ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌနေရာအတွက်သာ ကြိုးစားမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း NLD ငြင်းဆို

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌနေရာအတွက်သာ ကြိုးစားမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း NLD ငြင်းဆို
Published 9 January 2015

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဠနေရာအတွက်သာ ကြိုးစားမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က The Daily Eleven သတင်းစာကို ပြောကြားသည်။The Trade Times  အင်တာနက်စာမျက်နှာ၌ ဇန်နဝါရီ ၈ ရက်တွင် “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဠနေရာအတွက်သာ ကြိုးစားမည်”ဟုသတင်းခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။အဆိုပါသတင်းတွင် “မြန်မာနိုင်ငံ၏ အတိုက်အခံပါတီခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ၂ဝ၁၅ ခုနှစ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ  ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို  လွှတ်တော်များမှ ပြင်ဆင်နိုင်ဖွယ်မရှိပါက ရွေးကောက်ပွဲအပြီးတွင် သမ္မတရာထူးကို ထမ်းဆောင်ရန် အခက်အခဲများရှိနိုင်သော်လည်း အခြေခံဥပဒေပါ ပြဠာန်းချက်များနှင့်ကိုက်ညီကာ ဩဇာကြီးမားသည့် ဥပဒေပြုလွှတ်တော်တစ်ရပ်ရပ်တွင်မူ ဥက္ကဠတစ်ဦးအဖြစ် ထမ်းဆောင်နိုင်ဖွယ်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ဇန်နဝါရီ ၂ ရက်၌ပြောသည်”ဟု ဖော်ပြထားသည်။အဆိုပါသတင်းနှင့် ပတ်သက်၍ “ NLD ပြောရေးဆိုခွင့်ရှိသူ အဲဒါဘယ်သူလဲ၊ ဒါ မဟုတ်ဘူး၊ အဲဒီသတင်း။ အဲဒါဘယ်သူလဲ။ ဒါက NLD ပြောရေးဆိုခွင့်ရှိသူဆိုပြီး ရမ်းပြောလို့မရဘူးလေ၊ နာမည်တပ်ပြောလေ။ ဘယ်သူပြောတာ၊ ဘယ်ဝါပြောတာ။ နောက်တစ်ခုက အဲဒါလည်း မဟုတ်ဘူးလေ။ အန်ကယ်တို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးပမ်းနေတဲ့ကာလ၊ ကြိုးပမ်းနေတဲ့ကာလမှာ မဆွေးနွေးရသေးဘူး။ မဆုံးဖြတ်ရသေးဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။“မုံရွာအောင်ရှင်ကတော့ သူမဟုတ်ဘူးပြောတယ်။ အဲဒါသူ့ကိုမေးပါ။ အန်ကယ်တို့ကတော့ မဟုတ်ဘူး။ ပြောတာ၊ မပြောတာတော့ အန်ကယ်တို့ မသိဘူး။ သူကတော့ မပြောဘူးပြောတယ်”ဟု ဦးဝင်းမြင့်က ဆက်လက် ပြောကြားသည်။The Trade Times ၏ “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဠနေရာအတွက်သာ ကြိုးစားမည်”သတင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ  ဦးအောင်ရှင်က “ဖွဲ့စည်းပုံပြင်ဆင်ဖို့အချိန်က မလုံလောက်တော့ဘူး။  ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ဥက္ကဠနေရာ ထမ်းဆောင်ခွင့်ရရင်လည်း ဝမ်းသာကျေနပ်မှာပါ”ဟု  The Trade Times နှင့်တွေ့ဆုံမေးမြန်းရာတွင်ပြောခဲ့သည်ဟု ဖော်ပြထားသည်။The Trade Times တွင်ဖော်ပြထားသည့် အထက်ပါသတင်းနှင့် ပတ်သက်၍ “အဲဒီဟာက မှားပါတယ်။ အဲဒီဟာကို သူ့ဟာသူတို့ အဓိပ္ပာယ်ကောက်မှားပြီးတော့ သူတို့ထည့်တာပါ။ ဒါ ကျွန်တော်တို့ရှင်းလို့ရပါတယ်။ အဲဒါမဟုတ်ပါဘူး။ သူက ဒီလိုဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝ၁၅ ပြီးမှ ပြင်မယ်ဆိုတဲ့အခါကျတော့ သူကမေးတယ်။ ဒါဆိုရင် ဒေါ်စုသမ္မတဖြစ်ရေးကိစ္စကော။ ဒါရွေးကောက်ပွဲပြီးမှ ပြင်မယ်ဆိုရင် သမ္မတ ဖြစ်ရေးကိစ္စက အခက်အခဲရှိတယ်။ အဲဒါ ပြောတယ်။ နောက်တစ်ခုက တပ်မတော်အနေ နဲ့ကလည်း ၄၃၆ ကို ပြင်မပေးနိုင်ဘူး။ ၅၉ (စ)ကိုလည်း ပြင်မပေးနိုင်ဘူးလို့ သူတို့ပြောထားတဲ့အတွက်ကြောင့်  ဒီကိစ္စဟာ အခက်အခဲတွေ အများကြီးရှိနိုင်တယ်။ ကျွန်တော် ဒါပြောတယ်။ နောက်တစ်ခုက ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိစ္စကို ဆက်ပြီးတော့ကြိုးစားမယ်။  ၂ဝ၁၅ ရွေးကောက်ပွဲကိုလည်း လုံးဝအနိုင်ရအောင်လည်း ကြိုးစားမယ်။  အဲဒါကိုပဲ ကျွန်တော်တို့ကပြောတာဖြစ်ပါတယ်”ဟု NLD မှ ပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးအောင်ရှင်က The Daily Eleven သတင်းစာကို ရှင်းလင်းပြောကြား သည်။“သို့သော် အဲဒီလွှတ်တော်ကိစ္စတို့၊ ဘာတို့က ကျွန်တော်ထင်တယ်။ အဲဒီတုန်းက ကျွန်တော်နဲ့အတူပေါ့လေ။ ဦးရဲထွန်းဆိုတာ ရှိတယ်။ ကျားဖြူပါတီက ဦးရဲထွန်းရဲ့ အမေးအဖြေနဲ့ သူတို့ရောထွေးပြီးတော့ အဲဒီလိုပါသွားတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီလိုဖော်ပြလိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ဦးအောင်ရှင်က ဆက်လက်ပြောကြားသည်။“ကျွန်တော်က ပြောရေးဆိုခွင့်ရှိသူလည်း မဟုတ်ဘူး။ အဲဒီမှာလေ NLD မှာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူး။ နောက်တစ်ခါ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အနီးကပ်ထိတွေ့ဆက်ဆံရတဲ့သူလည်း မဟုတ်ဘူး။  ကျွန်တော်က ပြန်ကြားရေးကော်မတီအဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ပါတယ်”ဟုဦးအောင်ရှင်က ဆိုသည်။“အင်တာဗျူး လုပ်တဲ့ဟာက ရောထွေးသွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီတုန်းက လွှတ်တော်ဥက္ကဠနေရာကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးရဲထွန်းနဲ့လည်း ပြောတဲ့အခါကျတော့ ဦးရဲထွန်းပြောတာနဲ့ ကျွန်တော်ပြောတာကို ရောထွေးသွားတယ်လို့ ကျွန်တော်အဲဒီလိုပဲ ထင်ပါတယ်”ဟုဦးအောင်ရှင်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent