ရှမ်းပြည်နယ် လင်းခေးခရိုင်အတွင်းRCSS/SSA (ရွက်ဆစ်) အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုှုကြောင့် ခရိုင်သစ်တောဦးစီးမှူး အပါအဝင် သစ်တောဝန်ထမ်းလေးဦး သေဆုံး

ရှမ်းပြည်နယ် လင်းခေးခရိုင်အတွင်းRCSS/SSA (ရွက်ဆစ်) အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုှုကြောင့် ခရိုင်သစ်တောဦးစီးမှူး အပါအဝင် သစ်တောဝန်ထမ်းလေးဦး သေဆုံး
Published 30 December 2014
ဝင်းမြင့်ကျော်

လင်းခေးခရိုင်အတွင်း (RCSS/SSA) (ရွက်ဆစ်) အဖွဲ့မှ ပစ်ခတ်မှုကြောင့် ခရိုင်သစ်တောဦးစီးမှူးအပါအဝင် သစ်တောဝန်ထမ်းလေးဦး သေဆုံးမှု ဒီဇင်ဘာ ၂၇ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် ရှမ်းပြည်နယ် လင်းခေးမြို့နယ် ဝမ်စလောင်းကျေးရွာအနီး သစ်များခိုးထုတ်နေသည်ဟု သတင်းအရ လင်းခေးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ပိတောက်သစ် တန် ၂ဝဝ ခန့်အား တောအတွင်းနှင့် လမ်းမနံဘေးတို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့သည့်သစ်များအား စစ်ဆေးရန်နှင့် တိုင်းတာရန်အတွက် ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် လင်းခေးခရိုင် သစ်တောဦးစီးမှူး ဦးလှမင်းအပါအဝင် ဝန်ထမ်း ၁ဝ ဦးက သွားရောက်ခဲ့ရာ စစ်ဆေးမှုပြီးစီးပြီးနောက် ဝန်ထမ်းလေးဦးမှာ လင်းခေးသို့ ပြန်လာခဲ့ကြောင်း သိရသည်။ထို့နောက် ည ၇ နာရီခန့်တွင် လင်းခေးခရိုင် သစ်တောဦးစီးမှူး ဦးလှမင်းအပါအဝင် ဝန်ထမ်းလေးဦးက မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ အခြားသစ်တောဝန်ထမ်းနှစ်ဦးက ဆိုင်ကယ်ဖြင့်လည်းကောင်း၊ လင်းခေးမြို့သို့ ပြန်စဉ် ဝမ်းဟတ်ကျေးရွာ၏ လေးမိုင်ခန့်အကွာအရောက်တွင် လက်နက်ကိုင်အဖွဲ့ဖြစ်သည့်ဲ့ RCSS /SSA  အဖွဲ့မှ ငါးဦးခန့်က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လင်းခေးခရိုင် သစ်တောဦးစီးမှူး ဦးလှမင်း အသက် ၅၅ နှစ်၊ ဦးဗိုလ်မင်း အသက် ၄၄ နှစ် လင်းခေးခရိုင် တောခေါင်း၊ ဦးသန်းထိုက်အောင် အသက် ၂၉ နှစ် လင်းခေးခရိုင် တောခေါင်းနှင့် ဦးစစ်ထွေး ၂၉ နှစ် မောက်မယ်မြို့နယ် သစ်တောဦးစီးမှ တောခေါင်းတို့ သေဆုံးခဲ့ကြောင်း သိရသည်။“ဖမ်းမိထားတဲ့ သစ်တွေကို သွားစစ်ပြီး ပြန်လာတဲ့ကားပေါ်က ဝန်ထမ်းလေးဦးနဲ့ ဆိုင်ကယ်ပေါ်က ဝန်ထမ်းနှစ်ယောက်ကို RCSS /SSA  အဖွဲ့မှ ငါးဦးခန့်က သေနတ်ဖြင့် ပစ်ခတ်ခဲ့လို့ လေးဦးသေဆုံးခဲ့ပါတယ်။ ကားပေါ်မှာပါတဲ့နှစ်ဦးက ခုန်ချပြီး ထွက်ပြေးခဲ့လို့ လွတ်မြောက်ခဲ့တယ်။ ဒီဖြစ်စဉ်ကိုတော့ အမှုဖွင့်ထားပါတယ် ” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အုန်းကျော်မင်းက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။RCSS /SSA  ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီးစိုင်းလက “ကျွန်တော်တို့ဆီကိုတော့ ဘာသတင်းမှ မရောက်သေးဘူး။ သတင်းသေချာမသိသေးတဲ့အတွက် ဘာမှမပြောနိုင်သေးပါဘူး ” ဟု ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။အဆိုပါဖြစ်စဉ်ကို လင်းခေးမြို့နယ် ဝမ်းဟတ်နယ်မြေရဲစခန်း (ပ) ၄/၂ဝ၁၄၊ ပုဒ်မ- ၃ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။     

Most Read

Most Recent