လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား (နေပြည်တော်) သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်မဟုတ်ဘဲ ရန်ကုန်မြို့တွင်ပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့သာ တက်ရောက်မည်

လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား (နေပြည်တော်) သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်မဟုတ်ဘဲ ရန်ကုန်မြို့တွင်ပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့သာ တက်ရောက်မည်
Published 31 December 2014
ဝေယံဖြိုးဦး

နေပြည်တော်၌ပြုလုပ်မည့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်မဟုတ်ဘဲ ရန်ကုန်တွင်ပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့သာ တက်ရောက်ရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ပြုလုပ်သည့် သတင်းမီဒီယာများနှင့်တွေ့ဆုံပြီးနောက် သတင်းထောက်များ၏မေးမြန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။သတင်းထောက်တစ်ဦးမေးမြန်းသည့် လွတ်လပ်ရေးနေ့အခမ်းအနားတက်ရောက်ရန် ရှိ မရှိမေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ရန်မရှိသော်လည်း ရန်ကုန်တွင်ပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ရန်ရှိကြောင်း ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။(၆၇) နှစ်မြာက်လွတ်လပ်ရေးနေ့  ဗိုလ်ရှုခံအခမ်းအနားကို နေပြည်တော်၌ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျင်းပမည်ဖြစ်ပြီး ၎င်းအခမ်းအနားတွင် သမ္မတအား တပ်မတော်မှ တင့်ကားများ၊ တိုက်လေယာဉ်များဖြင့် တက်ရောက်အလေးပြုကြမည်ဖြစ်သည်။တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ကိုယ်စားပြုအဖွဲ့များ၊ တင့်ကားများ၊ တာဝေးပစ်အမြောက်များ၊ ဒုံးလက်နက်များ၊ တိုက်လေယာဉ်များ၊ ဟယ်လီကော်ပတာများဖြင့် ဗိုလ်ရှုခံအခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည်။ဗိုလ်ရှုခံအခမ်းအနားတွင် နိုင်ငံတော်သမ္မတအား တပ်မတော်ကြည်း၊ ရေ၊ လေမှ ကိုယ်စားပြုအဖွဲ့များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားပြုအဖွဲ့များ၊ ကင်းထောက်အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကိုယ်စားပြုအဖွဲ့များ စသည်ဖြင့်တက်ရောက်အလေးပြုကြမည်ဖြစ်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးကျင်းပမည့်အခမ်းအနားဖြစ်ကြောင်း သိရသည်။လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ၁၉၄၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားများကျင်းပခဲ့ကြောင်း သိရသည်။၁၉၄၉ ခုနှစ်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကျင်းပခဲ့ကြောင်း၊ ၁၉၄၉ ခုနှစ်တွင် နိုင်ငံတော်သမ္မတစဝ်ရွှေသိုက်နှင့် ဒေါက်တာဘဦးတို့တက်ရောက်ခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ် ဗိုလ်ရှုခံအခမ်းအနားကို ပြည်လမ်းတွင်ကျင်းပခဲ့ရာ၌ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦးနှင့် သမ္မတမန်းဝင်းမောင်တို့တက်ရောက်ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခြင်းမရှိတော့ကြောင်း၊ ၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားပြန်လည်ကျင်းပသည်မှာ နှစ် ၅၀ ကြာမှ ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့၌ လွတ်လပ်ရေးနေ့အခမ်းအနားကို ယခင်နှစ်က ပြည်လမ်း လွှတ်တော်အဆောက်အအုံရှေ့ရှိ ပြည်သူ့ရင်ပြင်ဝင်းတွင်ကျင်းပခဲ့သည်။            

Most Read

Most Recent