ယခုနှစ်တွင်ချမှတ်မည့် ဆုံးဖြတ်ချက်များသည် နိုင်ငံ့အနာဂတ်နှင့်သက်ဆိုင်ပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ယခုနှစ်တွင်ချမှတ်မည့် ဆုံးဖြတ်ချက်များသည် နိုင်ငံ့အနာဂတ်နှင့်သက်ဆိုင်ပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 6 January 2015
ကျော်ဇင်ဝင်း

ယခုနှစ်တွင် ချမှတ်မည့်ဆုံးဖြတ်ချက်များသည် နိုင်ငံ့အနာဂတ်နှင့်သက်ဆိုင်ပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါစေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေသည့် ဇန်နဝါရီ ၅ ရက်ထုတ် ဒီလှိုင်းစာစောင်အတွဲ(၄) အမှတ်(၁) တွင် ဖော်ပြထားသည့် “ဒီစကားကဏ္ဍ” တွင် ရေးသားပြောဆိုခဲ့သည်။“၂ဝ၁၅ ဟာ ကျွန်မတို့နိုင်ငံအတွက် အထူးအရေးပါတယ်ဆိုတာ ကမ္ဘာကလည်း သိနေပါတယ်။ ဒီနှစ်အတွက် အရေးကြီးဆုံးအရာကတော့ ပြည်သူတွေ ဆုံးဖြတ်ချက်များ မှန်ကန်ဖို့ပဲလို့ သတင်းထောက်တစ်ဦးကို ကျွန်မပြောခဲ့ပါတယ်။ ဒီနှစ်မှာ ချမယ့်ဆုံးဖြတ်ချက်တွေဟာ ဒီနှစ်တစ်နှစ်တည်းနဲ့ဆိုင်တာ မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်နဲ့ ဆိုင်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေကို မနေ့က၊ မနှစ်က၊ အခြေအနေအဖြစ်အပျက်တွေကိုပဲကြည့်ပြီး ချမှတ်လို့မရပါဘူး။ မြန်မာနိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ ဖြတ်ကျော်ခဲ့ရတဲ့ ဆယ်စုနှစ်တွေကို ထည့်စဉ်းစားရပါမယ်။ အမြင်ကျယ်ရမယ်။ ရေရှည်အတွက် မှန်းဆနိုင်ရမယ်။ နှစ်သစ်ကူးလို့ သတ်မှတ်ထားတဲ့ ရက်တစ်ရက်ဟာ အဓိက မဟုတ်ပါဘူး။ နေ့တိုင်းနေ့တိုင်း လိုအပ်သလို သစ်ဆန်းပြောင်းလဲနိုင်တဲ့ အရည်အချင်းကသာ အဓိကကျပါတယ်။ရာသီဥတုတွေသာပြောင်းပြီး လူတွေမပြောင်းလို့ကတော့ နှစ်ဟောင်းတွေထက်သာတဲ့ နှစ်သစ်ကို ရောက်နိုင်မှာမဟုတ်ပါဘူး။ ၂ဝ၁၅ ရဲ့ စိန်ခေါ်မှုတွေကို မှန်ကန်တဲ့တစ်လှမ်းချင်းနဲ့ ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံ၏ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကြီးသည် အခက်အခဲ၊ အရှုပ်အထွေးများထဲမှ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် နှစ် ၃ဝ ခန့်ကြာအောင် ကြိုးစားခဲ့ရပြီး ဦးတည်ချက် မပျောက်ရန်နှင့် လမ်းမမှားရန် ပင်ပင်ပန်းပန်း လှုပ်ရှားခဲ့ရကာ လက်တွေ့ဆန်သည့်နိုင်ငံရေး ရှုမြင်ခဲ့ကြောင်းကို ဥပမာပေး၍ အဝေးမှပန်းတိုင်ရောက်ရန် တစ်လှမ်းချင်း မှန်မှန်ကန်ကန် ဆက်သွားရန်လိုကြောင်းနှင့် တစ်နှစ်လုံးထိုင်နေပြီး နှစ်သစ်ကူးချိန်မှ ခုန်ကျော်လွှား၍ဖြစ်နိုင်သည့် အရာမဟုတ်ကြောင်းလည်း ရေးသားထားသည်။နှစ်သစ်ကူးအချိန်တွင် သတင်းထောက်များသည် နိုင်ငံရေးသမားများ၊ လူသိများသည့်ပုဂ္ဂိုလ်များကို နှစ်သစ်တွင် မည်သို့ဖြစ်လာနိုင်သည်၊ မျှော်လင့်ထားသည်ကို မေးလေ့ရှိပြီး မိမိအနေဖြင့် အဆိုပါမေးခွန်းများကို ဖြေရခက်ကြောင်း၊ ရည်ရွယ်ချက် ပန်းတိုင်မရှိ၊ နှစ်သစ်၌ ကျေနပ်ရွှင်လန်းချမ်းမြေ့ဖွယ်များဖြစ်စေချင်သည့် စိတ်ဆန္ဒမရှိ၍မဟုတ်ဘဲ တစ်နေ့တစ်ရက်ချင်း၏ စိုက်ထုတ်ရသည့် ဝီရိယအကျိုးများကိုသာ အဓိကထား စဉ်းစားလုပ်သည့် အလေ့အကျင့်ဖြစ်နေခြင်းကြောင့်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။           

Most Read

Most Recent