ဝန်ထမ်းများအား လက်ရှိလစာနှုန်းထားထက် ရှစ်ဆတိုးပေးမည်ဆိုသည်မှာ မဟုတ်မှန်ဘဲ သင့်တင့်သောလစာနှုန်းထားများဖြစ်ပေါ်စေရန် အစိုးရနှင့် ပြန်လည်ညှိနှိုင်းလျက်ရှိကြောင်း လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီဝင်ပြောကြား

ဝန်ထမ်းများအား လက်ရှိလစာနှုန်းထားထက် ရှစ်ဆတိုးပေးမည်ဆိုသည်မှာ မဟုတ်မှန်ဘဲ သင့်တင့်သောလစာနှုန်းထားများဖြစ်ပေါ်စေရန် အစိုးရနှင့် ပြန်လည်ညှိနှိုင်းလျက်ရှိကြောင်း လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီဝင်ပြောကြား
Published 24 December 2014
ဝေယံဖြိုးဦး

ဝန်ထမ်းများအား လက်ရှိလစာနှုန်းထားထက် ရှစ်ဆတိုးပေးမည်ဆိုသည်မှာမဟုတ်မှန်ဘဲ သင့်တင့်သောလစာနှုန်းထားများဖြစ်ပေါ်စေရန် အစိုးရနှင့် ပြန်လည်ညှိနှိုင်းလျက်ရှိကြောင်း လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီဝင် ဦးစိုင်းသီဟကျော်က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။
 
လက်ရှိအချိန်တွင် ပြင်ပ၌သတင်းများထွက်ပေါ်နေသကဲ့သို့ ဝန်ထမ်းများ၏အခြေခံလစာကို လက်ရှိနှုန်းထားမှ ရှစ်ဆအထိတိုးမြှင့်မည်ဆိုသည်မှာမဟုတ်မှန်ဘဲ သင့်တင်သောနှုန်းထားတစ်ခုကိုသာ တိုးမြှင့်နိုင်ရန် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ ပြန်လည်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဦးစိုင်းသီဟကျော်ကဆိုသည်။
 
"ဝန်ထမ်းတွေလစာတိုးဖို့ကိစ္စက လွှတ်တော်ကဆန္ဒရှိတဲ့အတိုင်းတိုးပေးဖို့ဆိုရင် အစိုးရအဖွဲ့ကတင်လာမယ့် စီမံကိန်းဆိုင်ရာဘတ်ဂျက်တွေကို မလိုလားအပ်တဲ့ဖြတ်တောက်မှုတွေရှိလာနိုင်တဲ့အတွက် အခက်အခဲတွေရှိနိုင်တယ်။ နောက်တစ်ခုက ကုန်ဈေးနှုန်းကြီးမြင့်လာနိုင်တဲ့ကိစ္စတွေကိုလည်း အစိုးရဘက်ကတင်ပြထားတယ်။ လက်ရှိအခြေအနေမှာ သင့်တော်တဲ့နှုန်းဖြစ်ဖို့ လွှတ်တော်နဲ့အစိုးရပြန်ညှိပြီး ဆောင်ရွက်နေပါတယ်။ ဝန်ထမ်းလစာတိုးရေးအတွက် လွှတ်တော်က အဓိကဖြစ်စေချင်တာက လူတစ်ယောက်အနိမ့်ဆုံးအသုံးစရိတ်ကိုတွက်ချက်ပြီး အနိမ့်ဆုံး အစိုးရဝန်ထမ်းလစာကို ငွေကျပ် ၁၂၀၀၀၀ သတ်မှတ်စေလိုတယ်။ အမြင့်ဆုံးလစာကိုတော့ အနိမ့်ဆုံးလစာဖြစ်တဲ့ ကျပ် ၁၂၀၀၀၀ ရဲ့ ရှစ်ဆလောက်များစေချင်တယ်။ 
အဲဒီပမာဏလောက်ဖြစ်စေချင်တယ်။ နောက်တစ်ခုက လစာတိုးတဲ့အခါမှာ ပင်စင်လစာတွေ၊ ရှားပါးစရိတ်တွေပါ ထည့်သွင်းစဉ်းစား သင့် မသင့်ကိုလည်း အစိုးရနဲ့ညှိနေပါတယ်" ဟု လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီဝင် ဦးစိုင်းသီဟကျော်ကပြောကြားသည်။
 
အစိုးရ၏ စုစုပေါင်းဝင်ငွေသည် နှစ်စဉ်တိုးတက်လျက်ရှိပြီး လာမည့်နှစ်တွင် အခွန်ရငွေအပါအဝင် ဝင်ငွေစုစုပေါင်းပမာဏမှာ ပြီးခဲ့သည့်နှစ်ထက် နှစ်ထရီလျံဝန်းကျင်တိုးလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဦးစိုင်းသီဟကျော်ကဆိုသည်။
 
ဝန်ထမ်းများလစာတိုးပေးရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ပြုန်းတီးမှုများဖြစ်ပေါ်နေသည့် အစိုးရ၏စီမံကိန်းများအားစိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများကိုဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်စီမံကိန်းနှင့် ဘဏ္ဍာရေးပူးပေါင်းကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောကြားထားသည်။
 
ဝန်ထမ်းများလစာစရိတ်တိုးပေးနိုင်ရန် ဘဏ္ဍာရေးကျောထောက်နောက်ခံရှိရန်လိုကြောင်း၊ ထိုသို့ ဘဏ္ဍာရေးကျောထောက်နောက်ခံရှိရန်အတွက် နိုင်ငံတော်၏အခွန်အကောက်နှင့် စီးပွားရေးဆိုင်ရာဝင်ငွေအရပ်ရပ်တောင့်တင်းခြင်းနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေကို လေလွင့်ပြုန်းတီးစေနိုင်သည့် စီမံကိန်းများကိုစိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဦးဝင်းသန်းက ပြောကြားသည်။
 
