နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာသား ကိုဇော်လတ်အပါအဝင် ၁၉ ဦးအား ဇန်နဝါရီ ၂၁ ရက်တွင်အမိန့်ချမှတ်မည်ဟု ပြောင်းလဲသတ်မှတ်

နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာသား ကိုဇော်လတ်အပါအဝင် ၁၉ ဦးအား ဇန်နဝါရီ ၂၁ ရက်တွင်အမိန့်ချမှတ်မည်ဟု ပြောင်းလဲသတ်မှတ်
Published 7 January 2015
နေရိုင်း၊ ဇေယျာထွန်း

နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာသား ကိုဇော်လတ်အပါအဝင် ၁၉ ဦးအား ဇန်နဝါရီ ၂၁ ရက်တွင် အမိန့်ချမှတ်သွားမည်ဟု တရားသူကြီးဦးခင်ဝင်းက ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက် ည ၂ နာရီဝန်းကျင်ခန့်တွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာကို ရဲအင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့သော ရဲများအားပြန်လည်ခုခံခဲ့သဖြင့် ဝဲကြီးကျေးရွာရှိ ကိုဇော်လတ်အပါအဝင် ၁၉ ဦးအား ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် အမိန့်ချမှတ်ရန်ချိန်းဆိုခဲ့သော်လည်း  ပုဗ္ဗသီရိမြို့နယ် တရားရုံးတရားသူကြီးက ဇန်နဝါရီ ၂၁ ရက်တွင် အမိန့်ချမှတ်ရန် ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။"ဒီနေ့အမိန့်ချမယ်ဆိုပြီး အမိန့်မချဘဲနဲ့ ရမန်ကြီးတစ်ပတ် ၂၁ ရက်ကိုပြန်ချိန်းတယ်။ ကျွန်တော်တို့က လူသတ်မှုလည်းမဟုတ်ဘူး။ နိုင်ငံရေးအမှုလည်းမဟုတ်ဘူး။ ကျွန်တော်တို့ ဒီအမှုကိုရင်ဆိုင်နေရတာ တစ်နှစ်နဲ့လေးလရှိသွားပြီး။ ရုံးချိန်းဆိုရင် ၁၁၇ ချိန်းရှိသွားပြီ။ အခုလည်းအမိန့်ချမယ်ဆိုပြီး ပြန်ချိန်းပြန်တယ်။ တရားဥပဒေကို ဘယ်လိုနားလည်ရမှန်းတောင်မသိတော့ဘူး။ လက်ရှိ ကျွန်တော်တို့ရမည်းသင်းထောင်မှာ အချုပ်ခံနေရတာ။ အမိန့်ချမယ်ဆိုလည်းချလိုက်ပေါ့။ ကျွန်တော်တို့နောက်ပိုင်းကမိသားစုတွေ ကျွန်တော်တို့အတွက်နဲ့ တော်တော်လေးဒုက္ခရောက်တယ်" ဟု ဝဲကြီးကျေးရွာသားကိုဇော်လတ်က ပြောကြားသည်။ဒီဇင်ဘာ ၂၃ ရက် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ကိုဇော်လတ်အပါအဝင် ၁၉ ဦးအား အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် အမှုအမှတ် ၉၁၄/၁၃ ပုဒ်မ ၃၃၃၊ ၃၄၂၊ ၂၉၄၊ ၅၀၆ တို့ဖြင့် အပြီးသတ်အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။၂၀၀၃-၂၀၀၄ ခုနှစ်သတင်းစာတိုက်၊ ပုံနှိပ်အတွက် လယ်ယာမြေဧက ၅၀၀ ကျော်အား ပြန်ကြားရေးဝန်ကြီးဌာနမှသိမ်းယူခဲ့ပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် တောင်သူအနည်းကိုသာ ပြောက်ကျားစနစ်ဖြင့် ၂၂ ဦးကိုလျော်ကြေးပေးခဲ့သော်လည်း ကျန် ၃၈ ဦးအား လျော်ကြေးပေးရန်ကျန်ရှိနေသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ကာလပေါက်ဈေးထက် တန်ဖိုးနည်းစွာလျော်ခြင်း၊ တောင်သူများနှင့် လာရောက်ညှိနှိုင်းဆွေးနွေးမှုမရှိခြင်းများကြောင့် လယ်ယာမြေပိုင်ဆိုင်သူတောင်သူများက မိမိလယ်ယာမြေများ ဝင်ရောက်ထွန်ယက်ခြင်းကြောင့် အရေးယူခံထားရခြင်းဖြစ်သည်။၂၀၀၃-၂၀၀၄ ခုနှစ်တွင် သတင်းစာတိုက်အတွက်သိမ်းဆည်းထားသည့် လယ်ယာမြေများအား အဆင်ပြေမည့်ညှိနှိုင်းမှုများပြုလုပ်ခြင်းမရှိသည့်အတွက် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တောင်သူများ ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ကိုဇော်လတ်အပါအဝင် ၁၉ ဦးအား ဇန်နဝါရီ ၇ ရက်တွင် ပုဗ္ဗသီရိမြို့နယ်တရားရုံးက အမိန့်ချမှတ်ရန်သတ်မှတ်ထားသော်လည်း တရားသူကြီးဦးခင်ဝင်းက ဇန်နဝါရီ  ၂၁ ရက် ပြန်လည်ချိန်းဆိုသည့်အပေါ် ဝဲကြီးကျေးရွာဒေသခံများက မကျေမနပ်ပြောဆိုမှုများဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent