ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှု လျော့ကျနေပြီး ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၄၃၀ ကျော် လျော့နည်းရရှိ

ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှု လျော့ကျနေပြီး ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၄၃၀ ကျော် လျော့နည်းရရှိ
Published 2 January 2015

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန်တင်ပို့မှု လျော့ကျနေပြီး ယခင်ဘဏ္ဍာနှစ် ပို့ကုန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၄၃၀ ကျော် လျော့နည်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၅၃၂၈ ဒသမ ၉၀၂ သန်း ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူ ကာလတွင်မူ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၅၇၆၃ ဒသမ ၀၇၄ သန်း ရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာရေးနှစ် ပင်လယ်ရေကြောင်းဖြင့် ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ထက် ဒေါ်လာ သန်း ၄၃၀ ကျော် လျော့နည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြည်ပကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆောင်ရွက်သကဲ့သို့ နယ်စပ်ကုန်သွယ်ရေးမှလည်း ဆောင်ရွက်နေကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များပြားနေသော်လည်း နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မှုမှာ သွင်းကုန်တင်သွင်းမှုထက် များပြားနေကြောင်း သိရသည်။ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ ဆောင်ရွက်သွားနေကြောင်း သိရသည်။နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်နှင့် တရားမဝင် ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေကြောင်း သိရသည်။လက်ရှိ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှာ မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီး၊ မြန်မာ-ထိုင်းနယ်စပ်တွင် တာချီလိတ်၊ ကော့သောင်း၊ မြဝတီ၊ ကျိုင်းတုံ၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူး၊ ရိဒ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မောင်တော၊ စစ်တွေ စသည့်နယ်စပ်စခန်းများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။ပို့ကုန်တင်ပို့မှု မြှင့်တင်ရန်အတွက် မြန်မာ့ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (MYAN TRADE) ကို ထူထောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent