အခွန်ဦးစီးဌာနက ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်သည့် ACE အပါအဝင် ခရိုနီကုမ္ပဏီများ၏ အခွန်ဆောင်မှုစာရင်းကို ထပ်မံထုတ်ပြန်

အခွန်ဦးစီးဌာနက ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်သည့် ACE အပါအဝင် ခရိုနီကုမ္ပဏီများ၏ အခွန်ဆောင်မှုစာရင်းကို ထပ်မံထုတ်ပြန်
Published 24 December 2014
မာန်သူရှိန်၊ မင်းသီဟဇော်

၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် စည်းကမ်းအတိုင်း အချိန်မီ တရားဝင်ပေးဆောင်သည့် ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော ACE ကုမ္ပဏီအပါအဝင် ခရိုနီကုမ္ပဏီအချို့ပါသော အခွန်ပေးဆောင်မှုစာရင်းကိုလည်း ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ထိပ်တန်းကုန်သွယ်ခွန်ပေးဆောင်သူ ၁ဝဝဝ စာရင်း၊ ထိပ်တန်းဝင်ငွေခွန် ထမ်းဆောင်သူ ၁ဝဝဝ စာရင်း၊ နိုင်ငံခြားကုမ္ပဏီများ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်ပေးဆောင်ထားသည့် သီးခြားစာရင်းများကို ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။ယင်းနေ့၌ပင် “၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်၊ ၃၁-၃-၂ဝ၁၄ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့သူ မြန်မာလုပ်ငန်းရှင်/ ကုမ္ပဏီများစာရင်း” ဟူသော ခေါင်းစဉ်ဖြင့် အခွန်ထမ်း ၁၇၇ ဦးပါသော စာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းဆိုသည်မှာ သတ်မှတ်စည်းကမ်းအတိုင်း သတ်မှတ်ချိန်အမီ အခွန်ပေးဆောင်သူများကိုသာ စာရင်းကောက်ယူထုတ်ပြန်ခြင်း ဖြစ်သည်။သတ်မှတ်ချိန်လွန်မှ ပေးဆောင်သည်ဆိုပါက အများဆုံး အခွန်ပေးဆောင်သူဟူသော စာရင်းအဖြစ် ထုတ်ပြန်လေ့မရှိဘဲ ယခုနှစ်မှ ထူးခြားစွာနောက်ဆက်တွဲစာရင်းအဖြစ် ၁ဝဝဝ စာရင်းဖြင့်ရော၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။၁ဝဝဝ စာရင်းအပြင် ဆက်လက်ထုတ်ပြန်သည့် ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ် ကုန်လွန်ခဲ့ပြီးဖြစ်သည့် ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်နောက်ပိုင်းရောက်မှ အခွန်အကျေအလည်ပေးဆောင်ခဲ့သည့် အခွန်ထမ်း ၁၇၇ ဦးစာရင်းတွင် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော Associate Of Civil Engineering Construction Group Co.,Ltd (ACE) ကုမ္ပဏီ ပါဝင်လာခဲ့သည်။ACE ကုမ္ပဏီအနေဖြင့် ကျပ် သိန်း ၂ဝဝဝဝ မှ ကျပ်သိန်း ၆ဝဝဝ ကြား ပေးဆောင်သော အစုအဖွဲ့တွင် ပါခြင်းလည်းဖြစ်သည်။ACE ကုမ္ပဏီအပြင် လုပ်ငန်းများစွာ လုပ်ကိုင်ခွင့်ရနေသည့် နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးဖြစ်သော Asia World  ဦးထွန်းမြင့်နိုင်နှင့် ပတ်သက်ပြီး သစ်ထုတ်လုပ်ခွင့်ရလျက်ရှိသော Lucre Wood ကုမ္ပဏီသည်လည်း အဆိုပါစာရင်းတွင် ပါဝင်လာခဲ့ပြီး ကျပ်သိန်း၂ဝဝဝ အောက်တွင်သာ ပေးဆောင်သည့်ကုမ္ပဏီ ဖြစ်သည်။နာမည်ကျော်  5 Movie အပါအဝင် 5 Series ရုပ်သံလိုင်းများကို ထုတ်လွှင့်နေသည့် Family Entertainment Group ကုမ္ပဏီသည်လည်း နောက်ကျပြီးမှ အခွန်ကျေသည့် စာရင်းတွင်ပါဝင်လာပြီး ကျပ် သိန်း ၅ဝဝ အောက်သာ အခွန်ပေးဆောင်သည့်စာရင်း၌ ပါဝင်လာခြင်းဖြစ်သည်။ယင်းအပြင် ရွှေသံလွင်လုပ်ငန်းရှင် ဦးကျော်ဝင်းနှင့်ပ တ်သက်သည့်  It Is Myanmar Trading Co.,Ltd သည်လည်း နောက်ကျပေးသွင်းသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ကျပ်သိန်း ၅ဝဝ အောက်သာ ပေးဆောင်သည့်စာရင်းတွင် ပါဝင်ခြင်းဖြစ်သည်။ထွန်းဖောင်ဒေးရှင်းဘဏ်မှ ဦးသိန်းထွန်းနှင့် ပတ်သက်ဆက်စပ်သော M.G.S Beverages Co.,Ltd  သည်လည်း နောက်ကျမှ အခွန်ကျေသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ကျပ်သိန်း ၁ဝဝဝ အောက်သာ ပေးဆောင်သည့်စာရင်းတွင် ပါဝင်ခြင်းဖြစ်သည်။ပြည်သူ့ရင်ပြင်၊ ပြည်သူ့ဥယျာဉ်အတွင်း၌ လုပ်ငန်းများစွာလုပ်ခွင့်ရသည့်  Natural World ကုမ္ပဏီသည်လည်း နောက်ကျမှ အခွန်ကျေသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ကျပ် သိန်း ၅ဝဝ အောက်သာ ပေးဆောင်ခဲ့သည့် စာရင်း၌ ပါဝင်ခြင်းဖြစ်သည်။ဦးမြတ်သင်းအောင်နှင့်ပတ်သက်သည့် AA Electronic Co.,Ltd သည်လည်း နောက်ကျမှ အခွန်ကျေသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ကျပ်သိန်း ၂ဝဝဝ အောက် ပေးဆောင်သည့် စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ယခု နောက်ကျပြီးမှ အခွန်ကျေသည့် ၁၇၇ ဦးစာရင်းသည် အစိုးရနှင့်နီးစပ်သည့်ကုမ္ပဏီများ အဓိကပါဝင်လာသည့် စာရင်းတစ်ခုလည်း ဖြစ်ခဲ့သည်။“ကျွန်တော်တို့ကိုပြောတော့ ၂ဝ၁၃ မတ်လအကုန်မှာ နောက်ဆုံးထား အခွန်ဆောင်တဲ့စာရင်းကိုပဲ ဒီမှာထည့်မယ်လို့ ပြောတယ်။ အခုကျတော့ အခွန်ဦးစီးက ဒါတွေကို ဘယ်လိုထပ်ထည့်လဲမသိဘူး” ဟု Eleven Media Group တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ 

Most Read

Most Recent