နှစ် ၆၀ အတွင်း ပထမဆုံးပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲများတွင် လာရောက်မဲပေးသူ နည်းပါး

နှစ် ၆၀ အတွင်း ပထမဆုံးပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲများတွင် လာရောက်မဲပေးသူ နည်းပါး
Published 27 December 2014
ကျော်ထင်

နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်ခဲ့ရာ မဲပေးခွင့်ရှိသူ ၄ဝ၈ဝဝဝ အနက် လာရောက်မဲပေးသူဦးရေ နည်းပါးခဲ့ကြောင်း သတင်းရရှိသည်။
ယခုရွေးကောက်ပွဲတွင် စုစုပေါင်းမဲရုံ အရေအတွက် ၁ဝ၆၈ ရုံရှိပြီး မဲရုံများကို ကျောင်းများတွင် အဓိကပြုလုပ် ခဲ့ကြခြင်းဖြစ်ပြီး ဓမ္မာရုံများ စသည်တို့တွင်လည်း ပြုလုပ်ခဲ့ကြသည်။ မဲရုံများကို နံနက် ၆ နာရီမှစတင် ဖွင့်လှစ်ခဲ့ပြီး မဲရုံစတင်ဖွင့်လှစ်သည့် နံနက်အစောပိုင်းမှ မွန်းလွဲ ၁၂ နာရီကျော်အထိ လာရောက်မဲပေးသူဦးရေ နည်းပါးခဲ့သလို ယင်းနောက်ပိုင်း မဲရုံပိတ်ချိန် ၄ နာရီအထိတွင် မဲလာပေးသူ ကျဲပါးခဲ့သည်ဟု သိရသည်။   
မဲလာပေးသူ မည်မျှနည်းပါးသည်ဆိုလျှင် လူဦးရေ ၂ဝဝ ကျော်ရှိသော မဲရုံတစ်ရုံလျှင် မဲလာပေးသူဦးရေ ၃ဝ မှ ၄ဝ ဝန်းကျင် ခန့်သာ ရှိသည်ဟု သက်ဆိုင်ရာ မဲရုံစောင့်ကြည့်သည့် ကိုယ်စားလှယ်များနှင့် မဲရုံတာဝန်ရှိသူများထံမှ သိရသည်။
အချို့မှာ မဲစာရင်းတွင် ပါဝင်သော်လည်း မည်သည့်နေရာတွင် မဲပေးရမည်ကို မသိရှိခြင်း၊ မဲစာရင်းတွင် အိမ်ထောင်ဦးစီးနာမည် ပါဝင်သော်လည်း အိမ်ထောင်ဦးစီး အရေးပေါ် ခရီးသွားရောက်ရာတွင် ကိုယ်စားထည့်၍ မရခြင်း၊ ရပ်ကွက်တစ်ခုအတွင်း မဲရုံနှစ်ရုံရှိလျှင် မည်သည့်ရုံတွင် မဲပေးရမည့်သူစာရင်း ပါဝင်သည်ကို မဲထည့်သူများက အတိအကျမသိရှိရဘဲ မဲရုံ(၁)တွင် မဲထည့်ရန်သွားသောအခါ ထိုနေရာတွင် စာရင်းမပါဘဲ မဲရုံ (၂)သို့ထပ်မံ ညွှန်ပြကြောင်း၊ အချို့နေရာများတွင် မဲရုံ(၁)နှင့် မဲရုံ(၂)မှာ အလှမ်းဝေးနေခြင်းကြောင့် မဲထည့်မည့်သူများမှာ မဲသွားမထည့်တော့ဘဲ ပြန်သွားမှုများလည်း ရှိကြောင်း မဲရုံတွင်စောင့်ကြည့်သည့် ကိုယ်စားလှယ်များက ဆိုကြသည်။
သို့ဖြစ်၍ နှစ်ပေါင်း ၆ဝ အတွင်း ပထမဆုံးပြုလုပ်သည့် ရွေးကောက်ပွဲမှာ အောင်မြင်မှုနည်းပါးသည်ဟု သုံးသပ်နေကြပြီး ယင်းသို့ စိတ်ဝင်စားမှုနည်းပါး နေခြင်းတွင် အုပ်ချုပ်ရေးပိုင်းအား လူထုက ယုံကြည်မှုနည်းပါးခြင်း၊ စည်ပင်သာယာရေး ကော်မတီအပေါ် လူထုက စိတ်ဝင်စားမှု လျော့ကျခြင်းများကြောင့်လည်း ပါဝင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
