ဘုရားကျောင်းစောင့် အဘိုးကြီးကို ရှက်ပါ

ဘုရားကျောင်းစောင့် အဘိုးကြီးကို ရှက်ပါ
Published 10 January 2015
မောင်စံပေါ

(၁)
“ဟိုက် တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းအပေါင်းတို့ ကယ်တော်မူပါ”
မနက်စောစောစီးစီး ပိုက်ဆံအိတ် ချိုင်းကြားညှပ် ဈေးခြင်းတောင်း လက်မောင်းချိတ်ထားတဲ့ အဘိုးကြီး ဘဇာကြောင့် ဤသို့ မြည်တမ်းခြင်းအမှု ပြုရသနည်းဟု စေ့ငုချင်လာပါတယ်။ အဲဒီအချိန်မှာပဲ ကန်စွန်းရွက်သည် အဒေါ်ကြီးရဲ့ ပြောစကားကို ကြားလိုက်ရတယ်။
“အမလေး ဖြစ်နေလိုက်တာ အဘရယ်။ ကန်စွန်းရွက်တစ်စီး ၃ဝဝ ဆိုတာနဲ့ တက်တော့မသွားပါနဲ့ဦး။ နှစ်စီး ၅ဝဝ နဲ့ ထားပေးပါ့မယ်။ လစာက မတရားတိုးသွားတဲ့သူတွေ တိုးသွားတာကိုး။ ဒါတောင်မှ အားလုံးလစာတိုးတာ မဟုတ်သေးဘူး။ ကုန်ဈေးနှုန်းတွေက တက်ကုန်ကြပြီ။ ဒေါ်လာဈေးကလည်း တက်တယ်လေ။ အခွန်အတုတ်ကလည်း ပိုကျပ်လာတယ် မဟုတ်လား အဘရဲ့”
“တော်တော် မယ်မင်းကြီးမ၊ ညည်း ကန်စွန်းရွက်ကို ပြေစာဖြတ် အခွန်တံဆိပ်ခေါင်းကပ်ပြီး ရောင်းနေတာကျလို့”
(၂)
“အားပါးပါး၊ ပြေစာမှာ အခွန်တံဆိပ်ခေါင်းတွေ ကပ်လို့ပါလား။ တယ်ဟုတ်ပါလား ဦးလေးရ”
ရပ်ကွက်ထဲက လမ်းနံဘေးဆိုင်လေးမှာပါ။ ဆိုင်ကြီးကနားကြီး မဟုတ်ပေမယ့် ဈေးနှုန်းသင့်ပြီး စားရတာ အရသာမဆိုးတော့ ရောင်းကောင်းပါတယ်။
“ကပ်ဆိုတော့လည်း ကပ်ရတာပေါ့ ဆရာရယ်”
“ဦးလေး ဈေးတွေလည်း တင်မထားဘဲနဲ့။ ရှုံးရောပေါ့”
“တင်လို့ဘယ်ဖြစ်ပါ့မလဲ ဆရာ။ ဖောက်သည်တွေ ပြေးကုန်မှာပေါ့။ လူတွေလည်း အဆင်ပြေတာမှ မဟုတ်တာ။ ဒီတော့ ခိုးရတာပေါ့”
“ဗျာ ဘယ်လို၊ ခိုးရတယ် ဟုတ်လား”
“ဟုတ်တယ်လေ ဆရာရဲ့။ တခြားမကြည့်နဲ့ အခု ဆရာစားတဲ့ ကန်စွန်းရွက်ကြော် ဈေးမတက်ပေမယ့် နည်းသွားပြီမဟုတ်လား”
(၃)
ဆိုင်ကလေး ပိစိကွေးမှာ အဲသလိုတွေ့ခဲ့ရပြီး ဆိုင်အကြီးကြီးရောက်တော့ အတွေ့အကြုံအကြီးကြီး ရပြန်ပါရော။
“ပြေစာရပြီဆရာ”
“ဟ ဈေးတွေတက်ကုန်ပါလား”
“ဟုတ်တယ်လေ ဆရာရဲ့။ အခွန်၊ ကုန်ဈေးနှုန်း ...”
