များပြားနေသော ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုကို ရုံးပိတ်ရက်များတွင်ပါ ဆောင်ရွက်ပေးမည်ဟု ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ကြေညာ

များပြားနေသော ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုကို ရုံးပိတ်ရက်များတွင်ပါ ဆောင်ရွက်ပေးမည်ဟု ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ကြေညာ
Published 24 December 2014
အောင်ရဲကို

များပြားနေသော ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုများကို ရုံးပိတ်ရက်များတွင်ပါ ဆောင်ရွက်ပေးမည်ဟု ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာခဲ့သည်။
ယာဉ်အို၊ ယာဉ်ဟောင်းဖျက်သိမ်း အပ်နှံခြင်းကို ပြည်နယ်တိုင်းဒေသကြီးရုံးများတွင် ယာဉ်ဟောင်းအပ်နှံမှု များပြားလာနိုင်သည့် အခြေအနေများကြောင့် ရုံးပိတ်ရက်များဖြစ်သည့် ဒီဇင်ဘာ ၂၇  ရက်နှင့် ၂၈ ရက်တို့တွင် ယာဉ်အို၊ ယာဉ်ဟောင်း ဖျက်သိမ်းအပ်နှံမှုများကို  လက်ခံဆောင်ရွက်ပေးမည်ဟု ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံသည့်နေရာများမှာ လက်ခံဆောင်ရွက်ပေးနိုင်သည့် အတိုင်းအတာများထက် သုံးဆခန့်ကျော်လွန်ကာ လာရောက်အပ်နှံသူများမှ ညအိပ်စောင့်ဆိုင်းရသည်အထိ ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ သီလဝါ ယာဉ်အို၊ ယာဉ်ဟောင်း လက်ခံဌာနတွင် ဒီဇင်ဘာ နောက်ဆုံးပတ်က ယာဉ်အို၊ ယာဉ်ဟောင်း လာရောက်အပ်နှံသူ များပြားခဲ့ပြီး ပြင်ပတွင်အစီးရေ တစ်ထောင်ကျော် စောင့်ဆိုင်းရသည်အထိ ရှိခဲ့သည်။
၂ဝ၁၄ ခုနှစ် ဩဂုတ်လအတွင်း စက်မှုဇုန်ထုတ် ဖျက်သိမ်းယာဉ်များ လက်ခံရာတွင် ယာဉ်အစီးရေများပြားမှုကြောင့် ယာဉ်အို၊ ယာဉ်ဟောင်း ဖျက်သိမ်းလက်ခံဌာနတွင် အချိန်ကြန့်ကြာမှုများ ရှိနေကြောင်းလည်း သိရသည်။
မော်တော်ယာဉ် အပ်နှံသူများအနေဖြင့် က.ည.န တွင် ယာဉ်အစစ်ဆေးခံခဲ့သည့် ပုံစံ(ဃ) ပါယာဉ်အမှတ်၊ ယာဉ်အမျိုးအမည်၊ ယာဉ်အမျိုးအစား၊ စက်အမှတ်၊ ဘောင်အမှတ်၊ ဆေးရောင်နှင့် ယာဉ်အင်္ဂါအစိတ်အပိုင်း များအတိုင်း ပြည့်စုံစွာဖြင့် မောင်းနှင်ဝင်ရောက် နိုင်သည့်ယာဉ်၊ က.ည.နတွင် ယာဉ်အစစ်ဆေးခံခဲ့သည့် ပုံစံ(ဃ) မိတ္တူတစ်စောင်၊ ယာဉ်အပ်နှံ လက်ခံရရှိခြင်း ပြေစာ(စ)မူရင်း တို့နှင့်အတူ ယာဉ်အားစစ်ဆေး လက်ခံသွားမည်ဖြစ်သည်။
ဓာတ်ငွေ့(CNG)  သုံး မော်တော်ယာဉ်များအား စက်ရုံဝင်းအတွင်းယာဉ် လက်ခံသည့်နေရာအထိ မောင်းသွင်းအပ်နှံပြီးပါက ဓာတ်ငွေ့အိုးနှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ယူဆောင်ခွင့်ပြုထားသည်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံရာတွင် သက်တမ်းနှစ်နှစ်ဆယ်ရှိ မော်တော်ယာဉ်များအားလုံး အပ်နှံနိုင်ပြီး လက်ရှိအချိန်တွင် အောက်တိုဘာလအတွင်း “၂က” အက္ခရာကားများကို စတင်လက်ခံခဲ့ပြီး “၁က” အက္ခရာများ ဧပြီမှ စတင်ကာသက်ဆိုင်ရာမှ အအပ်လက်ခံသည်။ စက်မှုဇုန် ထုတ်မော်တော်ယာဉ်များကို ဇူလိုင်လလယ်ခန့်မှစ၍ အပ်နှံခွင့်ကို သက်ဆိုင်ရာဌာနမှ ခွင့်ပြုပေးထားသည်။
                 

Most Read

Most Recent