မြန်မာနိုင်ငံအတွင်း ကားဈေးကွက်၏ ၅၅ ရာခိုင်နှုန်းကို ကျပ်သိန်း ၁၀၀ မှ ၂၀၀ ကြားရှိ အိမ်စီးကားများက နေရာယူထားဟု စစ်တမ်းက ဆို

မြန်မာနိုင်ငံအတွင်း ကားဈေးကွက်၏ ၅၅ ရာခိုင်နှုန်းကို ကျပ်သိန်း ၁၀၀ မှ ၂၀၀ ကြားရှိ အိမ်စီးကားများက နေရာယူထားဟု စစ်တမ်းက ဆို
Published 2 January 2015
နွဲ့ယဉ်အေး

မြန်မာနိုင်ငံအတွင်း ကားဈေးကွက်၏ ၅၅ ရာခိုင်နှုန်းကို ကျပ်သိန်း ၁ဝဝ မှ ၂ဝဝ ကြားရှိ အိမ်စီးကားများက နေရာယူထားကြောင်း အွန်လိုင်းအခြေပြု မော်တော်ယာဉ် ရောင်းဝယ်ရေး ဝက်ဘ်ဆိုက် Motors.com.mm က ပြုလုပ်ခဲ့သော စစ်တမ်းအရ သိရသည်။အဆိုပါစစ်တမ်းကို မြို့တွင်းစီးကား၊ ဗင်ကား၊ ဆလွန်းကား၊ ဇိမ်ခံကား၊ ပြိုင်ကား၊ SUV နှင့် MPV အိမ်စီးကားများပေါ်တွင်သာ ကောက်ယူထားခြင်းဖြစ်ပြီး ထရပ်ကား၊ ကုန်တင်ယာဉ်၊ မြေသယ်ယာဉ်၊ ဘတ်စ်ကား၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်၊ လူနာတင်ယာဉ် စသည့် လုပ်ငန်းသုံးယာဉ်များကို ထည့်သွင်းကောက်ခံထားခြင်း မရှိဟု သိရသည်။အဆိုပါ စစ်တမ်းအရ ဈေးကွက်အတွင်းရှိ အိမ်စီးကားထက် ထက်ဝက်ကျော်၏ ဈေးနှုန်းမှာ ကျပ်သိန်း ၁ဝဝ မှ ၂ဝဝ ကြားတွင် ရှိနေပြီး ရာခိုင်နှုန်းအားဖြင့် ၅၅ ရာခိုင်နှုန်း ရှိထားသည်။ဈေးကွက်အတွင်းရှိ ကျပ်သိန်း ၁ဝဝ အောက်တန်ဖိုးရှိ ကားဈေးကွက်မှာ ၂၂ ရာခိုင်နှုန်းရှိထားပြီး ဈေးကွက်ဝေစု ဒုတိယအများဆုံး ရရှိထားသည်ဟု ဆိုသည်။ အဆိုပါ ကျပ်သိန်း ၁ဝဝ အောက် ကားအများစုမှာ ဆီစားသက်သာသည့် မြို့တွင်းစီး အင်ဂျင်ပါဝါ ၁၃၅ဝ စီစီအောက်ကားများ ဖြစ်ကြသည်။ကားတန်ဖိုးအရ ကားဈေးကွက်၏ တတိယအများဆုံးကို ရောင်းဈေးကျပ်သိန်း ၂ဝဝ မှ ၃ဝဝ ကြားရှိ ကားများက ရယူထားပြီး အများအားဖြင့် မော်ဒယ်မြင့် ဇိမ်ခံကားအချို့နှင့် လမ်းမရွေးခရီးဝေးသွား SUV အမျိုးအစားများ ဖြစ်ကြသည်ဟု သိရသည်။ ၎င်းတို့၏ ဈေးကွက်ဝေစုမှာ ၁၃ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး ဖြစ်နေသည်။ဈေးကွက်ဝေစု၏ ခြောက်ရာခိုင်နှုန်းဖြင့် စတုတ္ထအများဆုံး ကားအမျိုးအစားများမှာ ရောင်းဈေး သိန်း ၃ဝဝ မှ သိန်း ၅ဝဝ အကြားရှိ ကားအမျိုးအစားများဖြစ်ပြီး ဈေးကွက်ဝေစု၏ သုံးရာခိုင်နှုန်းကို ရရှိထားသည်မှာ ရောင်းဈေး ငွေကျပ် သိန်း ၅ဝဝ မှ သိန်း ၁ဝဝဝ ကြားတန်ကြေးရှိ ကားများဖြစ်ကြသည်။ကားအမျိုးအစားအလိုက် မြန်မာနိုင်ငံအတွင်း ဝယ်ယူစီးနင်းမှု အများဆုံးကားအဖြစ် တိုယိုတာက ဈေးကွက်ဝေစု ၅၂ ရာခိုင်နှုန်းကို ရယူထားနိုင်ကြောင်း ဘဏ္ဍာရေးဆိုင်ရာ အကြံပေးကုမ္ပဏီ New Crossroads Asia (NCRA) က ပြုလုပ်ထားသော စီးပွားရေးစစ်တမ်းများအရ သိရသည်။မြန်မာ့ကားဈေးကွက် ဝေစုတွင် တိုယိုတာက ၅၂ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ၎င်း၏နောက်မှ ဟွန်ဒါက ၁၅ ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်နေသည်။အမှတ်တံဆိပ်အလိုက် ဈေးကွက်ဝေစု ရယူထားသည့် ကားအမှတ်တံဆိပ်များတွင် နစ်ဆန်က ရှစ်ရာခိုင်နှုန်း၊ မစ်ဆူဘီရှီနှင့် ဆူဇူကီးက ငါးရာခိုင်နှုန်းစီနှင့် မာဇဒါက သုံးရာခိုင်နှုန်း အသီးသီး ဈေးကွက်ဝေစု ရရှိထားကြသည်။        

Most Read

Most Recent