“တော်တော် ဆက်မပြောနဲ့တော့။ ငါ ဒီမနက်ပဲ ဈေးထဲမှာ ကန်စွန်းရွက်သည် အဒေါ်ကြီးပြောတာ ကြားခဲ့ပြီးပြီ။ နေဦး ဒီကိစ္စက ဘာဖြစ်ရတာတုံး”
“ဘာကိစ္စလဲ ဆရာ”
“ဘာကိစ္စရမှာလဲ။ မင်းတို့ဈေးတွေလည်း တင်ထားတယ်။ ဝန်ဆောင်ခ ငါးရာခိုင်နှုန်း ပေါင်းထားတယ်။ အခွန်ဆိုပြီး ငါးရာခိုင်နှုန်း ပေါင်းထားတယ်။ အခွန်တံဆိပ်ခေါင်းကျတော့ ကပ်မထားဘူး။ သွားပြန်ပြင်ချေ။ တံဆိပ်ခေါင်း ပြန်ကပ်ပေး”
စားပွဲထိုးကောင်လေး ရှုံ့မဲ့မဲ့နဲ့ ငွေသိမ်းကောင်တာကို ပြန်သွားတယ်။
(၄)
စားသောက်ပြီးလို့ ငွေရှင်းချိန်ရောက် ရင် ဒီလူတွေ ဒီလိုပဲပြေစာကို ပြူးပြဲပြီး ကြည့်ကြ စစ်ကြတယ်။ ဒီလူတွေဆိုတာက ဂေါက်သီးရိုက်ဖော်ရိုက်ဖက် သူငယ်ချင်းတစ်စု တစ်ပတ်တစ်ခါစုပြီး ဂေါက်သီးရိုက်ကြတယ်။ ရိုက်ပြီးရင် ဆိုင်တစ်ဆိုင်မှာ ထိုင်တယ်။ စားသောက်ပြီးရင် ကျသင့်ငွေကို လူအရေအတွက်နဲ့စားပြီး အချိုးကျ ထည့်ဝင်တယ်။
“ဘာမှားနေလဲဆရာ။ ဟင်းပွဲတွေ မှန်တယ် မဟုတ်လား”
“ဟင်းပွဲတွေက မှန်ပါတယ်။ မှားတာက မင်းတို့ဆိုင်က ကွန်ပျူတာ”
“ခင်ဗျာ”
“မခင်ဗျာနဲ့။ ဒီမှာကြည့်။ ငါတို့စားထားတာ စုစုပေါင်းက ၅၄ဝဝဝ၊ ဝန်ဆောင် ခငါးရာခိုင်နှုန်းက ၂၇ဝဝ ပဲ ဖြစ်ရမှာ။ မင်းတို့ ၃ဝဝဝ လုပ်ထားတယ်။ အခွန်လည်းအတူတူပဲ ၃ဝဝဝ လုပ်ထားတယ်”
“ဟုတ်ကဲ့”
“မင်းတို့နာမည်၊ မင်းတို့အဆင့်မှ အားမနာကွာ။ ကူလီကူမာလုပ်တယ်။ လိမ်ညာပြီး ပိုက်ဆံပိုတောင်းတယ်”
“ဒါ ငါတို့က သေသေချာချာစစ်လို့။ ဒီအတိုင်းပေးသွားတဲ့ စာသုံးသူတွေခံရတာ ဘယ်လောက်များနေပြီလဲ မသိဘူး”
“ပြောတော့ အခွန် အခွန်ဆိုပြီး အစိုးရနဲ့ ငါတို့ကို ရန်တိုက်ပေးတယ်”
“ဟုတ်တယ်။ ဒီကောင်တွေကို နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲရမယ်။ ထောင်ချပစ်ရမယ်”
စားပွဲထိုးကောင်လေး ခေါင်းတွေ ကုတ်နေတယ်။
“ဒုက္ခပါပဲ။ ဆရာတို့နဲ့တွေ့မှ အမှုက အကြီးကြီးဖြစ်နေပြီ”
(၅)
“ဘာများလိုပါသေးသလဲဆရာ”
ဝန်ထမ်းမိန်းကလေးက ယဉ်ကျေးသိမ်မွေ့စွာ မေးတယ်။ လေအေးစက် စိမ့်နေတဲ့ လှတပတ စားသောက်ဆိုင်ကြီးက ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လေ။
“ဘာလိုနေသလဲ ကြည့်လေ”
“ဟုတ်ကဲ့ ဆရာ။ အင်း...အော် သိပြီ။ တစ်ရှူးစက္ကူ၊ တစ်ရှူးစက္ကူ”
စားသောက်ပိုက်ဆံရှင်းပြီး ပြန်ခါနီးမှာ အဲဒီဆရာက ခပ်ထေ့ထေ့ ပြောသွားတယ်။
“ညည်းတို့ဆိုင်မှာ လာစားတိုင်း အမြဲတမ်း သွားကြားထိုးတံ တောင်းရတယ်။ တောင်းစရာမလိုဘဲ အဆင်သင့်ရတဲ့နေ့ ထီထိုးမယ်လို့ ဓိဋ္ဌာန်ထားတာ။ အခုထိ အထမမြောက်သေးဘူး” တဲ့။
(၆)
နေရာနဲ့ အဆင့်အလျောက်ယူထားတဲ့ ပိုက်ဆံနဲ့အညီ ဝန်ဆောင်မှုပေးရမှာပါ။ ပိုနေတာ ကိစ္စမရှိပေမယ့် လိုနေတာ ပြဿနာရှိပါတယ်။ တစ်ခါတလေမှာ လစ်ဟာမှုရှိနိုင်တာကို လက်ခံနိုင်ပေမယ့် မကြာခဏ ကြုံတွေ့ရတာဆိုရင် အဓိပ္ပာယ်မရှိပါဘူး။ နက်နက်နဲနဲတွေးရင် စော်ကားသလိုတောင်မှ ယူဆရင်ရပါတယ်။
ကျေရမယ့် တာဝန်ကျေတာကို ဘာမှ ဂုဏ်တင်နေစရာ မလိုပါဘူး။ မဏ္ဍပ်တိုင် တက်ပြနေစရာ အကြောင်းမရှိပါဘူး။ ကျေးဇူးလည်း အတင်မခံချင်ပါနဲ့။
(၇)
ဤလောက၌ မည်သည့်လုပ်ငန်းကိုလုပ်လုပ် ထေရဝါဒ ဗုဒ္ဓဒေသနာတော်အရ ဘဝအမြင်သစ်ဖြင့်လုပ်ပါက အဒိန္နာဒါန သိက္ခာပုဒ်ကို ကျူးလွန်ဖို့မဆိုထားနှင့် လာဘအရ ပေးသောပစ္စည်းတိုင်းကိုလည်း ယူမည်မဟုတ်။ သက္ကာရအရပေးသော ရာထူးတိုင်းကိုလည်း ယူမည်မဟုတ်။ သိလောကအရ ပေးသောဘွဲ့ထူး ဂုဏ်ထူးတိုင်းကိုလည်း ယူမည်မဟုတ်။ ပေးခွင့်ရှိသူက မိမိအပေါ် စေတနာထား၍ ပေးစေကာမူ မိမိနှင့်တန်ရာ တန်ရာကိုသာ ကြည့်၍ မိမိနှင့်တန်ရာ တန်ရာကိုသာ ယူမည်ဖြစ်၏။ ဤသဘောကို ယထာလာဘသန္တောသ ဟူ၍ခေါ်၏။ ယထာလာဘ သန္တောသဟူသည်မှာ မိမိ၏အရည်အချင်းအရ ရသင့်သလောက်နှင့် ရောင့်ရဲခြင်းဖြစ်၏။
လူသည် တကယ်တမ်းရိုးသားသူဖြစ်ပါ က မိမိအရည်အချင်းကို မိမိကသိပါ၏။ အိုင်းစတိုင်းကို အစ္စရေးနိုင်ငံ၏ သမ္မတအဖြစ် ဆောင်ရွက်ပါရန် တိုက်တွန်းသောအခါ မိမိ၌ သမ္မတ အရည်အချင်း မရှိပါကြောင်း အိုင်းစတိုင်းက ငြင်းပယ်သည်ဟု ကြားဖူး၏။ ထိုကြောင့် မိမိ၏ အရည်အချင်းကို မသိဘူးဆိုပါလျှင် မရိုးသားသူသော်လည်း ဖြစ်နိုင်၏။ မောဟာဂတိ လွန်ကဲသူသော်လည်း ဖြစ်နိုင်၏။ သို့မဟုတ်ပါက မည်သူမဆို မိမိ၏အရည်အချင်းကို မိမိက သိရမည်ပင်ဖြစ်၏။ အမှန်အားဖြင့် ပုထုဇဉ်တို့၏ ဓမ္မတာအတိုင်း လူသည် မရိုးမဖြောင့်ဖြစ်သောအခါ သို့မဟုတ် မောဟာဂတိလွန်ကဲသောအခါ လောက၌ မိမိနှင့် မထိုက်တန်သည့်အရာ ဘာမျှမရှိဟု ထင်လေ၏။ ထိုအထင်ကြောင့်ပင် ထိုပုဂ္ဂိုလ်မျိုး ကြီးစိုးရာဒေသသည် မငြိမ်ချမ်းဘဲရှိခြင်းဖြစ်၏။
