အိန္ဒိယနိုင်ငံသို့ ဆန်တန်ချိန်နှစ်သိန်း တင်ပို့ရန် တင်ဒါခေါ်ယူနေပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် စတင်တင်ပို့မည်

အိန္ဒိယနိုင်ငံသို့ ဆန်တန်ချိန်နှစ်သိန်း တင်ပို့ရန် တင်ဒါခေါ်ယူနေပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် စတင်တင်ပို့မည်
Published 31 December 2014
ပြည့်စုံအောင်၊ ဆန်းထူးအောင်

အိန္ဒိယနိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့နိုင်ရန် တင်ဒါများခေါ်ယူနေပြီး ၂ဝ၁၅  ခုနှစ် ဇန်နဝါရီမှ စတင်ကာ တင်ပို့နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း ရှင်များအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ထို့ပြင် အိန္ဒိယနိုင်ငံမှ လစဉ်ဆန်တန် ချိန် ၂ဝဝဝဝ နှင့် စုစုပေါင်းတန်ချိန် နှစ်သိန်း ဝယ်ယူနိုင်ရေးအတွက် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။
“အိန္ဒိယကိုပို့ဖို့ တင်ဒါစခေါ်နေပြီ ဒီလကုန်လောက်မှာ စဖြစ်မယ်။ ပြီးတော့ ပြည်တွင်းဆန်ဈေးနှုန်းက မြင့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဘက်က ဝယ်လက်တွေ အရမ်းလိုက်နေတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။
လက်ရှိတွင် တရုတ်ဈေးကွက်၊ အာရှဈေးကွက်၊ ဥရောပဈေးကွက်များကို ပိုမိုစနစ်တကျ ဈေးကွက်ထိုးဖောက်သွားရန် လိုအပ်ပြီး ဆန်ပြည်ပတင်ပို့မှုမှာ လျာထားချက်ပြည့်မီနိုင်သည့် အခြေအနေ ရှိနေကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ၂ဝ၁၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံအပြင် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သန်းတင်ပို့နိုင်ရန် တရုတ်နိုင်ငံကုန်သွယ်ရေး ဝန်ကြီးဌာနသို့ မေတ္တာရပ်ခံထားသည်။
မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့ရာတွင် ဒေသတွင်း နိုင်ငံများနည်းတူ တန်းမြင့်ဆန်များ တင်ပို့နိုင်ရန်ကြိုးပမ်းနေပြီး လက်ရှိအဓိက ကုန်သွယ်ဘက် တရုတ်သို့ တင်ပို့ရာတွင် ၂၅ မတ် ဆန်ကိုသာတင်ပို့နေခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ လေ့လာမှုများအရ အာရှတိုက်အတွင်း ဆန်တင်ပို့သော နိုင်ငံများအနက် မြန်မာနိုင်ငံသည် ဆန်ဈေးနှုန်း မတည်ငြိမ်မှု အမြင့်ဆုံးဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်ဈေးနှုန်း အတက်အကျ မြန်ဆန်မှုမှာ ဈေးကွက်စုစည်းမှု အားနည်းခြင်း၊ ဈေးကွက်သတင်း အချက်အလက် ယုံကြည်စိတ်ချရမှု မရှိခြင်း၊ ပို့ကုန်အမျိုးအမည် စုံလင်မှုအားနည်းခြင်းနှင့် ဆန်စပါးများသို လှောင်ထားနိုင်ရန်အတွက် ကုန်ကျစရိတ် များပြားခြင်းစသည့် အချက်များကြောင့်ဟု ကမ္ဘာ့ဘဏ်မှ ယုံကြည်ထားသည်။
၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၁ သန်း၊ တင်ပို့မှုမှ ဒေါ်လာ သန်း ၄ဝဝ ခန့်ရရှိခဲ့ပြီး ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် တန်ချိန် ၁ ဒသမ ၅ သန်းအထိ တင်ပို့ကာတင်ပို့မှုမှ ဒေါ်လာသန်း ၅ဝဝ အထိရရှိနိုင်မည်ဟု ဆန်တင်ပို့သူများမှ ခန့်မှန်းထားသည်။
 
 
 

Most Read

Most Recent