“အန်တီတို့နေထိုင်တဲ့ ရေတာရှည်ရပ်ကွက်ကလွဲရင် ကျန်တဲ့ မြို့နယ်အသီးသီးမှာ မဲလာပေးတဲ့သူ နည်းတယ်လို့ တင်ပြချက်တွေအရ သိရပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို တာဝန်ပေးလိုက်မိတာ အင်မတန်မှားတယ်။ သူတို့က မဲစာရင်းတွေကိုကိုင်ပြီး လုပ်ချင်ရာလုပ်တယ်။ အဲဒီအတွက် ပြည်သူလူထုက ယုံကြည်မှုနည်းပါးပြီး ပူးပေါင်းပါဝင်မှုလည်း မရှိဘူး။ ဒါကြောင့် လူထုကိုဆွဲဆောင်နိုင်မှု အားနည်းပြီး မဲလာပေးတဲ့သူ နည်းပါးတယ်လို့ ထင်ပါတယ်” ဟု ရွေးကောက်ပွဲနှင့်ပတ်သက်၍ လေ့လာခဲ့သည့် ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။
အလားတူ ရွေးကောက်ပွဲ မဲပေးခွင့်အတွက် အိမ်ထောင်စုတစ်စုလျှင် အသက် ၁၈ နှစ် ပြည့်ပြီးသူ တစ်ဦးနှုန်းဖြင့်သာ ကန့်သတ်ခဲ့မှုမှာလည်း ဝေဖန်စရာများစွာ ရှိနေပြီး ယင်းကန့်သတ်မှုကလည်း မဲလာပေးသူနည်းပါးကာ အောင်မြင်မှုနည်းပါး ခဲ့ခြင်းဖြစ်ဟုလည်း သုံးသပ်ကြသည်။
“ဦးတို့ တောင်ပိုင်းခရိုင်မှာ မဲလာထည့်သူက ရာခိုင်နှုန်းအားဖြင့် ၁ဝ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းကြား လောက်ပဲရှိပါတယ်။ မဲလာထည့်သူ တော်တော်ကို နည်းတယ်လို့ ပြောရမယ်။ မဲစာရင်းကတော့ အကုန်လုံး မချုပ်ရသေးတော့ အတပ်မပြော နိုင်သေးဘူး။ ကော်မရှင်ကလည်း ဒီနေ့မဲလာပေးတဲ့သူ စာရင်းကို ချက်ချင်းကြီးကြေညာနိုင်မှာ မဟုတ်သေးဘူးလို့ ထင်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်တွင် တောင်ပိုင်းခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်ဦးသန်းက ဒီဇင်ဘာ ၂၇ ရက် ည နေ ၆ နာရီခန့်တွင် ပြောကြားသည်။
“ဦးတို့ခရိုင်ထဲမှာတော့ လူ ၄ဝဝ လောက်ရှိတဲ့ မဲရုံမှာ ၆ဝ လောက်ပဲ လာပေးတဲ့အတွက် ရာခိုင်နှုန်းအတော်ကို နည်းပါးတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်တွင် အရှေ့ပိုင်းခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးအောင်မြတ်မိုးက ဆိုသည်။
“မဲစာရင်းတွေကတော့ ချုပ်နေတုန်းပါပဲ။ မပြောနိုင်သေးပါဘူး။ မဲလာပေးသူ နည်းပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်တွင် အနောက်ပိုင်းခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးဝင်းချိုက ဒီဇင်ဘာ ၂၇  ရက် ညနေ ၆ နာရီတွင် ပြောကြားသည်။
ဆန္ဒမဲထည့်သည့် သူများတွင်လည်း အဆိုပါရွေးကောက်ပွဲနှင့် ပတ်သက်၍ သိရှိနားလည်ပြီး စည်ပင်သာယာ အဖွဲ့အစည်းတွင် လူထုကိုယ်စားလှယ်များ ပါဝင်၍ အခက်အခဲများကို တင်ပြနိုင်ရန် မျှော်လင့်ချက်များဖြင့် မဲထည့်ခဲ့ခြင်းများ ရှိသလို အချို့မှာရပ်ကွက်အတွင်း မဲထည့်ရန် လိုက်လံနှိုးဆော်၍ ထည့်ခဲ့ရခြင်းများလည်း ရှိခဲ့သည်။
“ရပ်ကွက်အကျိုး၊ မြို့နယ်အကျိုး၊ စည်ပင်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြုပြင်ရမယ့်ကိစ္စတွေ၊ ပြည်သူရဲ့ လိုအပ်ချက်တွေ လိုက်လျောညီထွေ ဖြစ်အောင်လုပ်ပေးမယ့် ပုဂ္ဂိုလ်တွေ ရွေးချယ်တဲ့နေရာမှာ မဲလာပေးပါတယ်။ ဆိုလိုတာက ပြည်သူလူထုရဲ့ အခက်အခဲတွေကို သူတို့က ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဦးကသတင်းစာတွေဖတ်ပြီး ဘယ်ပုဂ္ဂိုလ်က ဘယ်လောက်စွမ်းဆောင်ရည် ရှိသလဲဆိုတာကို လေ့လာပြီးမှ မဲထည့်ခဲ့တာပါ။ ဒီမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ဦးတော်တော်များများ သိပါတယ်” ဟု ဗဟန်းမြို့နယ် ဆရာစံ မြောက်/အရှေ့ရပ်ကွက်မှ ဦးမြင့်ဆွေက ဆိုသည်။