ထို့အတူ အစိုးရအတွက် အရှုံးများစွာဖြစ်ပေါ်နေသည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှပြီးစီးမည်ဟု ခန့်မှန်းဆောင်ရွက်နေသည့် မရမ်းကုန်း ကုန်တင်ယာဉ်ထုတ်လုပ်ရေးစီမံကိန်း၊ မြိုင်မြို့နယ် မော်တော်ယာဉ် မိုလင်းဒိုင်ထုတ်လုပ်မည့်စီမံကိန်း၊ နဘူးအိုင်ကုန်တင်ယာဉ်ဝင်ရိုးစီမံကိန်း၊ သာဂရဒီဇယ်အင်ဂျင်ထုတ်လုပ်မှုစီမံကိန်းတို့ကိုလည်း အစိုးရအနေဖြင့် ပြန်လည်စိစစ်သုံးသပ်ကာ လိုအပ်ပါက ရပ်နားရန် လိုအပ်မည်ဖြစ်ကြောင်း ဦးဝင်းသန်းကဆိုသည်။
 
ထို့အတူ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က "၂၀၁၅ ခုနှစ်ဟာ ပထမငါးနှစ်စီမံကိန်းရဲ့နောက်ဆုံးနှစ်ဖြစ်လို့ စီမံကိန်းအသစ်များနဲ့ ဆောင်ရွက်ဆဲစီမံကိန်း Project များကို အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းစီမံကိန်းများ အချိန်မီပြီးစီးရေးနဲ့ နှစ်စဉ်ပြည်သူဗဟိုပြုဖွံ့ဖြိုးစေမယ့် ပြည်သူများ အမှန်တကယ်လက်တွေ့ခံစားနိုင်စေမယ့် ဦးစားပေးလုပ်ငန်းများပါ စီမံကိန်းလုပ်ငန်းများကိုသာ စိစစ်ဦးစားပေးဆောင်ရွက်ဖို့အတွက် ညှိနှိုင်းဆောင်လျက်ရှိပါတယ်" ဟု လွှတ်တော်၌ပြောကြားထားသည်။
 
ထို့ပြင် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်) မှစတင်ကာ ကာကွယ်ရေးအပါအဝင် ဝန်ထမ်းဦးရေတစ်သန်းလေးသိန်းကျော်အား သင့်တင့်မျှတသော လစာတိုးပေးမည်ဖြစ်သော်လည်း ကျန်ပြည်သူသန်း ၅၀ ကျော်အတွက် ကုန်ဈေးနှုန်းကြီးမြင့်လာနိုင်သည့်အနေအထားများကို ထည့်သွင်းစဉ်းစားနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က ပြောကြားထားသည်။
 
လက်ရှိတွင် နေ့စားဝန်ထမ်းသည် တစ်နေ့ ကျပ် ၃၀၀၀ (စနေ၊ တနင်္ဂနွေမပါ)၊ ရုံးအကူအဆင့်သည် တစ်လ ကျပ် ၇၅၀၀၀ နှင့် စရိတ်ချီးမြှင့်ငွေ ကျပ် ၃၀၀၀၀ ရရှိလျက်ရှိကြောင်း၊ ညွှန်ကြားရေးမှူးချုပ်၏ အခြေခံလစာမှာ ကျပ် ၁၈၀၀၀၀ ဖြစ်ကြောင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၏အခြေခံလစာမှာ  ကျပ် ၁၅၀၀၀၀ ဖြစ်ကြောင်း သိရသည်။
 
အလားတူ သမ္မတရုံးဝန်ကြီးဦးလှထွန်းကလည်း ဒီဇင်ဘာ ၂၃ ရက်တွင် နေပြည်တော်ရှိ ဝန်ထမ်းများအားခေါ်ယူတွေ့ဆုံခဲ့ပြီး ဝန်ထမ်းများလစာတိုးပေးခြင်းကို လာမည့်ဘဏ္ဍာနှစ်မှ စတင်တိုးမြှင့်ပေးနိုင်ရန် အသေးစိတ်တွက်ချက်လျက်ရှိကြောင်း၊ ဝန်ထမ်းများလစာတိုးမြှင့်ပေးသည့်အခါတိုင်း ကုန်ဈေးနှုန်းများမြင့်တက်ခဲ့သည်ကိုတွေ့ရကြောင်း၊ နိုင်ငံဝန်ထမ်းများသည် ပုံမှန်ဝင်ငွေရရှိနေသူများဖြစ်ကြောင်း၊ ဝန်ထမ်းမဟုတ်သည့် လယ်သမား၊ အလုပ်သမား၊ ဈေးရောင်း၊ လက်လုပ်လက်စား စသည့်အခြေခံလူတန်းစားများအတွက် ကုန်ဈေးနှုန်းကြီးမြင့်လာနိုင်မှုကို ခံနိုင်ရည်ရှိရန်မှာ လွန်စွာခန့်မှန်းရခက်ကြောင်း၊ ဝန်ထမ်းအင်အားသည် တစ်တိုင်းပြည်လုံး၏ နှစ်ရာခိုင်နှုန်းသာရှိပြီး ကျန် ၉၈ ရာခိုင်နှုန်းမှာ ပြည်သူများဖြစ်သည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုခံစားရမည့်ပြည်သူများအား စာနာရန်လိုကြောင်းနှင့် ဝန်ထမ်းများအတွက် ကျန်းမာရေး၊ ပညာရေးဆိုင်ရာထောက်ပံ့မှုများကို ပိုမိုထောက်ပံ့ပေးသွားရန်ရှိကြောင်း ပြောကြားသည်။

Most Read

Most Recent