လက်ရှိ နိုင်ငံ၏ အခြေအနေကို ကျေနပ်သည့်ပုဂ္ဂိုလ် လွန်စွာနည်းနေပြီး နိုင်ငံတိုးတက်ရန် များစွာ လိုအပ်နေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လက်ရှိ နိုင်ငံ၏ အခြေအနေကို ကျေနပ်သည့်ပုဂ္ဂိုလ် လွန်စွာနည်းနေပြီး နိုင်ငံတိုးတက်ရန် များစွာ လိုအပ်နေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 4 January 2015
ဇာလီမြင့်ဦး

လက်ရှိ နိုင်ငံ၏ အခြေအနေကို ကျေနပ်သည့်ပုဂ္ဂိုလ် လွန်စွာနည်းနေပြီး နိုင်ငံတိုးတက်ရန် များစွာလိုအပ်နေသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူး၍ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်သော ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ အမှာစကား ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ မြန်မာနိုင်ငံဟာ အခု (၆၇)နှစ်ရှိသွားပြီ။ လွတ်လပ်ရေးရလာတာ။ ကျွန်မတို့ အထဲမှာ ဒါကတော့ ကျွန်မအမြင်နဲ့ ပြောတာပါ။ ကျွန်မတို့အထဲမှာ ဒီနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကျေနပ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်များ အင်မတန် နည်းလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလိုလည်း နည်းသင့်ပါတယ်။ ကျေနပ်နေရင် ကျွန်မတို့ တိုးတက်မှာ မဟုတ်တော့ဘူး။ တိုးတက်ဖို့ အများကြီး လိုပါတယ်။ တိုးတက်ဖို့ အများကြီး လိုတာကြောင့်မို့လို ဒီနိုင်ငံရဲ့ အခုလက်ရှိ အခြေအနေကို ကျေနပ်နေလို့ မဖြစ်ပါဘူး။ ပိုပြီးတော့ကောင်းအောင် လုပ်ရမယ်” ဟု ပြောကြားသည်။
နိုင်ငံရေးဆိုတာ ပြည်သူလူထု အားလုံးနဲ့ ဆိုင်တယ်။ နိုင်ငံသူ၊ နိုင်ငံသား အားလုံးနဲ့ ဆိုင်တယ်။ ဒါပေမဲ့လည်း နိုင်ငံရေးပါတီထဲမှာ ဝင်ထားတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး ပါတီဝင်များမှာ အထူး တာဝန်ရှိတယ်။ နိုင်ငံအတွက် လုပ်ဆောင်မှု၊ နိုင်ငံအတွက် သင့်တော်တဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ဖို့ဟာ နိုင်ငံရေး ပါတီဝင်များမှာ အထူး တာဝန်ရှိပါတယ်။ ဒီ နိုင်ငံရေး ပါတီတွေထဲက တစ်ပါတီဖြစ်တဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ထူထောင်ထားကတည်းက ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ဖို့ ဆိုပြီးတော့ ထူထောင်ထားတာပါ။ အဲဒီ ရည်ရွယ်ချက်နဲ့ ထူထောင်ထားတဲ့ နိုင်ငံရေးပါတီမို့လို့ . . . . .