ကျောက်တံတားမြို့နယ် (၂) ရပ်ကွက် တွင် နေထိုင်သူ အသက် ၈ဝ အရွယ် ဦးမောင်နီက “ဘာပဲပြောပြော မဲထည့်သင့်တယ်။ ရပ်ကွက်ကလည်း မဲလာထည့်ပါလို့ နှိုးဆော်ထားတဲ့အတွက် မဲလာထည့်တာပါ။ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေကိုတော့ အရမ်းကြီး မသိပါဘူး။ ဒါပေမဲ့ မဲဆွယ်စည်းရုံးမှုလုပ်တဲ့ ပိုစတာတွေတော့ မြင်ဖူးထားတယ်။ ကိုယ်ထည့်ချင်တဲ့သူကို ထည့်ခဲ့ရတဲ့အတွက် ကျေနပ်ပါတယ်” ဟု ပြောကြားသည်။
“ရပ်ကွက်ထဲမှာ ကိုယ်မလုပ်နိုင်တဲ့ လုပ်အားကို သူတို့လုပ်ပေးမယ်ဆိုလို့ မဲလာထည့်တာပါ။ အတတ်နိုင်ဆုံးတော့ သူတို့လုပ်ပေးမယ်လို့ ထင်တာပဲ။ သန့်ရှင်းမှုတွေအစ လုပ်ပေးမယ်လို့ထင်တာပဲ။ အန်တီတို့ရပ်ကွက်ထဲမှာဆိုရင် ရေမြောင်းတွေပိတ်ပြီး ရေကြီးပါတယ်။ ဒါတွေက အခက်အခဲတွေပါ” ဟု စည်ပင်သာယာ ရွေးကောက်ပွဲတွင် မဲထည့်ခဲ့သည့် ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းတွင်နေထိုင်သူ ဒေါ်သိန်းသိန်းက ပြောကြားသည်။
ထို့ပြင် ယခုရွေးကောက်ပွဲတွင် မဲစာရင်းများ ပြုလုပ်ရာတွင် နည်းစနစ်ကျမှုများ မရှိခြင်းကြောင့် မဲပေးခွင့်ရှိသည့် စာရင်းများတွင် အိမ်ထောင်စုများစွာ ကျန်ရှိခဲ့သည့် ပြဿနာများဖြစ်ပေါ်ခဲ့ပြီး မဲမထည့်ခဲ့ရသည့် ပြည်သူများ မကျေနပ်ချက်များ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယခုစည်ပင်ရွေးကောက်ပွဲ ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်း အချို့ပင် မဲစာရင်းတွင် ကျန်ရှိခဲ့ကြောင်း သိရသည်။
မဲပေးရန်စာရင်း မပါသည့်သူများထဲတွင် ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင် ရပ်ကွက်နေ အဆိုတော် ရင်ဂိုလည်း ပါဝင်ခဲ့ပြီး ၎င်းက“ အစ်ကို သိထားတာက စည်ပင်ရွေးကောက်ပွဲကို ပြည်သူတစ်ယောက် အနေနဲ့ နံနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ပေးခွင့်ရှိတယ်လို့ သိရတယ်။ အဲဒါကို အစ်ကိုက ၂ နာရီ ၄၅ မိနစ်မှာ ရောက်တယ်။ ရောက်လည်းရောက်ကော အပေါက်ဝမှာ ထိုင်နေတဲ့ အလယ်ရွှေဂုံတိုင် အုပ်ချုပ်ရေးမှူးက ခင်ဗျားတော့ မဲပေးတဲ့စာရင်းထဲမှာ မပါလောက်ဘူး ဆိုပြီးတော့ လှည့်ပြန်ဖို့ပြောတယ်။ အဲတော့ ကျွန်တော်က ဘာလို့ မပေးရတာလဲ။ ကျွန်တော် ဒီရပ်ကွက်မှာနေတယ်၊ အိမ်ထောင် ဦးစီး၊ ပုံစံ (၁ဝ) လည်းရှိတယ်။ မှတ်ပုံတင်လည်း ပါတယ်။ အချိန်လည်းမီတယ်။ ဘာလို့ မပေးရတာလဲဆိုတော့ ဗလုံးဗထွေးနဲ့ ပြန်ဖြေတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မင်းငါရှင်းပြတာ နားမလည်ဘူးလားလို့ ပြောတယ်။ အဲတော့ ကျွန်တော်က ခင်ဗျားတို့ ထည့်စေချင်တဲ့ လူဆိုတော့ အတင်းလက်ဆွဲခေါ်ပြီးတော့ ထည့်ခိုင်းမှာမလား။ အခုကျွန်တော် ထည့်ချင်တဲ့သူ၊ ကျွန်တော့်ကောင်းကျိုး စီးပွားလည်းမဟုတ်ဘူး။ ဒီနေ့အလုပ်ရှိလို့ သီချင်းဆိုနေတယ်။ သီချင်းဆိုနေတဲ့ ကြားထဲက ပြေးလာတာ။ ကိုယ့်အကျိုး စီးပွားလည်းမရှိဘူး။ ဒီနေ့မဲထည့်ရမယ်ဆိုလို့ လာတယ်။ ကျွန်တော်ပြည်သူ တစ်ယောက်အနေနဲ့ ဒီကိစ္စကို မခံနိုင်ဘူး။ ဒီလိုသာခံနေကြေး ဆိုရင်တော့ တိုင်းပြည်ကြီးက စုတ်ပြတ်သတ်သွားမှာပဲ။ ကျွန်တော် ဘယ်သူ့ကိုမှ ဖားပြီးတော့ လာမဲထည့်တာလည်း မဟုတ်ဘူး။ ကျွန်တော့်တိုင်းပြည်မှာ ကျွန်တော်ကောင်းမယ်ထင်တဲ့သူကို ထည့်မှာပေါ့။ ကျွန်တော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၅ဝ ကျော် ခံလာရပြီးပြီ။ ကျွန်တော် ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးကို တော်တော်မကျေနပ်ဘူး။ ကျွန်တော်တို့ကို အကြောင်းမကြား ဘာမကြားနဲ့ တကယ်လာထည့်တော့လည်း နှင်လွှတ်တယ်။ ကျွန်တော် လုံးဝမကျေနပ်ပါဘူး” ဟု ပြောကြားသည်။
မဲစာရင်း ကျန်ရှိခဲ့သူများက လူ့အခွင့်အရေး ဆုံးရှုံးသည်ဟုဆိုကာ ပြောဆိုနေကြပြီး အဆိုပါ ရွေးကောက်ပွဲအား ပွင့်လင်းမြင်သာမှု အားနည်းသည်ဟုလည်း ပြည်သူများက ဝေဖန်နေကြသည်။
ထိုသို့ ဝေဖန်နေကြသည့်ကြားမှ အင်းစိန်မြို့နယ်ရှိ မဲရုံတစ်ခုအတွင်းသို့ လူငါးဦးခန့် ဝင်ရောက်လာပြီး မည်သည့် ကိုယ်စားလှယ်လောင်းကို မဲပေးရမည်ဟု ပြောကြားမှုများ ရှိခဲ့ကြောင်းနှင့် ၎င်းတို့မှာ မည်သူမည်ဝါ ဆိုသည်ကို မသိရှိကြောင်း၊ ယင်းကိစ္စကို ရန်ကုန်မြို့တော် ကော်မရှင်သို့ တိုင်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်တွင် မြောက်ပိုင်းခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း နော်လှလှစိုးက ပြောကြားသည်။
အထက်ပါ ကိစ္စရပ်များနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် ကော်မရှင်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကော်မရှင်တာဝန်ရှိသူများ အလုပ်ရှုပ်နေကြောင်းနှင့် မဲလာပေးခဲ့သည့် သူများစာရင်းကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းမှ ကြေညာနိုင်မည်ဟု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၇ ရက် ည ၇ နာရီဝန်းကျင်ခန့်က ပြန်လည်ဖြေကြားခဲ့သည်။
သို့ဖြစ်ရာ အောင်မြင်မှုနည်းပါးခဲ့သော ရွေးကောက်ပွဲတွင် မဲပေးသည့် စာရင်းရှိသူ ၄ဝ၈ဝဝဝ အနက် မည်မျှမဲလာပေး ခဲ့သည်ကို မပြောနိုင်သေးသော်လည်း လာရောက်ပေးခဲ့သူ နည်းပါးသည်မှာမူ ငြင်းဆန်၍ မရခဲ့ပေ။
ရွေးကောက်ပွဲ၏ ရလဒ်များကို ရွေးကောက်ပွဲပြုလုပ်ပြီး ၄၈ နာရီအတွင်း၌ ထုတ်ပြန်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲ မပြုလုပ်မီ ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားထားသည်။
 
 
 

Most Read

Most Recent