ပြည်ထောင်စုလွှတ်တော်နာယကနှင့် တွေ့ဆုံစဉ် ဝါဝါ၀င်းကုမ္ပဏီပိုင်မြေနေရာ၌ ကျူးကျော်နေထိုင်သူများအား မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ဖယ်ရှားခဲ့သူများကို အရေးမယူခြင်းအပေါ် တိုင်းလွှတ်တော်ကိုယ်စားလှယ်မေးခွန်းထုတ်

ပြည်ထောင်စုလွှတ်တော်နာယကနှင့် တွေ့ဆုံစဉ် ဝါဝါ၀င်းကုမ္ပဏီပိုင်မြေနေရာ၌ ကျူးကျော်နေထိုင်သူများအား မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ဖယ်ရှားခဲ့သူများကို အရေးမယူခြင်းအပေါ် တိုင်းလွှတ်တော်ကိုယ်စားလှယ်မေးခွန်းထုတ်
Published 31 December 2014

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ရှိ ဝါဝါ၀င်းကုမ္ပဏီပိုင် မြေနေရာ၌ ကျူးကျော်နေထိုင်သူများအား မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ဖယ်ရှားခဲ့သူများနှင့်ပတ်သက်၍ အရေးမယူခြင်းအပေါ် လှိုင်သာယာမြို့နယ် အမှတ် (၁)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးကပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာ ၃၀ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲတွင် ဦးကျော်မျိုးက ထိုသို့မေးခွန်းထုတ်မေးမြန်းခဲ့ခြင်းဖြစ်သည်။အဆိုပါကျူးကျော်မှုအား ကုမ္ပဏီဘက်မှ လူငှား၍ဖြေရှင်းခဲ့မှုသည် လက်ရှိအချိန်အထိ မပြီးပြတ်သေးကြောင်း၊ ယင်းကိစ္စရပ်အပေါ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ထံသို့ စာတင်ထားသော်လည်း တစ်စုံတစ်ရာဖြေရှင်းခြင်းကို မတွေ့ရသေးကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးကပြောကြားသည်။"ကျွန်တော်တို့စတင်ကျူးကျော်တဲ့အချိန်က ဘာကြောင့်မတားဆီးရတာလဲ။ နောက်တစ်ချက် မင်းမဲ့စရိုက်ဆန်ဆန် အင်အားသုံးဖျက်ဆီးသွားတာကို ယနေ့အချိန်ထိ ဘယ်သူမှ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲနဲ့ ဒီတိုင်းကြည့်နေကြတယ်လို့ ကြားသိရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခေါက်ဆင်းကြည့်ထားပါတယ်။ ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ဆီမှာဥပဒေရှိပါတယ်။ ဥပဒေအရဖြေရှင်းပါ။ ကျူးကျော်မှားတယ်ဆိုလည်း ဥပဒေအရဖြေရှင်းပါ။ အဲဒီတော့ မင်းမဲ့စရိုက်ဆန်ဆန်လုပ်တာက ကျွန်တော်တို့ပြည်သူလူထုအတွက် မအေးချမ်းပါဘူး။ ပြည်သူလူထုကလည်း အခုပြောနေပါပြီ။ ဒီလိုအုပ်စုဖွဲ့လုပ်တာ တစ်ကြိမ်တစ်ခါမဟုတ်တော့ပါဘူး" ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးက ပြောကြားသည်။ထိုသို့ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်များကို ညှိနှိုင်းဖြေရှင်းသင့်ကြောင်း၊ မြန်မာနိုင်ငံ၌ ဥပဒေများရှိသဖြင့် တရားဥပဒေစိုးမိုးရေးအတွက် စံပြလုပ်သင့်ကြောင်း၊  အင်အားသုံးဖြေရှင်းသည့်ပုဂ္ဂိုလ်များကို တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူစေလိုပြီး ကျူးကျော်သူများကိုလည်း ဥပဒေအရအရေးယူစေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးကထောက်ပြပြောကြားသည်။အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၆ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ငှားရမ်းထားသည့် လူအင်အား ၃၀၀ ခန့်ဖြင့် ကျူးကျော်နေအိမ်များကိုဖျက်ဆီးခြင်းအပြင် တုတ်၊ ဓားကိုင်ဆောင်ခြင်း၊ ဆိုင်ကယ်မီးရှို့ခြင်း၊ တဲများကို မီးရှို့ခဲ့ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ယင်းသို့လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြမှုများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက "တချို့ကိစ္စရပ်တွေမှာ ကျူးကျော်တွေကိုလည်း ညှိနှိုင်းရတဲ့အပိုင်းတွေ ညှိနှိုင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ တချို့ညှိနှိုင်းလို့မရတဲ့အပိုင်းမှာတော့ ဥပဒေနဲ့အညီဆောင်ရွက်နေတာဖြစ်ပါတယ်။ ဥပဒေမဲ့ဆောင်ရွက်နေတာမဟုတ်ပါဘူး။ ခုနက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတင်ပြသွားတဲ့ လှိုင်သာယာတို့ ဘာတို့ကိစ္စမှာ ကျွန်တော်တို့ ဥပဒေမဲ့ဆောင်ရွက်တယ်ဆိုတာ ကျွန်တော်တို့ ဥပဒေမဲ့နဲ့ဆောင်ရွက်လို့ရှိရင် တရားစွဲခြင်းခံရမှာပါ။ တာဝန်ရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းကလုပ်ရင်တောင်မှ အာဏာပိုင်အဖွဲ့အစည်းကို ပြန်တရားစွဲမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ မည်သည့်ကိစ္စကိုမဆို တိုင်းပြည်အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုရှေးရှုပြီးတော့မှ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကို တချို့ကတော့ လျစ်လျူရှုထားတယ်လို့ ထင်ကောင်းထင်မှာပါ။ တချို့ကတော့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးရတဲ့အပိုင်းတွေရှိပါတယ်။အဲဒီတော့ နှစ်ဦးနှစ်ဖက်ဖြစ်နေတဲ့အတွက် တစ်ဖက်က ညှိနှိုင်းဆွေးနွေးလို့မရရင်တော့ တရားဥပဒေအရပဲ တရားရုံးမှာပဲရင်ဆိုင်ကြပါလို့ ကျွန်တော်တို့ဆောင်ရွက်ပေးရတာရှိပါတယ်" ဟု ရှင်းလင်းပြောကြားသည်။

Most Read

Most Recent