သူရဦးရွှေမန်း၏ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူရေးရာတွေ့ဆုံပွဲတွင် ကန့်ဘလူတပ်သိမ်းမြေပြဿနာအပါအဝင် လယ်ယာမြေသိမ်းဆည်းမှုများနှင့် စိုက်ပျိုးရေးကပ်ဆိုက်နေမှုတို့ကိုတင်ပြမည်

သူရဦးရွှေမန်း၏ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူရေးရာတွေ့ဆုံပွဲတွင် ကန့်ဘလူတပ်သိမ်းမြေပြဿနာအပါအဝင် လယ်ယာမြေသိမ်းဆည်းမှုများနှင့် စိုက်ပျိုးရေးကပ်ဆိုက်နေမှုတို့ကိုတင်ပြမည်
Published 24 December 2014
ရဲရင့်အောင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး တောင်သူရေးရာတွေ့ဆုံပွဲသို့ လာရောက်မည့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဥပဒေမဲ့လယ်ယာမြေသိမ်းဆည်းမှုများနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင် ကပ်ဆိုက်မှုအခြေအနေတို့ကိုတင်ပြနိုင်ရန် ပြုလုပ်နေကြောင်း မြေသိမ်းခံတောင်သူများနှင့် မြေယာအရေးလှုပ်ရှားသူများက ပြောကြားသည်။ ရွှေဘိုမြို့နယ် အမှတ် (၅) မင်းရပ်တွင်ပြုလုပ်မည့် အဆိုပါတွေ့ဆုံပွဲသို့ တရားဝင်ဖိတ်ကြားမှုမရှိသည့်တိုင် ပြည်သူတို့၏ပြဿနာများအား တင်ပြရန်ကြိုးစားမှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအနေဖြင့် လက်ခံမည်ဟုယုံကြည်ကြောင်း ဇေယျသိင်္ဃတောင်သူကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
"ဒီဇင်ဘာ ၂၆ မှာ သူရဦးရွှေမန်းလာမယ်လို့သိရတယ်။ ဒီနယ်တစ်ဝိုက်မှာ ဥပဒေမဲ့ မြေယာသိမ်းဆည်းလို့ ဘဝပျက်သွားတဲ့တောင်သူမိသားစုတွေ ထောင်ချီပြီးရှိတယ်။ အဓိက,ကတော့ တစ်နိုင်ငံလုံးဖြစ်နေတဲ့ တပ်သိမ်းမြေကအများဆုံးပါ။ နောက်ပြီး စက်မှုဇုန်၊ တက္ကသိုလ်၊ ကြက်ဆူစီမံကိန်းနဲ့ရောယောင်ပြီး သိမ်းထားတာတွေ၊ မြို့ပြစီမံကိန်းဆိုပြီး မလှိမ့်တပတ် မြေကွက်ရိုက်ရောင်းစားတာတွေတော်တော်များတယ်။ ဒါကြောင့် ကျွန်တော်တို့ကို တရားဝင်မဖိတ်ပေမယ့် ဒါတွေကို ဥက္ကဋ္ဌကြီးသိအောင်တင်ပြသွားမှာပါ" ဟု ကန့်ဘလူကြံစီမံကိန်း တပ်သိမ်းမြေပြဿနာတွင် မြေသိမ်းခံ၊ တရားစွဲခံနေရသော တောင်သူဦးသန်းထိုက်ကပြောကြားသည်။
 
မြေယာသိမ်းဆည်းခံရခြင်းနှင့် တရားစွဲထောင်ချခံရခြင်းများအပြင် လက်ရှိစိုက်ပျိုးရေးလုပ်ငန်းခွင်ကပ်ဆိုက်မှု၏ ပကတိအခြေအနေမှန်ကိုလည်း တင်ပြသွားမည်ဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် တောင်သူများ၏ဘဝအခြေအနေမှာ အဆိုးရွားဆုံးအနေအထားတစ်ရပ်သို့ ရောက်ရှိနေရကြောင်းလည်း လယ်ယာအရေးလှုပ်ရှားသူများက ပြောကြားသည်။ ထို့ပြင် ယခုပြုလုပ်မည့်တောင်သူရေးရာတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သူများကိုသာ ရွေးချယ်ဖိတ်ကြားခြင်းကိုလည်း ဝေဖန်မှုများရှိနေပြီး လက်ရှိဖြစ်ပေါ်နေသောပြဿနာများကို လျစ်လျူရှုပါက တွေ့ဆုံမှုတိုင်းသည် ဟန်ပြတွေ့ဆုံမှုသာဖြစ်၍ ကောင်းကျိုးတစ်စုံတစ်ရာရှိမည်မဟုတ်ကြောင်းလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးကျော်ကပြောကြားသည်။
 
"ပြည်ခိုင်ဖြိုးပါတီဝင်တွေကိုဖိတ်တယ်။ မိတ်ဖက်တောင်သူဆိုတာလည်း သူတို့ခိုင်းကောင်းတဲ့ ခေါင်းညိတ်နှုတ်ဆိတ်လူတွေကိုခေါ်တာပါ။ ကျန်တဲ့တောသူတောင်သားတွေကတော့ တွေ့ဆုံပွဲသွားဖို့နေနေသာသာ သိတောင်မသိကြတာများတယ်" ဟု ပန်းတောင်းကျေးရွာတောင်သူတစ်ဦးကဆိုသည်။
 
"တွေ့ဆုံပွဲက နံနက် ၈ နာရီစမှာပါ။ ပွဲလုပ်မယ့်ပုံစံကတော့ တခြားနေရာတွေမှာလုပ်ခဲ့သလိုပါပဲ။ အဓိကဖိတ်တာကတော့ ပါတီဝင်တွေပေါ့။ ပြီးတော့ မိတ်ဖက်တောင်သူတွေပါတယ်။ လူဦးရေငါးထောင်လောက်တော့ ဖိတ်ထားတယ်" ဟု အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
သူရဦးရွှေမန်းတက်ရောက်မည့် အမှတ် (၅) ရပ်ကွက် ချစ်တီးကွင်း (ဘောလုံးကွင်း) တွင် အထူးပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး ဆိုးရွားစွာပျက်စီးနေသည့်လမ်းပိုင်းများကို မြေညှိခြင်း၊ ကွင်းပြင်ကျယ်အနှံ့ တောင်ယာပုံနေသောအမှိုက်များကို ရှင်းလင်းခြင်းနှင့် ညစ်ထေးပေကျံနေသောကွင်းနံရံများကို ထုံးသုတ်ခြင်းအား ငါးရက်ခန့်အတွင်း ပြီးစီးအောင်ပြုလုပ်ခဲ့ခြင်းအပေါ် ဒေသခံအများစုကကျေနပ်လျက်ရှိသော်လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအနေဖြင့် မြို့နယ်တာဝန်ရှိသူများကို ဝေဖန်လျက်ရှိကြောင်း သိရသည်။           

Most Read

Most Recent