အိမ်ရာဝယ်ယူရေးအတွက် အသက်သာဆုံးသော နှစ်ရှည်အတိုးနှုန်းဖြင့် ချေးငွေများပေးရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ စီစဉ်နေ

အိမ်ရာဝယ်ယူရေးအတွက် အသက်သာဆုံးသော နှစ်ရှည်အတိုးနှုန်းဖြင့် ချေးငွေများပေးရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ စီစဉ်နေ
Published 24 December 2014
အောင်ရဲကို

အိမ်ရာဝယ်ယူရေးအတွက် အသက်သာဆုံးသော နှစ်ရှည်အတိုးနှုန်းဖြင့် ချေးငွေများပေးရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ စီစဉ်နေကြောင်း သိရသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မတည်ရင်းနှီးငွေမှာ ကျပ်ဘီလျံ ၁ဝဝ ရှိပြီး ဆောက်လုပ်ရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မတည်ငွေ ၁၄ ရာခိုင်နှုန်းခန့်နှင့် အခြားသော ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများ၏ မတည်ငွေများဖြင့် ဖွဲ့စည်းထားပြီး အစိုးရကလည်း ထောက်ပံ့ပေးနေလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ အိမ်ရာဝယ်ယူရေးအတွက် ချေးငွေများပေးမည့် အစီအစဉ်ကို ဒီဇင်ဘာလ ဒုတိယပတ်က ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးဦးဝင်းမြင့်၏ ပြောကြားချက်အရ“မြို့ပြနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးသည် ပြည်သူလူထုအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကလည်း National  Housing Policy and Strategies များ ဆောင်ရွက်ရန် လမ်းညွှန်ထားသည့်အတွက်  အကောင်အထည်ဖော်မှုများ ပြုလုပ်နေသည်ဟု သိရသည်။
ယင်းအပြင် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ပြများတွင်သာမကဘဲ အခြားနေရာများတွင်လည်း ပြည်သူလူထု လက်လှမ်းမီနိုင်သည့် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အဆိုပါအိမ်ရာ ဆောက်လုပ်ရေးအတွက် ချေးငွေများ ထုတ်ပေးရုံများမကဘဲ အိမ်ရာဝယ်ယူရေးအတွက် ချေးငွေများကိုပါ နှစ်ရှည်အတိုးနှုန်း သက်သက်သာသာဖြင့် ရရှိပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု ဒေါက်တာဝင်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။
သို့သော်လည်း မည်သည့်ကာလတွင် ချေးငွေများထုတ်ပေးမည်ကိုတော့ ပြောကြားမှုများ မရှိခဲ့ပေ။
ဆင်းရဲနွမ်းပါးသူများ၊ မသန်စွမ်းသူများ၊ ပင်စင်စားများ၊ တိုက်ပွဲကျစစ်သည်များ၏ မိသားစုများ၊ ဝင်ငွေနည်းသည့် သာမန်ပြည်သူများအတွက် သက်သာသည့်နှုန်းထားဖြင့် ဝယ်ယူနိုင်ရန် အရစ်ကျစနစ်၊ ချေးငွေစနစ်အပြင် ပုံမှန်ဝင်ငွေမရှိသဖြင့် ဝယ်ယူရန် အခက်အခဲရှိသူများ အတွက်လည်း ပြည်သူ့အငှားအိမ်ရာများ အကောင်အထည်ဖော်ကြရန် စဉ်းစားဆွေးနွေး စီမံပေးရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလအတွင်းက ပြောကြားထားသည်။
ပြည်သူတို့၏ နေထိုင်မှုနှင့် လူမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် အိုးမဲ့အိမ်မဲ့များ နေရာချထားပေးနိုင်ရေးအတွက် နိုင်ငံတော်က စဉ်းစားစီမံလျက်ရှိပြီး ဆင်းရဲသည့် ပြည်သူများအတွက် နေထိုင်စရာ တစ်ခုတည်း စဉ်းစားစီစဉ်ရုံဖြင့် မပြည့်စုံနိုင်ဘဲ အလုပ်အကိုင် အခွင့်အလမ်းကိုပါ တွဲဖက်စဉ်းစား စီမံပေးရမည်ဟု သမ္မတဦးသိန်းစိန်၏ ပြောကြားမှုများလည်း ရှိခဲ့သည်။
သုတေသနအဖွဲ့တစ်ခု၏ လေ့လာသုံးသပ်ချက်တွင် မြန်မာနိုင်ငံတွင် လူဦးရေနှစ်သိန်း အထက်ရှိသည့် မြို့ကြီးများ၌ နေထိုင်သူဦးရေသည် ၂ဝ၃ဝ ပြည့်နှစ်တွင် နှစ်ဆတိုးလာနိုင်သည်ကို တွက်ချက်ထားကြောင်း၊ မြို့ပြများဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်နှစ်ဆယ်အတွင်း ဒေါ်လာ ၁၄၆ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွားရမည်ဖြစ်ကာ ပထမအဆင့်အဖြစ် ခေတ်မီစီမံကိန်းရေးဆွဲရေး စနစ်တစ်ရပ်နှင့်အတူ မြို့ပြတိုးချဲ့မှုအတွက် ကြိုတင်လျာထားရန် လိုအပ်ကြောင်း၊ ဒုတိယအဆင့်အဖြစ် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း၊ တတိယအဆင့်အဖြစ် ထိုမြို့ပြကြီးများ၏ အုပ်ချုပ်ရေး ကောင်းမွန်စေရန် စဉ်းစားရန် လိုအပ်ကြောင်း သိရသည်။
               

Most Read

Most Recent