ထို့အပြင် နိုင်ငံတစ်နိုင်ငံ မပျက်စီးရန်အတွက် ပျောက်သွားသည့် အရည်အချင်းများ၊ ကောင်းမွန်သည့် အရည်အချင်းများ ကောင်းမွန်သည့် ရည်မှန်းချက်များကို ပြန်လည်ရှာဖွေ ဖော်ထုတ်ကျင့်သုံးကာ ဆက်သွားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“အထူးသဖြင့် နိုင်ငံရေးပါတီများ လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျွန်မထပ်တလဲလဲ ပြောပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူလူထု အားလုံးနဲ့ ဆိုင်တယ်။ နိုင်ငံသူ၊ နိုင်ငံသား အားလုံးနဲ့ ဆိုင်တယ်။ ဒါပေမဲ့လည်း နိုင်ငံရေးပါတီထဲမှာ ဝင်ထားတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး ပါတီဝင်များမှာ အထူး တာဝန်ရှိတယ်။ နိုင်ငံအတွက် လုပ်ဆောင်မှု၊ နိုင်ငံအတွက် သင့်တော်တဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ဖို့ဟာ နိုင်ငံရေး ပါတီဝင်များမှာ အထူး တာဝန်ရှိပါတယ်။ ဒီ နိုင်ငံရေး ပါတီတွေထဲက တစ်ပါတီဖြစ်တဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ထူထောင်ထားကတည်းက ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ဖို့ ဆိုပြီးတော့ ထူထောင်ထားတာပါ။ အဲဒီ ရည်ရွယ်ချက်နဲ့ ထူထောင်ထားတဲ့ နိုင်ငံရေးပါတီမို့လို့ ကျွန်မတို့အဖွဲ့ချုပ်က အဖွဲ့ဝင်များ အားလုံးဟာ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ အမြစ်တွယ်ရေးအတွက် ကြိုးစားပြီးတော့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။လက်ရှိတွင် လွတ်လပ်ရေးရပြီးသည်မှာ (၆၇)နှစ် ရှိခဲ့ပြီ ဖြစ်သော်လည်း သူမ၏ဖခင် လွတ်လပ်ရေးဗိသုကာဟု အများက သတ်မှတ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် အဆောက်အအုံပုံစံသည် မည်ကဲ့သို့ ရှိနေသည်ကို သေသေချာချာ ကြည့်စေလိုကြောင်းနှင့် လက်ရှိပုံစံသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ရှိ၊ မရှိ ဆိုသည်ကိုလည်း စဉ်းစားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“အခုဟာက ကျွန်မတို့က နိုင်ငံရဲ့ လွတ်လပ်ရေးအတွက်၊ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက်၊ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရမယ့်ကာလ ဖြစ်သွားပါပြီ။ အဲဒီတော့ တည်ဆောက်ရမယ့် ကာလမှာလည်း ကျွန်မတို့မှာ တည်ဆောက်ဖို့ တာဝန်ရှိပါတယ်။ တစ်ခါတလေ တည်ဆောက်ခြင်းဟာ တိုက်ခိုက်ခြင်းထက် အများကြီး ပိုပြီးတော့ ခက်ခဲပါတယ်။ သိမ်မွေ့တယ်။ ခက်ခဲတယ်။  ပိုပြီးတော့ ဉာဏ်ပညာ အမြော်အမြင် လိုအပ်တယ်။ ဒါကြောင့် ကျွန်မတို့ အဖွဲ့ချုပ်ဝင်များနဲ့ ကျွန်မတို့ကို ကူညီပံ့ပိုးခဲ့တဲ့ မိတ်ဆွေများ၊ ပြည်သူပြည်သားများ အားလုံးဟာလည်း ဒီနှစ်မှာ ဉာဏ်ပညာ အမြော်အမြင် ရှိရှိနဲ့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို မျှော်မှန်းပြီးတော့ ၂၀၁၆ ခုနှစ် (၆၈) ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ကျင်းပတဲ့အခါမှာ ငါတို့လိုချင်တဲ့ လမ်းပေါ်မှာ ငါတို့နိုင်ငံကြီး ရောက်နေပြီ ဆိုပြီးတော့ အောင်ပွဲခံနိုင်ပါစေလို့ ကျွန်မက ဆုတောင်းရင်းနဲ့ နိဂုံးချုပ်ပါတယ်” ဟု ဆိုကာ သူမ၏ အမှာစကားကို အဆုံးသတ်ခဲ့သည်။အဆိုပါ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေး အဓိဋ္ဌာန်တို့သည် အလွန်လေးနက်ကြောင်း လွတ်လပ်ရေးနေ့မှ အစပြုခဲ့သော နိုင်ငံတော် အဆောက်အအုံတစ်ခုကို မည်သို့မည်ပုံ ထိန်းသိမ်းသွားသင့်သည်ကို စဉ်းစားရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

Most Read

Most Recent