ဝန်ကြီးဌာနအချို့၏ ဆီးသီးဗန်းမှောက်သည့်ကိစ္စနှင့် ပတ်သက်၍ ရရှိထားသည့် အချက်အလက်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ လွှတ်တော်ကိုယ်စားလှယ်အချို့ တင်ပြမည်

ဝန်ကြီးဌာနအချို့၏ ဆီးသီးဗန်းမှောက်သည့်ကိစ္စနှင့် ပတ်သက်၍ ရရှိထားသည့် အချက်အလက်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ လွှတ်တော်ကိုယ်စားလှယ်အချို့ တင်ပြမည်
Published 30 December 2014
ဝေယံဖြိုးဦး

ဝန်ကြီးဌာနအချို့၏ ဆီးသီးဗန်းမှောက်သည့်ကိစ္စနှင့် ပတ်သက်၍ ရရှိထားသည့် အချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ်အချို့က လွှတ်တော်ဥက္ကဠထံ တင်ပြမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။အမျိုးသားလွှတ်တော်ဥက္ကဠ ဦးခင်အောင်မြင့်သည် ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၆ ရက် လွှတ်တော်အစည်းအဝေးတွင် အစိုးရဝန်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများအပေါ် သုံးစွဲမှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေများနှင့် ပတ်သက်၍ “ပွဲဈေးတန်းမှာ ဆီးသီးဗန်းမှောက်ကျသလိုပဲ။ မှောက်လည်းကျရော ဟိုလူက တစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စား ဆီးသီးက တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ ဘတ်ဂျက်က အဲဒီလိုဖြစ်နေတယ်”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ထို့နောက် ဝန်ကြီးဌာနများ၏ ဆီးသီးဗန်းမှောက်သည့်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များအတွင်း လေ့လာစုံစမ်းမှုများ ပြုလုပ်ကြရန် အမျိုးသားလွှတ်တော်ဥက္ကဠက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ဦးခင်အောင်မြင့်၏ ညွှန်ကြားချက်အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အချို့သည် လေ့လာစုံစမ်းမှုများပြုလုပ်ကာ ဝန်ကြီးဌာနအချို့၏ စီမံကိန်းတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်နေခြင်းမရှိသည့် အချက်အလက်အချို့ကို ရရှိနေကြောင်း သိရသည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “တောင်ဥက္ကလာ အ.ထ.က (၄) ကျောင်း ဆောက်တယ်။ ကျောင်းဆောက်တဲ့ ကုမ္ပဏီက ဖောင်ဒေးရှင်းမတူးဘဲ ဒီအတိုင်း ကွန်ကရစ်ခင်းပြီး ဆောက်နေတာကို ပြည်သူတွေက အထောက်အထားတွေနဲ့ တင်ပြလာတဲ့ အချက်အလက်တွေ ရထားတယ်။ အလားတူ အခြားလေ့လာစုံစမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ရရှိလာတဲ့အချက်အလက်တွေကို  အမျိုးသားလွှတ်တော်ဥက္ကဠ ဦးခင်အောင်မြင့်ထံ တင်ပြသွားမှာဖြစ်ပါတယ်။ဦးခင်အောင်မြင့်ကနေတစ်ဆင့် နိုင်ငံတော်သမ္မတရုံးကို ဆက်လက်ပေးပို့သွားမယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် ပြုလုပ်မည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးသည် ဝန်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲခွင့်ကို စိစစ်ခွင့်ပြုပေးမည့် ဘတ်ဂျက်လွှတ်တော်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအချို့၏ ဘတ်ဂျက်အလွဲသုံးစားမှုများ ရှိ မရှိ ဆိုသည်ကို  (၁၂) ကြိမ်မြောက် လွှတ်တော်မတိုင်မီ စုဆောင်းရှာဖွေထားရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “အမျိုးသားလွှတ်တော်ဥက္ကဠ ညွှန်ကြားတဲ့ ဝန်ကြီးဌာနအလွဲသုံးစားမှုတွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ဟာ ကျွန်တော်တို့နဲ့တင်ဆိုင်တာ မဟုတ်ဘူး။ ပြည်သူအားလုံးနဲ့ ဆိုင်တယ်။ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်းတွေ စံချိန်စံညွှန်းအတိုင်း မလုပ်တာတွေ့ရင် လွှတ်တော်၊ ပြည်ထဲရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ နောက်ဆုံးသမ္မတအထိ တင်ပြသင့်ရင် တင်ပြရမယ်။ မကြာမီ ကျွန်တော်တို့ သင်္ဃန်းကျွန်းမြို့နယ်မှာ စံပြဆေးရုံကြီးဆောက်မယ်။ ချထားပေးတဲ့ ဘတ်ဂျက်အတိုင်း တိတိကျကျ ဆောက်မဆောက်ကို စောင့်ကြည့်မယ်။ တရားရုံးအဆောက်အအုံတွေ၊ ကျောင်းတွေ တည်ဆောက်တာကို ဆီးသီးဗန်းမှောက် မမှောက် စောင့်ကြည့်နေပါတယ်။ အချက်အလက်တွေ ရရှိလာရင် လွှတ်တော်တင်ပါမယ်”ဟု ပြောကြား သည်။                

Most Read

Most Recent