UNA ၏ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား မိတ်ဖက်ပါတီ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေး

UNA ၏ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား မိတ်ဖက်ပါတီ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေး
Published 24 December 2014
ကျော်ဇင်ဝင်း၊ ဇာလီမြင့်ဦး

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ၏ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များအား မိတ်ဖက်ပါတီအဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။အဆိုပါဆွေးနွေးပွဲတွင် UNA အဖွဲ့က မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကျင့်သုံးရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရေး၊ စစ်မှန်သည့် အမျိုးသားညီလာခံတစ်ရပ် ဖြစ်ပေါ်လာရေး၊ ညီလာခံတွင် အားလုံးပါဝင်ရေး ကိစ္စရပ်များတင်ပြမှုအပေါ်အခြေခံ၍ တက်ရောက်လာသည့်အဖွဲ့အစည်းအသီးသီးက ဆွေးနွေးခဲ့ကြကြောင်း UNA သဘာပတိအဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က ပြောကြားသည်။“မဟာမိတ်ဆက်ဆံရေး ထူထောင်ဖို့မဟုတ်ဘူး။ ယေဘုယျ အားလုံးတူကြတော့ ရပ်တန့်နေတာပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း ရပ်တန့်နေတာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း ရပ်တန့်နေတာပေါ့။ အဲဒါကို ဘယ်လိုလုပ်ကြမလဲပေါ့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။ဒီမိုကရေစီစနစ်ကျင့်သုံး၍ တန်းတူပြဠာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ထူထောင်ရာတွင် တူညီသည့် အမြင်သဘောထားရရှိရန်နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အားလုံးက သဘောတူထားပြီး ဖြစ်သော်လည်း မည်သို့ပြင်ဆင်ရန်နည်းလမ်းကို သဘောတူညီမှုရရှိရန် လိုသဖြင့် ဆွေးနွေးပွဲတွင် အဆိုပါအချက်များအား အဓိကဆွေးနွေးကြကြောင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစောလွင်က ပြောကြားသည်။“အမှန်ကတော့ လာတဲ့အဖွဲ့တွေလည်း မတူညီဘူး။ နေရာချင်းလည်း မတူညီဘူး။ တချို့က လက်နက်ကိုင်တော်လှန်ရေးဘဝက လာတာကိုး။ တချို့က နိုင်ငံရေးပါတီလုပ်တယ်။ နိုင်ငံရေးပါတီလုပ်တဲ့သူက လွှတ်တော်ထဲရောက်နေတာလေ။ လွှတ်တော်ထဲက လာတာဆိုတော့ သူ့ရဲ့အမြင်က ပိုကဲမှာပေါ့။ လွှတ်တော်ထဲကမဟုတ်တဲ့ အဖွဲ့တွေလည်းရှိတယ်။ အဲဒီအဖွဲ့တွေကျတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို ပိုကဲမှာပေါ့။ တော်လှန်ရေးအဖွဲ့ကလာတဲ့သူတွေကျတော့ တော်လှန်ရေးကို ပိုကဲမှာပေါ့။ နောက် CSOs တွေရှိတယ်။ဥပဒေသမားကလည်း ဥပဒေအလျောက်ပေါ့။ မတူဘူးပေါ့နော်။ ကျွန်တော်တို့က ဒါကိုမျှော်လင့်ပြီးသားပဲလေ။ မတူတာတွေကို သတ္တိမွေးပြီး ဆွဲစေ့လိုက်တာပါပဲ။ အမှန်က ထပြီးတော့ လက်သီးမထိုးရင်ပြီးတာပါပဲ”ဟု UNA အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောကြားသည်။ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းအချို့မှ ဘာသာရေးနှင့် နိုင်ငံရေး မရောယှက်သည့်နိုင်ငံရေးဖြစ်ရေး၊ လယ်ယာမြေဥပဒေသစ်များ ပြဠာန်းမှုသည် လယ်သိမ်းယာသိမ်းကိစ္စများကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း စသည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  “ကျွန်တော်တို့ မျှော်လင့်တာကတော့ အားလုံးရနိုင်မယ်လို့တော့ မထင်ဘူး။ ဒီတစ်ရက် နှစ်ရက်တည်းနဲ့ အားလုံးသဘောတူသွားတယ်ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ မဖြစ်နိုင်တဲ့ဟာကြီးကို ကျွန်တော်တို့ မလုပ်ချင်ဘူး။ အခု ဒီမှာ ကျွန်တော်တို့ စီစဉ်ထားတာက တူတဲ့ဟာတွေကို ကျွန်တော်တို့ စေ့စပ်သွားမယ်။ ဘယ်လိုသွားမလဲဆိုတော့ မနက်ဖြန်ကျမှ ဆက်ဆွေးနွေးမယ်။ စေ့စပ်မယ်။ မတူတာတွေကတော့ ချန်ထားမယ်။ မှတ်တမ်းတင်မယ်။ အဲဒါတွေကိုတူတဲ့အထိ ပြန်ညှိမယ်”ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီ ရှစ်ပါတီမှ ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၊ ပေါင်းကူးအဖွဲ့၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ တက်ရောက်ခဲ့သည်။ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကယန်းပြည်သစ်ပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) တို့လည်း တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှာ ဗဟိုကော်မတီအစည်းအဝေးရှိသဖြင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။     

Most Read

Most Recent