နာမည်ကြီး စိန်၊ ကျောက်မျက်၊ ရွှေ အရောင်းဆိုင်အများစု ထိပ်တန်းအခွန်ထမ်း စာရင်းတွင် လုံးဝမပါ၊ အခွန်စာရင်းတွင် ပါဝင်သူ အချို့မှာလည်း ဆောင်သင့်သည်ထက် နည်းပါးစွာ ပေးဆောင်

နာမည်ကြီး စိန်၊ ကျောက်မျက်၊ ရွှေ အရောင်းဆိုင်အများစု ထိပ်တန်းအခွန်ထမ်း စာရင်းတွင် လုံးဝမပါ၊ အခွန်စာရင်းတွင် ပါဝင်သူ အချို့မှာလည်း ဆောင်သင့်သည်ထက် နည်းပါးစွာ ပေးဆောင်
Published 30 December 2014
မာန်သူရှိန်၊ မင်းသီဟဇော်

နာမည်ကြီး စိန်တိုက်၊ ရွှေဆိုင်နှင့် ကျောက်မျက်ရတနာဆိုင် အများစုမှာ ဒီဇင်ဘာ ၂၂ ရက်က ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း စာရင်းတွင် လုံးဝပါဝင်လာခြင်း မရှိကြောင်း စာရင်းများအရ သိရသည်။ရန်ကုန်၌ပင် တန်ဖိုးကြီး စိန်၊ ကျောက်မျက်ရတနာ၊ ရွှေ အရောင်းအဝယ် ပြုလုပ်နေသည့် ဆိုင်ကြီးပေါင်းမှာ ၆၃ဝ နှင့်အထက် ရှိသည်။ သို့သော် ထိပ်တန်းအခွန်ထမ်း စာရင်းတွင်မူ ရွှေနှင့် ကျောက်မျက်ရတနာ အရောင်းဆိုင်အနေဖြင့် ခြောက်ဆိုင်သာ ပါဝင်လာခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ထိပ်တန်းအခွန် ပေးဆောင်သည့် ၁ဝဝဝ ဦးစာရင်းတွင် ရွှေစင်၊ မောင်ကိန်း၊ ဝိန့်စိန်၊ ဝိန့်လီ၊ ရွှေနန်းတော်၊ အောင်သမာဓိ ရွှေဆိုင်များသာ ပါဝင်လာခဲ့သည်။အခြားသော တာလီ၊ ဦးထုံ၊ ပတ်ကား၊ ပါဝါ၊ နယူးတိုင်စင်၊ လပ်ကီးတိုင်စင်၊ ရွှေဥ၊ ပြည့်ဝေလျှံ စသည်ဖြင့် နာမည်ကျော် လူသိများသော ရတနာရွှေဆိုင်ကြီးများအပြင် အခြားသော နာမည်ကြီး ရွှေဆိုင်များလည်း ပါဝင်လာခြင်းမရှိကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ (အဆိုပါ ဆိုင်အမည်များဖြင့် မပါဝင်ကြောင်း ဆိုလိုသည်)ရွှေစင်အနေဖြင့် ဝင်ငွေခွန်တွင် ကျပ် ၁၉၅ သိန်းနီးပါးသာ ပေးဆောင်ပြီး အဆင့် ၆၄၉ ၌သာ ရပ်တည်ခဲ့ကြောင်း၊ ကုန်သွယ်ခွန်တွင် ကျပ်သိန်း ၅ဝဝ အောက်ပေးဆောင်ပြီး အဆင့် ၆၅၈ ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ မောင်ကိန်းရွှေဆိုင်သည်လည်း ဝင်ငွေခွန်တွင် ၁၈၃ သိန်းကျော်သာ ပေးဆောင်ပြီး အဆင့် ၆၈ဝ တွင် ရပ်တည်ခဲ့ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်တွင် ကျပ်သိန်း ၅ဝဝ အောက်ပေးဆောင်ပြီး အဆင့် ၅၅၇ တွင် ရပ်တည်ခဲ့ကြောင်း သိရသည်။အောင်သမာဓိ ဆိုလျှင်လည်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်သည့် ထိပ်တန်းစာရင်း တစ်ခုတည်းတွင်သာ ပါဝင်လာခဲ့ပြီး ကျပ်သိန်း ၅ဝဝ အောက်သာ ပေးခဲ့ကြောင်း၊ ထိပ်တန်း အခွန်ထမ်း ၁ဝဝဝ ဦးစာရင်းတွင် အဆင့် ၈ဝ၆ ၌သာ ရပ်တည်ခဲ့ကြောင်း သိရသည်။ဝိန့်လီရွှေဆိုင်သည် ကုန်သွယ်လုပ်ငန်းခွန် ကျပ်သိန်း ၅ဝဝ အောက် ပေးဆောင်ပြီး အဆင့် ၉၁၇ ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ဝိန့်စိန် ရွှေဆိုင်သည်လည်း ဝင်ငွေခွန်တွင် ကျပ် ၁၆၇ သိန်းကျော် ပေးဆောင်ခဲ့ပြီး