ တစ်ဆက်တည်း အနေဖြင့် သီးနှံအထွက်နည်းပြီး အစာရေစာ ရှားပါးခြင်း၊ တောင်သူများအဖို့ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို . . . . .

ပင်လယ်ရေနွေးတို့သည် ကမ်းရိုးတန်း၏ ပိုဝေးသော အနောက်ဘက်သို့ စီးရွေ့သည်။ အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်ခြင်း မရှိသော အခြေအနေမျိုး၌ အရှေ့အရပ်မှ တိုက်ခတ်လိုက်သည့် လေသည် ပင်လယ်မျက်နှာပြင်ရှိ နေရောင်ခြည်ကြောင့် ပူနွေးသော ရေနွေးများအား အနောက်အရပ်သို့ စီးမျောသွားစေကာ ပီရူးနှင့် အီကွေဒေါနိုင်ငံတို့ရှိ ကမ်းရိုးတန်း ဒေသတစ်ဝိုက် အာဟာရပြည့်ဝသော အစားအစာ ပါရှိသည့် ပင်လယ်နက်ပိုင်းမှ ရေအေးကို မျက်နှာပြင်သို့ တက်လာစေပြီး ငါးအရေအတွက်ကို တိုးပွားစေသည်။လာနီညာသည် အယ်လ်နီညို၏ ဆန့်ကျင်ဘက်သက်ရောက်မှု ရှိသည်ဟု ဆိုခဲ့ပြီး ဖြစ်သည်။ မှတ်သားလောက်သည့် သက်ရောက်မှုတစ်ခုမှာ ၂ဝဝ၈ ခု မတ်လဖြစ်စဉ် ဖြစ်သည်။ ယင်းကာလ၌ လာနီညာကြောင့် အရှေ့တောင်အာရှ တစ်ဝိုက်တွင် ပင်လယ်မျက်နှာပြင် အပူချိန် ၂ ဒီဂရီဆဲလ်စီးယပ်စ် ကျဆင်းသွားသဖြင့် မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့တွင် မိုးပြင်းထန်စွာ ရွာသွန်းစေခဲ့သည့် ဖြစ်စဉ်မှာ မှတ်သားဖွယ်ရာ ဖြစ်ခဲ့သည်။လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အယ်လ်နီညို ဖြစ်စဉ်များသည် လာနီညာဖြစ်စဉ်များထက် အကြိမ်များစွာပို၍ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရ၏။ ဤဖြစ်စဉ်သည် ဆိုင်ကလုန်းမုန်တိုင်းများ၊ တိုင်ဖွန်းမုန်တိုင်းများ စသည်တို့ကို ဖြစ်ပေါ်စေလေ့ရှိရာ ယင်းမုန်တိုင်းများ လှုပ်ရှားဖြစ်ပေါ်ရာ ဒေသများမှာ ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့မြောက်ဒေသနှင့် ဂျပန်နိုင်ငံ၏ တောင်ဘက်ဒေသတွင် ဖြစ်သည်။ အယ်လ်နီညို ဖြစ်စဉ်သည်လည်း ကမ္ဘာကြီး ပူနွေးလာမှုနှင့် အနည်းနှင့်အများ ဆက်စပ်ပတ်သက်နေသည်ဟု တွက်ဆနေကြသည်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အယ်လ်နီညိုဖြစ်စဉ် အရေအတွက် ပို၍ များပြားလာရခြင်း ဖြစ်သည်ဟု ပြောဆိုနေကြသည်။အနောက်ပစိဖိတ်ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာမှ ရေနွေးစီးကြောင်းတို့ အရှေ့ပစိဖိတ်သို့ ပြန့်သွားခြင်းနှင့်အတူ မိုးရေကိုလည်း ယူဆောင်သွားရာ အနောက်ပစိဖိတ် အရပ်၌ ကြီးမားသော မိုးခေါင်မှု တစ်ရပ်အား ဖြစ်ပေါ်စေကာ မူလအားဖြင့် ခြောက်သွေ့နေလေ့ရှိသည့် အရှေ့ပစိဖိတ်အရပ်၌ မိုးရွာသွန်းစေသည်။ စင်ကာပူနိုင်ငံ၌ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလ တစ်လသည် အခြောက်သွေ့ဆုံးလအဖြစ် မှတ်တမ်းတင်ထားကြရသည့် အခြေအနေမျိုး ဖြစ်သွားခဲ့သည် ဆိုသည်။ပစိဖိတ်သမုဒ္ဒရာမှ စတင်ဖြစ်ပွားတတ်သည့် အယ်လ်နီညိုဖြစ်စဉ်သည် ယခု ၂ဝ၁၄ ခု ဇွန်လမှ ၂ဝ၁၅ ခု ဇွန်လအတွင်း ဖြစ်ပေါ်လာလိမ့်ဦးမည်ဟု ပညာရှင်များက တွက်ချက်ခန့်မှန်းကြသည်။ အာရှဒေသသို့လည်း မုချခြေဦးလှည့်လာမည့် အယ်လ်နီညို၏ ဆိုးကျိုးသက်ရောက်မှုအား မြန်မာနိုင်ငံ အနေဖြင့် အတတ်နိုင်ဆုံး ရင်ဆိုင်ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားရန် လိုသည်။အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှု အဆိုးရွားဆုံးဟု စံတင်လောက်သည့် ၁၉၉၈ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ပြောရလျှင် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များ၏ ဆုံးရှုံးမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ဘီလျံချီ၍ ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် အဆိုပါ ဖြစ်စဉ်ကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်၍ ရေရှားခြင်း၊ တစ်ဆက်တည်း အနေဖြင့် သီးနှံအထွက်နည်းပြီး အစာရေစာ ရှားပါးခြင်း၊ တောင်သူများအဖို့ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို လယ်ယာမြေ ပိုင်ဆိုင်လျက်နှင့် စွန့်လွှတ်လိုက်ရခြင်းနှင့် လျစ်လျူရှုခံ အဖိနှိပ် ချုပ်ချယ်ခံရခြင်း စသည့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး ဒုက္ခပင်လယ် ဒုက္ခသမုဒ္ဒရာဝေမည့် အရေးကို မတွေးပူဘဲ မနေနိုင်တော့ပါ။