အမေရိကန်ရှိ ကမ္ဘာကျော်ကိုးလ်ဂိတ်ကုမ္ပဏီမှ ဒေါ်လာ သန်း ၁၀၀ အထိပေးဝယ်ထားသော လေဆာသွားတိုက်ဆေး၏မူရင်းကုမ္ပဏီ ရွှေဧရာနဒီမှာ မည်သည့်ထိပ်တန်းအခွန်ထမ်းစာရင်းတွင်မျှ ပါဝင်ခြင်းမရှိသောကုမ္ပဏီဖြစ်နေ

အမေရိကန်ရှိ ကမ္ဘာကျော်ကိုးလ်ဂိတ်ကုမ္ပဏီမှ ဒေါ်လာ သန်း ၁၀၀ အထိပေးဝယ်ထားသော လေဆာသွားတိုက်ဆေး၏မူရင်းကုမ္ပဏီ ရွှေဧရာနဒီမှာ မည်သည့်ထိပ်တန်းအခွန်ထမ်းစာရင်းတွင်မျှ ပါဝင်ခြင်းမရှိသောကုမ္ပဏီဖြစ်နေ
Published 24 December 2014
မာန်သူရှိန်၊ မင်းသီဟဇော်

အမေရိကန်မှ ကိုးလ်ဂိတ်-ပါမိုလစ်ကုမ္ပဏီသည် မြန်မာနိုင်ငံမှ လေဆာသွားတိုက်ဆေးကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိပေးဝယ်ယူထားကြောင်း၊ သို့သော် အဆိုပါလေဆာသွားတိုက်ဆေးထုတ်သည့် မြန်မာကုမ္ပဏီဖြစ်သော ရွှေဧရာနဒီမှာမူ ယင်းအမည်ဖြင့် မည်သည့်ထိပ်တန်းအခွန်ထမ်းစာရင်းတွင်မျှ ပါဝင်ခြင်းမရှိသည့်ကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းအခွန်မှထုတ်ပြန်ထားသည့် ထိပ်တန်းအခွန်စာရင်းများအရ သိရသည်။
 
ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒီဇင်ဘာ ၂၂ ရက်က ၂၀၁၃- ၂၀၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်ထိပ်တန်းအခွန်ထမ်းဆောင်သူ ၁၀၀၀ ဦးနှင့် ကုန်သွယ်ခွန်ထိပ်တန်းအခွန်ပေးဆောင်သူ ၁၀၀၀ ဦးစာရင်း၊ နိုင်ငံခြားကုမ္ပဏီများထဲမှ အများဆုံးအခွန်ပေးဆောင်သည့်စာရင်းများအပြင် အချိန်မီမသွင်းဘဲ နောက်ကျမှအခွန်အကျေသွင်းသည့် ကုမ္ပဏီစာရင်းများကိုပါထုတ်ပြန်ခဲ့သည်။
 
လေဆာသွားတိုက်ဆေးထုတ်လုပ်ရောင်းချသော ရွှေဧရာနဒီကုမ္ပဏီမှာမူ အဆိုပါထုတ်ပြန်သောစာရင်းများတွင် မည်သည့်စာရင်းများထဲမှ ပါဝင်မှုမရှိခြင်းဖြစ်သည်။
 
ဝင်ငွေခွန်ထိပ်တန်းအခွန်ထမ်းစာရင်းတွင်ဆိုလျှင် ကျပ်သိန်း ၁၀၀ စွန်းစွန်း အခွန်ငွေပေးဆောင်ရုံမျှဖြင့် ထိပ်တန်း ၁၀၀၀ ဦးစာရင်းတွင် ပါဝင်မည်ဖြစ်သည်။
 
ယခုရွှေဧရာနဒီကုမ္ပဏီမှာ အဆိုပါစာရင်းတွင် ပါဝင်လာခြင်းမရှိသည့်အတွက် ကျပ်သိန်းရာဂဏန်းပင် နိုင်ငံအခွန်အတွက်ပေးဆောင်ထားမှုမရှိသည်မှာ ထင်ရှားလျက်ရှိနေသည်။
 
အမေရိကန်ကုမ္ပဏီများအနေဖြင့် မြန်မာကုမ္ပဏီများအပေါ် ရင်းနှီးမြှုပ်နှံမှုပြုမည်ဆိုပါက မိမိမြှုပ်နှံမှုပြုသည့်ကုမ္ပဏီမှာ နိုင်ငံအပေါ် အခွန်တာဝန်ကျေမှု ရှိ၊ မရှိ၊ အခွန်မဆောင်ထားဘဲ ရလမ်းမပြနိုင်သည့်ငွေများဖြင့် မြန်မာနိုင်ငံ၌သတ်မှတ်ပြဋ္ဌာန်းထားသော အခွန်အကောက်ဥပဒေများနှင့်အညီ လုပ်ကိုင်သည့် ကုမ္ပဏီ ဟုတ်၊ မဟုတ် ဦးစွာလေ့လာဆန်းစစ်ပြီးမှ မြှုပ်နှံလုပ်ကိုင်ရန်လိုအပ်လာပြီဖြစ်သည်။
 
လေဆာသွားတိုက်ဆေးထုတ်လုပ်သော ရွှေဧရာနဒီကုမ္ပဏီသည် စူပါကော်ဖီမစ်အပါအဝင် လီမွန်တီး၊ ကွေကာအုပ် စသည်ဖြင့် စားသောက်ကုန်အမျိုးအစားပေါင်းများစွာ ဖြန့်ဖြူးထုတ်လုပ်ရောင်းချနေသည့် Shwe Super Light ကုမ္ပဏီဖြင့် (ကြော်ငြာထားမှုများအရ) ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည့် ကုမ္ပဏီမှတ်ပုံတင်ဆိုင်ရာစာရင်းများအရ သိရသည်။ 
 
 စူပါကော်ဖီမစ်မျိုးစုံရောင်းချသည့် Shwe Super Light ကုမ္ပဏီသည်လည်း ယင်းအမည်အပြည့်အစုံဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ အခွန်ထမ်းဆောင်သည့် ထိပ်တန်းအခွန်စာရင်းများတွင် ပါဝင်လာမှုမရှိကြောင်း၊ နောက်ထပ်ဆက်စပ်ပတ်သက်သည့် S.S.L Trading ကုမ္ပဏီအမည်ဖြင့်မူ ထိပ်တန်းအခွန်ထမ်းစာရင်းများတွင်ပါဝင်ခဲ့ကြောင်း သိရသည်။
 
S.S.L Trading ကုမ္ပဏီအမည်ဖြင့် ကုန်သွယ်ခွန်ပေးဆောင်ရာတွင် ထိပ်တန်းအခွန် ထမ်း ၁၀၀၀ စာရင်း၌ ကျပ်သိန်း ၅၀၀ အောက်သာပေးဆောင်ထားပြီး အဆင့် ၄၇၉ တွင်ရပ်တည်လျက်ရှိသည်။
 
S.S.L Trading ကုမ္ပဏီအမည်ဖြင့် ဝင်ငွေခွန်ပေးဆောင်ရာတွင်လည်း ထိပ်တန်းဝင်ငွေခွန် ၁၀၀၀ ဦးစာရင်း၌ ကျပ်သိန်း ၅၀၀ အောက်သာပေးဆောင်ထားပြီးအဆင့် ၆၅၆ တွင်ရပ်တည်လျက်ရှိသည်။
 
အဆိုပါ S.S.L Trading ကုမ္ပဏီအမည်ဖြင့်ပေးဆောင်ထားသည့် အခွန်ငွေများမှာ စူပါကော်ဖီမစ်အပါအဝင် စားသောက်ကုန်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအတွက် ပေးဆောင်သည်ဆိုလျှင် အခြားကော်ဖီကုမ္ပဏီများ၏ အခွန်ပေးဆောင်မှုဖြင့်နှိုင်းယှဉ်လျှင် နည်းပါသည့်အနေအထားတွင်ရှိနေသည်။
 
ယခုထုတ်ပြန်သည့် နိုင်ငံခြားကုမ္ပဏီများ၏ ထိပ်တန်းအခွန်ပေးဆောင်မှုစာရင်းတွင် Super Coffee Mix Co.,Ltd အမည်ဖြင့် ဝင်ငွေခွန် ကျပ်သိန်း ၁၀၀၀ အောက်ပေးဆောင်ထားပြီး ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း ကျပ်သိန်း ၁၀၀၀ အောက်သာပေးဆောင်ထားကြောင်း စာရင်းတွင်ဖော်ပြထားသည်။
 
အခွန်ပေးဆောင်မှုပိုင်းတွင် ကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ရရှိမှုနှင့် အခွန်ပေးဆောင်မှုပမာဏများစွာကွာခြားပြီး အခွန်ပေးဆောင်မှုနည်းပါးရခြင်းမှာ အခွန်ကောက်ခံသူများအားနည်းချက်ကြောင့် သို့တည်းမဟုတ် ကုမ္ပဏီမှပေးသည့်စာရင်းအတိုင်းသာ ကောက်ခံနေမှုများကြောင့်ဖြစ်နိုင်ကြောင်း အခွန်ပေးဆောင်ထားသူလုပ်ငန်းရှင်များက သုံးသပ်သည်။
 
ရွှေဧရာနဒီကုမ္ပဏီမှထုတ်လုပ်သည့် လေဆာသွားတိုက်ဆေးအား  အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့်ဝယ်ယူသည်ဆိုလျှင် ရွှေဧရာနဒီကုမ္ပဏီအနေဖြင့် ယခင်ကတည်းက အနည်းဆုံး ကျပ်ဘီလျံပေါင်းများစွာပေးဆောင်ထားသည့် ကုမ္ပဏီအဖြစ်ရှိနေရမည်ဖြစ်သည်။

Most Read

Most Recent