ဒညင်းကုန်းရှိ မြေ ၈၅ ဧကတွင် နိုင်ငံတကာအဆင့်မီ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် လက်ကားဈေးသစ်ကြီးကို အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီ ၂၅ ခုခန့် တင်ဒါတင်သွင်း

ဒညင်းကုန်းရှိ မြေ ၈၅ ဧကတွင် နိုင်ငံတကာအဆင့်မီ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် လက်ကားဈေးသစ်ကြီးကို အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီ ၂၅ ခုခန့် တင်ဒါတင်သွင်း
Published 4 January 2015
ကျော်ထင်

ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဒညင်းကုန်းရှိ မြေ ၈၅ ဧကတွင် နိုင်ငံတကာအဆင့်မီ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် လက်ကားဈေးသစ်ကြီးများကို ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်းကုမ္ပဏီ ၂၅ ခုခန့် တင်ဒါတင်သွင်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရှိရပါသည်။အဆိုပါ ဈေးသစ်ကြီး ဆောက်လုပ်ရန်အတွက် တင်ဒါကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ခေါ်ယူခဲ့ပြီး ဇန်နဝါရီ ၁ ရက်တွင် တင်ဒါပိတ်ခဲ့သည်။ယင်းဈေးသစ်ကြီး အကောင်အထည်ဖော်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လုပ်ငန်းမြေနေရာအား အသုံးပြုခွင့် ပေးမည်ဖြစ်ပြီး တင်ဒါရွေးချယ်ခံရသည့် ကုမ္ပဏီဘက်မှ ငွေကြေးရင်းနှီး မြှပ်နှံမှုနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တင်ဒါရွေးချယ်ခံရသည့် ကုမ္ပဏီသည် စိုက်ပျိုးထုတ်လုပ်သူများ၊ ရောင်းဝယ်ဖောက်ကားသူများ အပါအဝင် အများပြည်သူတို့ အစုရှယ်ယာ ပါဝင်နိုင်သော အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ရမည်ဖြစ်ကြောင်း စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။အဆင့်မြင့် လက်ကားဈေးကြီး တည်ဆောက်ရာတွင် အဆင့်မြင့်ဈေးနှင့် ဈေးသာယာရေးရုံး၊ လူနေဆိုင်ခန်း ပွဲရုံများ၊ ထရပ်ကားများနှင့် တိုက်ရိုက်ရောင်းဝယ်သည့် နေရာ၊ ကားရပ်နားစခန်း၊ အသီးအနှံနှင့် ပန်းမန်ဈေးနေရာနှင့် ဆေးကြောရုံ၊ လတ်ဆတ်သော ကုန်စိုကုန်ခြောက် ဈေးရုံများ၊ အသားငါးနှင့် ပင်လယ်စာဈေးရုံ၊ အအေးခန်း သိုလှောင်ရုံများ၊ တောင်သူ လက်လီရောင်းရန် ဈေးရုံနှင့် လက်ကားရောင်းဝယ်ရေးရုံများ စသည်တို့ ပါဝင်မည်ဟု သိရသည်။ ဈေးသစ်ကြီး တည်ဆောက်ပြီးစီးပါက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် ပြုလုပ်မည်ဟု သိရသည်။တင်ဒါသွင်းမှု အာမခံငွေကျပ် သိန်းနှစ်ရာတန်ဖိုးရှိ သက်တမ်းခြောက်လရှိ ဘဏ်အာမခံကို တင်သွင်းထားရပြီး တင်ဒါများဖွင့်လှစ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တင်ဒါတင်သွင်းသူများ ရှေ့မှောက်၌ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် တင်ဒါဖွင့်မည့်ရက်ကို ကြိုတင်အကြောင်းကြားမည်ဟု ထုတ်ပြန်ထားသည်။

Most Read

Most Recent