အမျိုးသားထောက်လှမ်းရေးအဖွဲ့ အသစ်ပြန်ဖွဲ့ခြင်း လုံးဝမရှိသည့်နည်းတူ ၎င်းနှင့်ဆင်တူသော အဖွဲ့အစည်းလည်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိ ပြောကြား

အမျိုးသားထောက်လှမ်းရေးအဖွဲ့ အသစ်ပြန်ဖွဲ့ခြင်း လုံးဝမရှိသည့်နည်းတူ ၎င်းနှင့်ဆင်တူသော အဖွဲ့အစည်းလည်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိ ပြောကြား
Published 26 December 2014
နေထွန်းနိုင်

အမျိုးသားထောက်လှမ်းရေး(NIB) အဖွဲ့ အသစ်ပြန်ဖွဲ့ခြင်း လုံးဝမရှိသည့်နည်းတူ ၎င်းနှင့်ဆင်တူသော အဖွဲ့အစည်းလည်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိက ဒီဇင်ဘာ ၂၆ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
ယခုရက်ပိုင်းများအတွင်း အမျိုးသားထောက်လှမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းထားကြောင်းနှင့် အမျိုးသားထောက်လှမ်းရေးကဲ့သို့ ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု ဖွဲ့ စည်းရန်စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယင်းသတင်းများအပေါ် အခြေခံ၍ The Daily Eleven က မေးမြန်းခဲ့ရာ ၎င်းကမဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“အမျိုးသားထောက်လှမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းမရှိပါ။ NIB ကဲ့သို့ လုံခြုံရေးအဖွဲ့များ အပေါ်တွင် အလုံးစုံ ထိန်းချုပ်ဦးစီးသည့် အဖွဲ့အစည်းလည်း ဖွဲ့စည်းထားခြင်းမရှိပါ။ ပို၍ သေချာစေရန် ပြောလိုပါသည်။NIB အသစ်တစ်ဖန် ဖွဲ့စည်းခြင်း လုံးဝမဟုတ်သလိုNIB နှင့် ဆင်တူသော အဖွဲ့အစည်းလည်း မရှိပါ” ဟု သမ္မတရုံး အကြီးတန်းအရာရှိက ဖြေကြားသည်။
သို့သော် သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ရန်အတွက်Focal Official တစ်ဦးစီသတ်မှတ်၍ သတင်းဖလှယ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်သည့် အဖွဲ့တစ်ခုရှိပြီး ထိုအဖွဲ့ဖွဲ့ထားသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
“အကြမ်းဖက်ဆိုင်ရာ သတင်းအချက်အလက်များကို အမျိုးမျိုးကွဲပြားနေသည့် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိနှိုင်းရန်၊ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်များ စုစည်းတည်ဆောက်ရန်အတွက် သီးခြားတာဝန်ယူ ဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်။ အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက်မှုများ မြင့်မားလာသည့် လက်ရှိကာလတွင် အကြမ်းဖက် တိုက်ဖျက်ရေးအတွက် သတင်းအချက်အလက် စုစည်းနိုင်ရေး ရည်ရွယ်ချက်သာ ဖြစ်ပါသည်” ဟု လက်ရှိဖွဲ့စည်းထားသော အဖွဲ့နှင့်ပတ်သက်၍ သမ္မတရုံး အကြီးတန်းအရာရှိက ပြောကြားသည်။
ဒီဇင်ဘာ ၂၂ ရက်ထုတ်The Voice Daily တွင် “အမျိုးသားထောက်လှမ်းရေး ကဲ့သို့သော ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန်စီစဉ်” ဆိုသော သတင်းတစ်ရပ်ကို ဖော်ပြခဲ့သည်။ ထိုသတင်း၌လည်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိက ပြောကြားသည်ဟုဆိုကာ အဖွဲ့တွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ နိုင်ငံတော်သမ္မတရုံးနှင့် အခြားသော ဆက်စပ်အဖွဲ့များ ပါဝင်မည်ဟုဆိုကြောင်း ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၂၃ ရက်ထုတ် Tomorrow သတင်းဂျာနယ်တွင်လည်း “၁ဝ နှစ်ကျော် ကြာပြီးနောက် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်း” သတင်းကို ဖော်ပြခဲ့သည်။ ထိုသတင်းတွင် အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ဒီဇင်ဘာ ၁၅ ရက်က ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ လတ်တလော ဖွဲ့စည်းလိုက်သည့် အမျိုးသားထောက်လှမ်းရေး အဖွဲ့တွင် ယခင်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းကို အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ ဒုတိယအကြီးအကဲ ရာထူးဖြင့် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း၊ လက်ရှိတွင် ဖွဲ့စည်းပုံအင်အားကို ဖြည့်တင်းနေဆဲဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ (သတင်းတပ်ဖွဲ့) နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ ထုတ်နုတ်အင်အားများဖြင့် လုပ်ငန်းစတင် ဆောင်ရွက်နေကြောင်း၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ကိုမူ ပါဝင်ထည့်သွင်း ထားခြင်းမရှိကြောင်း သတင်းရရှိသည်ဟု ဖော်ပြခဲ့သည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပြိုင်ဘက်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ လူကြီးလူငယ်မရွေးကို နှိပ်ကွပ်ဖိနှိပ်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အမျိုးသားထောက်လှမ်းရေး သမိုင်းတစ်လျှောက် လူထုက ရွံရှာစက်ဆုပ်ခဲ့သည့် အထင်ရှားဆုံး ခေါင်းဆောင်များထဲတွင် အာဏာရှင် ဦးနေဝင်းလက်ထက် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်တင်ဦး (မျက်မှန်တင်ဦး) ဖြစ်ပြီး ၁၉၈၈ ခုနှစ်မှ နောက်ပိုင်း စစ်အစိုးရလက်ထက် ဦးခင်ညွန့် (အငြိမ်းစား ဗိုလ်ချုပ်ကြီး) နှင့် ဗိုလ်မှူးချုပ်သန်းထွန်းတို့ ဖြစ်ကြသည်။
၂ဝဝ၄ ခုနှစ်တွင် ဦးသန်းရွှေ (အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး)က ဦးခင်ညွန့်ကို ဖမ်းဆီးထိန်းသိမ်းပြီး  အမျိုးသားထောက်လှမ်းရေး အဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့သည်။ ထိုအချိန်နောက်ပိုင်း သမ္မတဦးသိန်းစိန် လက်ထက်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးခင်ညွန့်အပါအဝင် ထောင်ဒဏ်နှစ်ရှည်ဖြင့် ထိန်းသိမ်းခံခဲ့ရသော အမျိုးသား ထောက်လှမ်းရေး အရာရှိများ ပြန်လွတ်ခဲ့ပြီး ဗိုလ်မှူးချုပ်သန်းထွန်း အပါအဝင် အခြားအရာရှိအချို့ကို လက်ရှိအချိန်အထိ ထိန်းသိမ်းထားသည်။
အမျိုးသားထောက်လှမ်းရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံသို့ ဒီဇင်ဘာ ၂၅ ရက်က မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါ။
 
 
 

Most Read

Most Recent