၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန်နှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အကူအညီပေးရန် ကမ္ဘာ့ဘဏ် ပြင်ဆင်နေ

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန်နှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အကူအညီပေးရန် ကမ္ဘာ့ဘဏ် ပြင်ဆင်နေ
Published 30 December 2014
နီလာ၊ ဆန်းထူးအောင်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီရန်၊ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန်နှင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ရရှိစေရန် ကမ္ဘာ့ဘဏ်အုပ်စုက ဒေါ်လာ သန်း ၂၀၀၀ အသုံးပြု ဆောင်ရွက်သွားမည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပိုမိုရရှိ စေရန်နှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အကူအညီပေးရန် ပြင်ဆင်နေကြောင်း ကမ္ဘာ့ဘဏ်မှ သိရသည်။“မနှစ်တုန်းကတည်းက ပရောဂျက်တွေ တောက်လျှောက်လုပ်လာတာ၊ နောက်ဆုံးပရောဂျက် ဧရာဝတီမြစ်ဝှမ်း ပြုပြင်ထိန်းသိမ်းရေးအတွက် ဒေါ်လာ သန်း ၁၀၀၊ ကျန်းမာရေးအတွက် ဒေါ်လာ သန်း ၁၀၀ စသဖြင့် ကူညီခဲ့တယ်။ ၂၀၁၅ အတွင်းမှာ ထပ်ပြီးလုပ်ဖို့ ရှိတာက လျှပ်စစ်ရှိမယ်၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေ ရှိမယ်။ အဲဒါတွေက လောလောဆယ် ပြင်ဆင်နေပါတယ်” ဟု ကမ္ဘာ့ဘဏ်မှ Communication Officer ကိုကျော်စိုးလင်းက ပြောကြားသည်။လူဦးရေ၏ ရာခိုင်နှုန်း ၇၀ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး၊ ထုတ်လွှင့်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေါ်လာ သန်း ၁၀၀၀ အသုံးပြု ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။လျှပ်စစ်ဓာတ်အားကဏ္ဍတွင် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေး စီမံကိန်းကို ကူညီသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စုသည် ကုန်ကျစရိတ် နည်းပါးပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်မည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုးတိုးတက် များပြားလာစေရန်နှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်များအတွက် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်ရင်းနှီးမြှုပ်နှံများကို အားပေးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။“မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ကို အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ ဝင်ငွေတိုးအောင် လုပ်ဆောင်ပေးရမယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်နေတဲ့သူတွေ ဝင်ငွေတိုးအောင် လုပ်ဆောင်ပေးရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထား လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ ဝင်ငွေတိုးဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားကြရပါမယ် ပြီးတော့ ကျွမ်းကျင်မှု အဆင့်နိမ့်တဲ့ အလုပ်သမားတွေကနေ ကျွမ်းကျင်မှု အဆင့်မြင့်တဲ့ အလုပ်သမားတွေ များလာအောင် လုပ်ဆောင်ရပါမယ်။ အဲဒီလုပ်ငန်းမှာ ရေရှည်လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အစိုးရတင် မဟုတ်ပါဘူး။ ပုဂ္ဂလိက ကဏ္ဍကပါ လုပ်ဆောင်ရပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Ulrich Zachau က ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၏ အကူးအပြောင်း ကာလတွင် ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ခြင်းနှင့် အားလုံးမျှေ၀ ပိုင်ဆိုင်သည့် သာယာဝပြောမှုကို မြှင့်တင်ခြင်းဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောကြားခဲ့သည်။မြန်မာနိုင်ငံ အစိုးရ၏ နှစ်ရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ကူညီနိုင်ရန်အတွက် ကမ္ဘာ့ဘဏ်အုပ်စုသည် ၎င်း၏ အဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IBA) အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) နှင့် နိုင်ငံစုံ အကျိုးတူရင်းနှီးမြှုပ်နှံမှု အာမခံရေး အေဂျင်စီ (MIGA) အဖွဲ့များထံမှ ကျွမ်းကျင်မှုများ အရင်းအမြစ်များကို ရယူအသုံးချသွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent