လက်ရှိအစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်များအား ကာကွယ်စောင့်ရှောက်ရန် ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ လူ့အခွင့်အရေးကော်မတီ၏လုပ်ငန်းများ ဇန်နဝါရီလလယ်တွင်စတင်မည်

လက်ရှိအစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်များအား ကာကွယ်စောင့်ရှောက်ရန် ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ လူ့အခွင့်အရေးကော်မတီ၏လုပ်ငန်းများ ဇန်နဝါရီလလယ်တွင်စတင်မည်
Published 24 December 2014
ကျော်ဇင်ဝင်း

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံမှစ၍ ယခင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ရန်နှင့် လက်ရှိအစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စရပ်များအား ကာကွယ်စောင့်ရှောက်ရာတွင် အကူအညီပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO) က လူ့အခွင့်အရေးကော်မတီတစ်ရပ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလလယ်တွင် အတည်ပြုဖွဲ့စည်း၍ လုပ်ငန်းများစတင်မည်ဖြစ်ကြောင်း UNDO အဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်ကပြောကြားသည်။
 
အဆိုပါလူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီ (Investigative Committee on Violation of Human Right) ကို အနာဂတ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများမဖြစ်ပွားစေရေးနှင့် ကာကွယ်စောင့်ရှောက်နိုင်ရေးတို့ကိုရည်ရွယ်ကာ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
 
"အားလုံး ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူ့အခွင့်အရေးကိစ္စတွေကိုလုပ်ဖို့ရှိပါတယ်။ ဇန်နဝါရီလလယ်လောက်မှာလုပ်မယ်။ အခုတရားဥပဒေဆိုင်ရာတွေကိုဆွဲထားပြီးပြီဆိုတော့ အားလုံးပြည့်ပြည့်စုံစုံဖြစ်နေပြီ။ ကော်မတီတစ်ရပ်ကိုဖွဲ့စည်းပြီးတော့ ရှေ့သွားမယ့်လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ပဲရှိတော့တယ်" ဟု ဦးဒေးဗစ်လှမြင့်ကပြောကြားသည်။
 
ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှတ်တမ်းတင်ရန်ဆောင်ရွက်ခြင်းမှာ တစ်စုံတစ်ဦးအား အပြစ်ပေးအရေးယူရန်အတွက်မဟုတ်ဘဲ နောင်လာမည့် အဆက်ဆက်သောအစိုးရများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား နမူနာယူကာ ထပ်မံမပြုလုပ်ရန်လည်းရည်ရွယ်ကြောင်း ဦးဒေဗစ်လှမြင့်ကဆိုသည်။
 
အဆိုပါကော်မတီတွင် ရွှေဝါရောင်သံဃာတော်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ရှစ်လေးလုံးအရေးတော်ပုံတွင်ပါဝင်ခဲ့ကြသူများ၊ ကျောင်းသားခေါင်းဆောင်များ၊ လွှတ်တော်ပြင်ပနိုင်ငံရေးအဖွဲ့အစည်းများ၊ ပြည်သူအကျိုးပြုလူမှုအဖွဲ့အစည်းများ၊ တရားရေးနှင့် ဥပဒေပညာရှင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားကြီးများ၊ အလုပ်သမားအရေးအခင်းခေါင်ဆောင်များ၊ မှိုင်းရာပြည့်ခေါင်းဆောင်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များ၊ ကျွန်းဆွယ်အရေးအခင်းခေါင်းဆောင်များ၊ ဦးသန့်အရေးအခင်းခေါင်းဆောင်များ စသည်တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent