ကျောက်ဖြူမြို့နယ်အတွင်း ရေနံအထွက်နှုန်း လျော့ကျလာခြင်းကြောင့် ဒေသခံရေနံတွင်း လုပ်ငန်းရှင်အချို့ ရပ်နားမှု ရှိလာ

ကျောက်ဖြူမြို့နယ်အတွင်း ရေနံအထွက်နှုန်း လျော့ကျလာခြင်းကြောင့် ဒေသခံရေနံတွင်း လုပ်ငန်းရှင်အချို့ ရပ်နားမှု ရှိလာ
Published 30 December 2014

ကျောက်ဖြူမြို့နယ် အတွင်းရှိ ရေနံထုတ်လုပ်မှု လုပ်ငန်းရှင်အချို့မှာ ရေနံအထွက်နှုန်း လျှော့နည်းကျဆင်းလာမှုကြောင့် လုပ်ငန်းဆက်လက် လုပ်ကိုင်ခြင်း မရှိဘဲ လုပ်ငန်းရပ်နား ပိတ်သိမ်းသူများ ရှိလာကြောင်း ကျောက်ဖြူရေနံတောင် ကျေးရွာမှ တစ်ပိုင်တစ်နိုင် လက်ယက်ရေနံတွင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။ရွှေသဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ တည်ရှိရာ မလကျွန်း လိပ်ခမော်ကျေးရွာတို့အပြင် အနီးပတ်ဝန်းကျင်ရှိ မင်းပြင်၊ ရေနံတောင်၊ ချောင်းဝ၊ ကျောက်ပြောက်၊ ဝမျှောင်ကျေးရွာ အုပ်များနှင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေနံထွက်ရှိသော လုပ်ကွက် ၁ဝ ကျော်ရှိကြောင်း၊ ယင်းလုပ်ကွက်များမှ ရေနံအထွက် ကောင်းခဲ့စဉ် လွန်ခဲ့သည့် လေးနှစ်ကျော် ကာလက တစ်နေ့လျှင် ပျမ်းမျှအားဖြင့် လက်ယက်ရေနံတွင်း တစ်တွင်းလျှင် ရေနံစိမ်းကုန်ကြမ်း အနည်းဆုံး စည်အလုံးရေ ၁ဝ မှ ၂ဝ ဝန်းကျင်အထိ ထွက်ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ရေနံထွက်နှုန်း နည်းပါးလာသည့်အတွက် တွက်ခြေမကိုက်ခြင်းကြောင့် လုပ်ငန်းရှင်ပေါင်း ၅ဝ ကျော်ခန့် လုပ်ငန်းရပ်တန့်သွားကြောင်း ရေနံတောင်ကျေးရွာမှ ရေနံတွင်းပိုင်ရှင် ဦးမောင်လှတင်က ပြောကြားသည်။“ရေနံထုတ်လုပ်မှု လုပ်ငန်းရှင်က ၂ဝဝ ဦးကျော်လောက် ရှိမယ်ထင်တယ်။ ရေနံအထွက်နှုန်း ကျဆင်းမှုနှင့် အရှုံးဒဏ် မခံနိုင်လို့ လုပ်ငန်းရှင်အချို့က ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် ကျောက်ထုတ်လုပ်ငန်းတို့၊ နီးစပ်ရာ ရေလုပ်ငန်းတို့ကို လုပ်ငန်းကူးပြောင်း သွားကြတယ်။ အခုနှစ်မှာက ရေနံတောင် လုပ်ကွက်က ၁၂ ဦးနဲ့ မင်းပြင်၊ ချောင်းဝ လုပ်ကွက်တွေက ၂ဝ ကျော်လောက် လုပ်ငန်းပြောင်းသွားကြသလို တခြားရွာတွေက ရေနံတွင်းပိုင်ရှင် တော်တော်များများလည်း လုပ်ငန်းရပ်ပြီး တခြားလုပ်ငန်းတွေကို ပြောင်းကုန်ကြတယ်” ဟု ကျောက်ဖြူမြို့ခံ ရေနံတူးဖော် ထုတ်လုပ်မှု လုပ်ငန်းရှင် ဦးကြာလှက ဆိုသည်။လက်ယက်ရေနံတွင်း တစ်တွင်းလျှင် လုပ်သားငါးဦးမှ ခုနစ်ဦးအထိ သုံးရပြီး ရေနံထွက်ရှိပါက လူဦးရေအလိုက် ဝေစုခွဲဝေကာ မြေပိုင်ရှင်အတွက် မြေယာခတစ်စု ပေးရကြောင်း၊ အဆိုပါ လုပ်ကွက်များမှ လွန်ခဲ့သည့် ငါးနှစ်ကျော် ခြောက်နှစ်အချိန်က ရက်သတ္တပတ်လျှင် ပျမ်းမျှအားဖြင့် ရေနံစိမ်း ကုန်ကြမ်းစည်ပေါင်း အနည်းဆုံး စည် ၂ဝဝ မှ ၃ဝဝ ကျော် ၅ဝဝ ဝန်းကျင်အထိ ထွက်ရှိတတ်ကြောင်းနှင့် လက်ရှိတွင် စည်ပေါင်း ၇ဝ မှ ၁ဝဝ ဝန်းကျင်ခန့်သာ ထွက်ရှိလာမှုကြောင့် လုပ်ငန်းအဆင်မပြေသဖြင့် ရေနံတူးသမားများ ထောင်နှင့်ချီပြီး ယခုနှစ်အတွင်း လုပ်ငန်းစွန့်ခွာ သွားကြခြင်းဖြစ်ကြောင်း ရေနံတူးဖော်ရေး လုပ်ငန်းရှင်များက ဆိုသည်။ရေနံတွင်း တစ်တွင်းတူးလျှင် အနည်းဆုံး ပေ ၇ဝဝ မှ ပေ ၁၅ဝဝ ကျော်ပေ ၂ဝဝဝ အထိ တူးဖော်တတ်ရကြောင်းနှင့် ယင်းတူးဖော်မှု ကုန်ကျစရိတ်မှာ ကျပ် ၁ဝ သိန်းမှ သိန်း ၃ဝ အထိ ကုန်ကျနိုင်ပြီး လက်ရှိရေနံစိမ်း ကုန်ကြမ်းတစ်စည်လျှင် ကျပ် ၁၄ဝဝဝဝ အထိရှိကြောင်း သိရသည်။ဒေသခံ ရေနံလုပ်ငန်းရှင်များ၏ အဆိုအရ ရေနံအထွက်နှုန်း ကျဆင်းလာခြင်းမှာ တရုတ်နိုင်ငံ (CNPC) ကုမ္ပဏီပိုင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း စတင်လာသည့် ၂ဝဝ၉ ခုနှစ်မှ အစပျိုးလာခြင်းဖြစ်ပြီး ယင်းစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် မကျေမနပ် ဖြစ်နေကြကြောင်း ဒေသခံများက ဆိုသည်။

Most Read

Most Recent