အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် လက်ရှိဆုံးဖြတ်ထားသည့် ပီအာရ်စနစ်အား ကျင့်သုံးခဲ့ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသစ်များ တောင်းဆိုလာနိုင်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့ သုံးသပ်

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် လက်ရှိဆုံးဖြတ်ထားသည့် ပီအာရ်စနစ်အား ကျင့်သုံးခဲ့ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသစ်များ တောင်းဆိုလာနိုင်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့ သုံးသပ်
Published 27 December 2014
ကျော်ဇင်ဝင်း

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် လက်ရှိဆုံးဖြတ်ထားသည့် ပီအာရ်စနစ်အား ကျင့်သုံးခဲ့ပါက နောက်ပိုင်း ကာလများတွင် ပါတီငယ်များ ပျောက်သွားနိုင်ပြီး အမျိုးအမည်သစ်များဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသစ်များ တောင်းဆိုမှု ဖြစ်လာနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။
လက်ရှိတွင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် ပီအာရ်စနစ်အား ကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ ဆုံးဖြတ်ခဲ့သဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ရန်အတွက် ခုံရုံးသို့ ပေးပို့ပေးရန် ဒီဇင်ဘာ ၁ ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ စာရေးသား တောင်းဆိုထားသည်။
“ကျင့်သုံးရင်ဖြစ်လာမယ့် အကျိုးဆက်က ပါတီငယ်လေးတွေ ပျောက်သွားနိုင်တယ်။ မဲဆန္ဒနယ်က ကျယ်ပြန့်လာပြီလေ။ အနည်းဆုံးရရမယ့်မဲကများတယ်။ အဲဒီမှာတင် ပါတီငယ်လေးတွေ အမျိုးသားလွှတ်တော်မှာ ပါဝင်နိုင်မှုနည်းသွားမယ်။ နယ်မြေတစ်ခုလုံးကိုလွှမ်းခြုံတဲ့ တိုင်းဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ပါတီတွေကပဲ များရာယူ ဖြစ်လာနိုင်တယ်။ တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွေလည်း တိုးတောင်းလာနိုင်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတို့ တိုင်းတို့ တစ်ဦးကျစီ မဖြစ်မနေ ပေးရတော့မှာပေါ့ ပီအာရ်နဲ့လေ။ အဲဒီအခါမှာ ရှမ်းပြည်မှာတင် အခြားတိုင်းရင်းသားတွေ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းလာမှာ။ အများကြီးပေါ်လာမှာပဲ။ အမျိုးအမည် အသစ်တွေလေ။ အဲဒါလေးတွေ ပေါ်လာနိုင်တယ်” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။
ထို့ပြင် ဘာသာရေး အစွန်းရောက်သည့် ပုဂ္ဂိုလ်များ တစ်စခန်းထလာနိုင်ကြောင်း၊ ဘာသာရေးပျံ့နှံ့မှုသည် တစ်နိုင်ငံလုံးရှိနေသဖြင့် အစွန်းရောက်သည့်ပုဂ္ဂိုလ်များ၊ ပါတီများလွှတ်တော်တွင်းသို့ ရောက်ရှိလာနိုင်ကြောင်း၊ တိုင်းရင်းသား လူမျိုးတစ်ခုအား အခြေပြုသည့်ပါတီများမှာ ၎င်းတို့ကဲ့သို့ ရချင်မှရတော့မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများအတွက် ပီအာရ် (အချိုးကျကိုယ်စားပြု) စနစ်အား ဒီဇိုင်းနှစ်မျိုးရွေးချယ်ထားပြီး တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံးတွင် ကျင့်သုံးမည်ဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်မူ FPTP (နိုင်သူအကုန်ယူ)စနစ်ဖြင့် ကိုယ်စားလှယ်ရွေးချယ်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။
“ပြဿနာတော့ရှိတာပေါ့။ ဒါလေးလုပ်လိုက်လို့ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ တစ်ပန်းသာသွားတဲ့ သဘောရှိတာပေါ့။ ရိုက်ခတ်မှုအနည်းနဲ့ အများရှိနိုင်တယ်။ ဒါကိုခုံရုံးက ဆုံးဖြတ်လိုက်ရင် အမျိုးသားလွှတ်တော်ပုံစံနဲ့ ပြည်သူ့လွှတ်တော်ပုံစံ တစ်မျိုးစီဖြစ်သွားမယ်။ ဒေသခံပြည်သူကတော့ မဲပေးတဲ့အခါမှာ စနစ်နှစ်မျိုးဆိုတော့ တော်တော်လေး ဒုက္ခရောက်မယ်။ ရှမ်းပြည်နယ်မှာ လူမျိုးများတဲ့အခါကျတော့ တိုင်းရင်းသား မတူညီမှုတွေရှိတယ်။ တိုင်းရင်းသား မဟုတ်တာရှိတယ်။ တိုင်းရင်းသား မဟုတ်တဲ့နေရာမှာ အခြားနိုင်ငံက တရုတ်တွေဘာတွေက ဒီဘက်ကို ဝင်မလာဘူးလို့ ပြောလို့မရဘူး။ ဒါမျိုးတွေက သိသာထင်ရှားစွာ ဆုံးဖြတ်နိုင်တဲ့ အခြေအနေ မဟုတ်ဘူး။ မမြင်ရတဲ့ အခြေအနေ ဖြစ်တဲ့အခါကျတော့ ဒါတွေကို တိတိကျကျ ပြောလို့မရဘူး။ ဒါပေမဲ့ သတိထားရမယ့် အနေအထားမှာ ရှိပါတယ်” ဟု ကျားဖြူပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က ပြောကြားသည်။
ပီအာရ်စနစ်အား အခြေခံဥပဒေဖြင့် မကိုက်ညီဟုထင်သဖြင့် ကန့်ကွက်ထားခြင်း ဖြစ်ကြောင်း၊ လွှတ်တော်တွင်း၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသည့်အတွက် ပီအာရ်စနစ်အား ကျင့်သုံးရန် အချိန်မကျသေးဘဲ အကယ်၍ ကျင့်သုံးပါက အခြေခံဥပဒေ ပြင်ဆင်ပြီးမှသာ သုံးသင့်ရန် စဉ်းစားသင့်ကြောင်း၊ သို့သော် ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ပါတီကြီးတစ်ခု ရှိသည့်အတွက် ၎င်းတို့၏ အဆုံးအဖြတ်ဖြင့် တစ်ခုခုဖြစ်သွားနိုင်ကြောင်း ဦးစိုင်သန့်ဇင်က ဆိုသည်။
                         
 

Most Read

Most Recent