သဘာဝဓာတ်ငွေ့၊ ချုပ်ပြီးအထည်များ အပါအဝင် စက်မှုကုန်ချောပစ္စည်း ပြည်ပတင်ပို့မှု ဒေါ်လာလေးဘီလျံကျော် ရရှိ

သဘာဝဓာတ်ငွေ့၊ ချုပ်ပြီးအထည်များ အပါအဝင် စက်မှုကုန်ချောပစ္စည်း ပြည်ပတင်ပို့မှု ဒေါ်လာလေးဘီလျံကျော် ရရှိ
Published 31 December 2014
မင်းသီဟဇော်

သဘာဝဓာတ်ငွေ့၊ ချုပ်ပြီးအထည်များ တင်ပို့မှုအပါအဝင် စက်မှုကုန်ချောပစ္စည်းများ ပြည်ပတင်ပို့မှု ဒေါ်လာလေးဘီလျံကျော် အထိရရှိနေပြီး ယခင်ဘဏ္ဍာနှစ်တင်ပို့မှု ရရှိ ငွေထက် ဒေါ်လာသန်း ၈၇ဝ ကျော်ပိုမိုရရှိ နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဒီဇင် ဘာ ၂၆ ရက်အထိ သဘာဝဓာတ်ငွေ့ အပါအဝင် စက်မှုကုန်ချောပစ္စည်းအုပ်စု ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၄၂၄၄ ဒသမ ၆၇၉ သန်း (လေးဘီလျံကျော်) ရရှိခဲ့ခြင်းဖြစ်ပြီး ယခင် ဘဏ္ဍာနှစ် အလားတူကာလတွင်မူ စက်မှုကုန်ချာပစ္စည်း အုပ်စုပြည်ပတင်ပို့မှုမှ ဒေါ်လာ ၃၃၆၉ ဒသမ ၂၅၁ သန်းသာ ရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် စက်မှုကုန်ချောပြည်ပတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာသန်း ၈၇ဝ ကျော်ပိုမိုရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန်စသည် များဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ တစ်မျိုးတည်းတင်ပို့မှုမှ ဒေါ်လာ သုံးဘီလျံကျော်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှတင်ပို့သည့် ပို့ကုန်ပစ္စည်းများတွင် သဘာဝဓာတ်ငွေ့မှ ဝင်ငွေအများဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။
၂ဝ၁၄ ခုနှစ် ဩဂုတ်လ အတွင်းတွင်လည်း ထိုင်း PTTEP ကုမ္ပဏီမှ ဆောင်ရွက်နေသည့် မြန်မာ့ကမ်းလွန်လုပ်ကွက် ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့များ ထိုင်းနိုင်ငံသို့ ဩဂုတ် ၅ ရက်က စတင်တင်ပို့ခဲ့ပြီး တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၄ဝ ပို့လွှတ်သွားမည်ဖြစ်ကြောင်း PTTEP  က ထုတ်ပြန်ခဲ့သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်တွင်းသုံးစွဲမှု ဖူလုံစေရန်နှင့် ပြည်ပတင်ပို့မှု တိုးတက်စေရန်အတွက် ကုန်းပိုင်းလုပ်ကွက်များတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို  ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးခဲ့ပြီး ကမ်းလွန်လုပ်ကွက်များတွင်လည်း ပြည်ပကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုပြုနိုင်ရန် ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များတင်ပို့ရာတွင် ဆန်အပါအဝင် လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်များ၊ သစ်တောထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့ အပါအဝင် စက်မှုကုန်ချော ပစ္စည်းများနှင့် အခြားပို့ကုန်များကိုတင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  
 

Most Read

Most Recent