အစိုးရနှင့် အမြင်မတူသူ၊ မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်သူများအား အရေးယူမှုများသည် ဒီမိုကရေစီနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ် အတားအဆီး ဖြစ်နေဟု နိုင်/ကျဉ်း အဖွဲ့အစည်းများ ထုတ်ပြန်

အစိုးရနှင့် အမြင်မတူသူ၊ မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်သူများအား အရေးယူမှုများသည် ဒီမိုကရေစီနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ် အတားအဆီး ဖြစ်နေဟု နိုင်/ကျဉ်း အဖွဲ့အစည်းများ ထုတ်ပြန်
Published 4 January 2015
ဇာလီမြင့်ဦး

အစိုးရနှင့် အမြင်မတူ၍သော် လည်းကောင်း၊ မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်သူများကို အရေးယူနေမှုများသည် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ရေး လုပ်ငန်းများအပေါ် ကြီးစွာသော အတားအဆီး ဖြစ်နေဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့၏ ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။အဆိုပါ ကြေညာချက်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအောင်ပွဲနေ့ ဖြစ်သော်လည်း မြန်မာပြည်သူလူထုမှာ လွတ်လပ်ရေး အနှစ်သာရကို ပြည့်ဝစွာ မခံစားရဘဲ အခြေခံ လူ့အခွင့်အရေးများ၊ ဘဝလုံခြုံရေးများ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် လွတ်လပ်ရေးရရှိပြီး ဆယ်စုနှစ် ခုနစ်ခုနီးပါး ကြာမြင့်လာသည့်တိုင် ပြည်သူလူထုမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်၊ လုံခြုံအေးချမ်းစွာနေထိုင်ခွင့်၊ တိုင်းပြည်နှင့် လူမျိုးတို့ အကျိုးစီးပွား တိုးတက်ကြီးပွားရေးအတွက် တွေးတောကြံဆ လုပ်ပိုင်ခွင့်များ ဆိတ်သုဉ်းလျက်ပင် ရှိနေသေးကြောင်း နိုင်/ကျဉ်း အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုသူများ အနေဖြင့်တရား စွဲဆိုခံနေရမှုများ၊ ဖမ်းဆီးထောင်ချခံရမှု အရေအတွက်မှာ တစ်နေ့တခြား များပြားလျက်ရှိနေရာ ထိုသို့သော မတရားဖိနှိပ်မှုများ၊ ဖမ်းဆီးထောင်ချမှုများကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ဆက်လက်ရှိနေဆဲဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၁၆၄ ဦး ကျန်ရှိနေကြောင်း၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၂၀၃ ဦးမှာလည်း တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။ထို့ပြင် လက်ရှိတွင် ပြည်သူလူထု အနေဖြင့် လယ်ယာမြေ သိမ်းဆည်းခံရမှုများ၊ အလုပ်သမားထု အခွင့်အရေးများ၊ ကျောင်းသားထု အခွင့်အရေးများ စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ စားဝတ်နေရေး ပြဿနာများ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြဿနာများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြဿနာများ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ဖြတ်သန်းနေရကြောင်း ထောက်ပြထားသည်။ထို့အတွက် လက်ရှိအစိုးရ အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ဆောင်ရွက်သည်ဟု စဉ်ဆက်မပြတ် ကြွေးကြော်နေရာတွင် လက်တွေ့ဖော်ဆောင်ရန် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးအရ တရားရင်ဆိုင်နေရသော အမှုများအား ရုပ်သိမ်းပေးရန် တိုက်တွန်းခဲ့သည်။၎င်းတို့ နိုင်/ကျဉ်း အဖွဲ့နှစ်ဖွဲ့ အနေဖြင့် နိုင်ငံရေးအကျဉ်းသားပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အစိုးရအပါအဝင် နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အပြုသဘောဝေဖန် ထောက်ပြမှုများလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။လက်ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိခြင်းမရှိဟု အစိုးရက ထုတ်ပြန်ထားသော်လည်း အစိုးရမဟုတ်သည့် နိုင်/ကျဉ်း အဖွဲ့အစည်းများက အဆိုပါ ထုတ်ပြန်ချက်ကို ငြင်းဆိုထားသည်။ထို့ပြင် အစိုးရက ဖွဲ့စည်းပေးထားသည့် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီတွင်လည်း ဆက်လက်စိစစ်ရန် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး ကျန်ရှိနေသေးသည်ဟု အဆိုပါ ကော်မတီဝင် နိုင်/ကျဉ်း အဖွဲ့များမှ ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားထားသည်။ 

Most Read

Most Recent