ပြည်သူအား ပေးထားသည့် ကတိများ တည်ရမည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ မည်မျှ ကတိတည်သည်ကို ပြည်သူများကသာ ဆုံးဖြတ်ပေးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူအား ပေးထားသည့် ကတိများ တည်ရမည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ မည်မျှ ကတိတည်သည်ကို ပြည်သူများကသာ ဆုံးဖြတ်ပေးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 30 December 2014
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ပြည်သူကို ပေးထားသည့် ကတိများ တည်ရမည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ မည်မျှ ကတိတည်သည်ကို ပြည်သူများကသာ ဆုံးဖြတ်ပေးနိုင်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒီဇင်ဘာ ၃ဝ ရက်တွင် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က “အန်တီကတော့ နိုင်ငံရေးသမားများ ကတိကဝတ် ပေးတာနဲ့ ပတ်သက်လို့ အများကြီးပဲ သတိနဲ့ ဆင်ခြင်သင့်တယ်လို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကိုပေးတဲ့ ကတိဟာ တည်ရမယ်။ မတည်နိုင်လို့ထင်ရင် မပေးဖို့ပဲ ရှိတယ်” ဟု ပြောကြားသည်။ထို့ကြောင့် NLD မူအရ ကတိများ မပေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။“ဒီ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံခဲ့တုန်းက ပြောခဲ့တယ်။ ပြည်သူကို ကတိကဝတ်တွေ မပေးဘူး။ ပေးတဲ့ကတိ တစ်ခုပဲရှိတယ်။ ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ဒါထက်ပိုပြီးတော့ ကျွန်မတို့ မပေးဘူး။ မပေးနိုင်ဘူး။ တချို့ကဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ ကတိပေးခဲ့တယ်ပေါ့။ တရားဥပဒေ စိုးမိုးရေး ဖြစ်စေရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲမယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စေမယ်။ အန်တီတို့ ဘယ်လိုမှ အဲဒီလို ကတိတွေ မပေးခဲ့ဘူး။ အဲဒါဟာ အန်တီတို့ရဲ့ မူဝါဒဆိုပြီး ချပြခဲ့တယ်။ အဖွဲ့ချုပ်ရဲ့ မူဝါဒ။ အဖွဲ့ချုပ်ရဲ့ လမ်းစဉ်။ ရွေးကောက်ပွဲကို ဒီလမ်းစဉ် မူဝါဒတွေကို အခြေခံပြီးတော့ ယှဉ်ပြိုင်ပါတယ်လို့ ချခဲ့တယ်။ ဒီဟာတွေကို ဖြစ်အောင်လုပ်ပေးမယ်လို့ ကတိမပေးခဲ့ဘူး။ သေချာလည်း အန်တီတို့ ပြောခဲ့တယ်။ အဲဒီတုန်းက ဝင်အရွေးခံတာ ၄၄ ယောက် အားလုံးနိုင်လို့ ရှိရင်တောင်မှ လွှတ်တော်ထဲမှာ လူနည်းစုလေးပဲ ဖြစ်နေမှာစိုးလို့ ဒီရည်ရွယ်ချက်တွေကို လွှတ်တော်အတွင်းမှာ အကောင်အထည် ဖော်ပေးနိုင်ဖို့ဆိုတာဟာ လက်တွေ့မကျဘူးဆိုတာ အန်တီတို့ ရှင်းပြခဲ့တယ်။ ပြည်သူကို ဘယ်တုန်းကမှ မတည်နိုင်တဲ့ ကတိတွေကို မဲရအောင်လို့ အန်တီတို့ မပေးခဲ့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဖြေကြားနေသည်ကို တွေ့ရစဉ်
အလားတူ ဦးသိန်းစိန်အစိုးရ အနေဖြင့်လည်း မည်မျှ ကတိတည်ခဲ့ပြီး မည်မျှ ကတိကဝတ်အတိုင်း ဆောင်ရွက်ပေးခဲ့သည် ဆိုသည်ကို ပြည်သူများကသာ ဆုံးဖြတ်ပေးနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။“ဒီတော့ အခုနက မေးတဲ့အထဲမှာ ဦးသိန်းစိန်အစိုးရဟာ ဘယ်လောက်အထိ ကတိကဝတ်တွေ တည်ခဲ့တယ် ဆိုတာဟာ ပြည်သူတွေကို ပြန်မေးရမယ်။ ပြည်သူတွေကို ဘာကတိကဝတ်တွေ ပေးခဲ့လဲ။ ပေးခဲ့တဲ့ ကတိကဝတ်တွေအတိုင်း လုပ်ခဲ့ရဲ့လားဆိုတာ ပြည်သူတွေက ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။သမ္မတဦးသိန်းစိန် အနေဖြင့် ၂ဝ၁၁ မတ်လမှ စတင်ပြီး တာဝန်ယူပြီးနောက် မိမိအနေဖြင့် နောက်အစိုးရ သက်တမ်းတွင် သမ္မတအဖြစ် ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူများ ဆန္ဒရှိပါက နောက်သက်တမ်းအတွက် သမ္မတရာထူးနေရာ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ပြန်လည်ပြောကြားထားသည်။လွှတ်တော်မှတစ်ဆင့် ပြည်သူများမှ အစိုးရထံ တောင်းဆိုထားသည့် လိုအပ်ချက်များကို အစိုးရဝန်ကြီးဌာန တာဝန်ရှိသူများက လွှတ်တော်၌ ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့မှုများ ရှိသည်။၎င်းကတိများနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ ပြည်သူများအား ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့် လုပ်ငန်းပေါင်း ၁၈၃၂ အနက် တစ်ဝက်ကျော်သာ အမှန်တကယ် လုပ်ပေးကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ ပြည်သူ့လွှတ်တော်သို့ စက်တင်ဘာ ၂၄ ရက်တွင် တင်ပြခဲ့သည်။

Most Read

Most Recent