အဆင့် ၇၂၁ တွင် ရပ်တည်ခဲ့ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်တွင် ကျပ်သိန်း ၅ဝဝ အောက် ပေးဆောင်ပြီး အဆင့် ၅၂၅ တွင် ရပ်တည်ကြောင်း သိရသည်။ရွှေနန်းတော် အနေဖြင့် ဝင်ငွေခွန်တွင် ကျပ် ၁၃၂ သိန်းကျော် ပေးဆောင်ပြီး အဆင့် ၈၃၁ ၌သာ ရပ်တည်ခဲ့ပြီး ကုန်သွယ်ခွန်တွင် ကျပ်သိန်း ၅ဝဝ အောက်သာ ပေးဆောင်ပြီး အဆင့် ၉၉၂ တွင်သာ ရပ်တည်ခဲ့သည်။ကျောက်စိမ်းနှင့် ကျောက်မျက်တူးဖော်သည့် ကုမ္ပဏီအများစုမှာ ထိပ်တန်းအခွန်ထမ်း စာရင်းတွင် အများအပြား ပါဝင်ခဲ့သော်လည်း စိန်နှင့် ကျောက်မျက်အရောင်းဆိုင်ကြီး အများစုမှာမူ ထိပ်တန်းအခွန်ထမ်း စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။The Rich Gems အပါအဝင် နာမည်ကြီး စိန်တိုက်နှင့် ကျောက်မျက်ရတနာ အရောင်းဆိုင်အချို့သာ ထိပ်တန်းအခွန်ထမ်း စာရင်းတွင် ပါဝင်ခဲ့ပြီး ကာတီယာ စိန်တိုက်၊ နာမည်ကျော် She Shine Gems & Jewellery၊ SP Gems၊ စိန်စံပယ်ဖူးကဲ့သို့သော ဆိုင်ကြီးများ အပါအဝင် အခြားသော နာမည်ကြီးစိန်တိုက်နှင့် ကျောက်မျက်ရတနာ အရောင်းဆိုင်များလည်း ထိပ်တန်းအခွန်ထမ်း စာရင်းတွင် ပါဝင်လာမှု မရှိခြင်း ဖြစ်သည်။ (ဖော်ပြပါ အမည်များဖြင့် ပါဝင်မလာခြင်းဖြစ်)ထိပ်တန်းအခွန်ထမ်းစာရင်းတွင် ပါဝင်လာသည် ဆိုသော်လည်း ပါဝင်သည့် ရွှေဆိုင်အချို့၊ စိန်နှင့် ကျောက်မျက်ရတနာ အရောင်းဆိုင်ကြီး အချို့၏ အခွန်ပေးဆောင်မှု ပမာဏမှာမူ ၎င်းတို့၏ ကျော်ကြားမှုနှင့် ရင်းနှီးမြှုပ်နှံနိုင်မှုတို့နှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိကြောင်း၊ ပေးဆောင်သူ အချို့သည်ပင် ပေးဆောင်သင့်သည်ထက် နည်းပါးစွာ ပေးဆောင်ထားမှုရှိလျှင် စာရင်းတွင် မပါသူများမှာ ပိုမိုဆိုးရွားသည့် အနေအထားတွင်ရှိကြောင်း ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ဥပမာ-အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းမှ ရာဂဏန်းကြား (ကျပ်ဘီလျံဆယ် ဂဏန်းမှ ရာဂဏန်းကြား) အထိ ရင်းနှီးမြှုပ်နှံရမည့် ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ 68 Residence စီမံကိန်းကိုပင် အကောင်အထည် ဖော်နိုင်သည့် ရွှေနန်းတော် စိန်ရွှေရတနာ လုပ်ငန်းစု အနေဖြင့် ယခုအခါ ဝင်ငွေခွန်တွင် ကျပ် ၁၃၂ သိန်းနှင့် ကုန်သွယ်လုပ်ငန်းခွန်တွင်လည်း ကျပ်သိန်း ရာဂဏန်းသာ ပေးဆောင်ထားမှုကိုကြည့်လျှင် ခန့်မှန်းနိုင်ကြမည် ဖြစ်သည်။ကျောက်မျက်ဆိုင်ကြီးများ ထဲတွင်လည်း ဥပမာ-She Shine ကဲ့သို့သော နာမည်ကျော် အရောင်းဆိုင်ကြီးမှာ ထိပ်တန်းအခွန်ထမ်း စာရင်းတွင် ယင်းအမည်ဖြင့် ပါဝင်လာခြင်း မရှိခြင်းကို ကြည့်ခြင်းဖြင့် ကျောက်မျက်အရောင်းဆိုင်ပေါင်းများစွာ ပေးဆောင်သင့် ဆောင်ထိုက်သည့် ပမာဏအခွန်ငွေ မပေးဆောင်ခြင်းမှာ ထင်ရှားလျက်ရှိသည်။

Most Read

Most Recent