(စာမျက်နှာ - ၉၃ နှင့် ၉၄ “ဦးရွှေအောင်၏ ဘဝအမြင်သစ်” ဒုတိယအကြိမ်။ ပါရမီစာပေ ၁၉၉၇ ဧပြီလ)
(၈)
နောင်တော် သစ်တောမင်းကြီး(ငြိမ်း) တစ်ယောက်ရဲ့ အတွေ့အကြုံ ပြောစကားကိုလည်း မှတ်သားခဲ့ဖူးပါတယ်။
သူအိန္ဒိယကိုရောက်ခဲ့ဖူးတဲ့ အခေါက်တွေထဲက တစ်ခေါက်မှာ ဖြစ်ပါတယ်။ တစ်နေ့တာ အစည်းအဝေးနဲ့ လုပ်ငန်းကိစ္စတွေပြီးရင် ညနေပိုင်းတွေဟာ သူ့အတွက် အပန်းဖြေချိန်ပေါ့။ တည်းခိုရာဟိုတယ်နဲ့ မနီးမဝေးက ဆိုင်ကလေးက သူညနေတိုင်း စတည်းချရာ ရိပ်သာလေးပါ။ ယမကာလေးမှီဝဲလိုက်၊ အမြည်းစားလိုက် အချိန်တန်ရင် ဟိုတယ်ပြန် အိပ်နဲ့ပေါ့။
တစ်နေ့ကျတော့ ယမကာများသွားပြီး ရီဝေလွန်အဆင့် ရောက်သွားခဲ့တယ်။ သူ့ရဲ့အခြေအနေကို သတိထားမိတဲ့ အနားက ဘုရားကျောင်းက ကျောင်းစောင့် အဘိုးကြီးက သူ့ကိုတွဲပြီး ဟိုတယ်အရောက် အပြန်လိုက်ပို့ပေးတယ်။ ဟိုတယ်ရောက်တော့ သူကကျေးဇူးတင်လို့ အကြွေဆယ်ပြားစေ့ တစ်စေ့ကို ထုတ်ပေးတယ်။ အဘိုးကြီးက မယူဘူး။ “နည်းတယ် ဆရာကြီး” တဲ့။
ဒါနဲ့ ငါးမူး(ပြားငါးဆယ်)စေ့ထုတ်ပေးတော့ “များလွန်းတယ် ဆရာကြီး” ဆိုပြီး ငြင်းတယ်။ အကြွေစေ့တွေပေးပြီး ကြိုက်သလိုယူခိုင်းတော့မှ ပြားနှစ်ဆယ်ယူပြီး “ဒီလောက်ဆိုရပြီ ဆရာကြီး”၊ “ကျေးဇူးပဲ” လို့ ဆိုသတဲ့။
(၉)
ကြက်တူရွှေးကတော်တော် မယ်ဘော်က ကဲနေကြတဲ့ ခေတ်ကြီးမှာ ခေါင်းစဉ်တစ်ခုရ ရင် စာပြချင်တဲ့ သူတွေကလည်း အများသားရယ်။ နေရာကို တာဝန်လို့ မခံယူတဲ့သူတွေက နေရာဆိုတာ ငွေရှာစရာခွင် ဖန်တီးနိုင်တဲ့ လုပ်ပိုင်ခွင့်လို့ မြင်ကြတယ်။
ရူပဗေဒမှာ သင်ခဲ့ရတဲ့ ကျောက်တုံးကြီး ကို တွန်းတဲ့သူကမှ ချွေးဒီးဒီး ကျချင်ကျမယ်။ အရွေ့မရှိလို့ အလုပ်မမမည်တာချင်း တူပေမဲ့ ဒီနေ့ခေတ်မှာ မြင်နေရတာက အလှမပျက် ချွေးမထွက် သက်သောင့်သက်သာ လက်ညှိုးလေးနဲ့ ကျောက်တုံးကြီးကို ထောက်ကာထာ ပြီး အလုပ်များကြရှာသတဲ့။ အံ့ပါရဲ့ . . .
လစာတို့ ခံစားခွင့်တို့ ပတ်သက်ရင် နိုင်ငံတကာစံဆိုပြီး အော်ကြတယ်။ နည်းလှချည်ရဲ့တဲ့။ ရင်ဘတ်စည်တီး အောင်ပွဲကြီးဆင်တယ်။ ထားရမယ့် စိတ်ဓာတ်နဲ့ လုပ်ရမယ့်အလုပ်ကျ တော့ နိုင်ငံတကာစံကို ပြောင်းပြန်လှန်ပစ်တယ်။
ဘုရားကျောင်းစောင့် အဘိုးကြီးကို ခေါ် ပြချင်လိုက်တာ။
အဲဒီအဘိုးကြီးကို ရှက်ပါဗျာ . . .။