လက်ပံတောင်းတောင် လူသေဆုံးမှုနှင့် ပတ်သက်သည့် ဖြေရှင်းချက် အစီရင်ခံစာ ဇန်နဝါရီ ၄ ရက်ထွက်ရှိရန် အစိုးရအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားသည်။ဒေါ်ခင်စန်းလှိုင်သည် နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ဒေါ်ခင်စန်းလှိုင်က “အန်တီတို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးနဲ့ တွေ့ဆုံခွင့် ရခဲ့စဉ်က အန်တီတို့က ပစ်ခတ်လို့ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ မေးပါတယ်။ အဲဒီအခါမှာ ဝန်ကြီးချုပ်က အဲဒီကိစ္စ စုံစမ်းဖို့ အဖြစ်မှန် စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း ပြောပါတယ်။ အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာ တင်သွင်းနိုင်ရန် အချိန်နှစ်ပတ်လောက် ကြာမယ်။ နှစ်ပတ်အတွင်း အဖြေထွက်မယ်လို့ ပြောတယ်။ အဲဒီအဖွဲ့က ဒီဇင်ဘာ ၂၂ ရက် ရက်စွဲနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အတွက် ဇန်နဝါရီ ၄ ရက်ဆိုရင် နှစ်ပတ်ပြည့်မယ်။ အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် ကတိပေးခဲ့တဲ့ အစီရင်ခံစာ အဲဒီနေ့မှာ ထွက်၊ မထွက်ကို စောင့်ကြည့်နေပါတယ်။ အဲဒီ သတ်မှတ်နေ့မှာ ထွက်ရှိနိုင်အောင်လည်း ကျွန်မတို့အနေနဲ့ အစိုးရကို တွန်းအားပေး တိုက်တွန်းသွားမှာပါ” ဟု ပြောကြားသည်။ထို့ပြင် လက်ပံတောင်းတောင် လူသေဆုံးမှုနှင့် ပတ်သက်၍ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှလည်း လာရောက်စုံစမ်းမှုများ ပြုလုပ်နေကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။“အဲဒီ အစီရင်ခံစာမှာ လူသေဆုံးမှုအတွက် ဘယ်သူ တာဝန်ယူမလဲ။ ဘယ်သူ တာဝန်ခံမလဲ။ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။ အဲဒါတွေ ပါစေချင်တယ်။ လက်ပံတောင်းတောင် မီးလောင်ဗုံးဖြစ်စဉ်မှာလည်း အစိုးရအနေနဲ့ သေချာဖြေရှင်းပေးခဲ့တာ မရှိဘူးလေ” ဟု NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။လက်ပံတောင်းတောင် ပဋိပက္ခတွင် လူသေဆုံးမှုနှင့် ပတ်သက်၍ နှစ်ပတ်အတွင်း ဖော်ထုတ်ဖြေရှင်းပေးမည်ဟု ဝန်ကြီးချုပ်က ကတိပေးခဲ့သော်လည်း ကျေနပ်လောက်သည့် ဖြေရှင်းပေးမှု မရှိပါက လွှတ်တော်သို့ မေးခွန်း (သို့) အဆိုတင်မည်ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။လက်ပံတောင်းတောင် ပဋိပက္ခကြောင့် လူသေဆုံးမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားမျှတမှုရှိစွာ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးရန် ဒေသခံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန်လည်းရှိကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်ရာမှ ဒေသခံတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး လူ ၄ဝ ခန့် ဒဏ်ရာများ ရရှိခဲ့သည်။ဒီဇင်ဘာ ၂၃ ရက်တွင် လက်ပံတောင်းတောင် ပဋိပက္ခ ပိုမိုကြီးထွားလာပြီး မြန်မာဝမ်ပေါင်နှင့် ရဲတပ်ဖွဲ့မှ ထပ်မံဖြိုခွင်းရာ ဒေသခံနှစ်ဦး ထပ်မံ ဒဏ်ရာရရှိခဲ့သည်။အလားတူ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကို သမ္မတဖွဲ့စည်းခဲ့သည့် ကော်မတီက ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်းနှင့် လက်ပံတောင်းတောင် ပဋိပက္ခ လူသေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် NLD ပါတီမှ ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။လက်ပံတောင်းတောင် ပဋိပက္ခတွင် အမျိုးသမီးတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်သောအားဖြင့် ထိထိရောက်ရောက် အရေးယူရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃ဝ ရက်တွင် ပြောကြားသည်။
လက်ပံတောင်းတောင် လူသေဆုံးမှုနှင့် ပတ်သက်သည့် ဖြေရှင်းချက် အစီရင်ခံစာ ဇန်နဝါရီ ၄ ရက် ထွက်ရှိရန် အစိုးရအား NLD လွှတ်တော်ကိုယ်စားလှယ် တွန်းအားပေးမည်