ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲအတွက် မဲရုံစုစုပေါင်း ၁၀၈၆ ရုံ ရှိမည်ဖြစ်ပြီး မဲရုံများကို စာသင်ကျောင်းများတွင် အများဆုံးပြုလုပ်မည်

ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲအတွက် မဲရုံစုစုပေါင်း ၁၀၈၆ ရုံ ရှိမည်ဖြစ်ပြီး မဲရုံများကို စာသင်ကျောင်းများတွင် အများဆုံးပြုလုပ်မည်
Published 23 December 2014
ကျော်ထင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲများအတွက် စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်တွင် မဲရုံစုစုပေါင်း ၁၀၈၆ ရုံရှိမည်ဖြစ်ပြီး မဲရုံများအား စာသင်ကျောင်းများတွင် အများဆုံး ပြုလုပ်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။“မဲရုံတွေကတော့ မပြင်ဆင်ရသေးပေမယ့် နှစ်ရက်အတွင်း အပြီးလုပ်သွားမှာပါ။ မဲရုံတွေကို အဓိကကျောင်းတွေမှာ လုပ်မှာပါ။ နောက်ပြီးတော့ ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့နေရာ၊ ဓမ္မာရုံတို့မှာလည်း လုပ်မယ်” ဟု ဦးတင်အေးက ဆိုသည်။ပျမ်းမျှ မဲပေးသူ ၃၀၀ လျှင် မဲရုံတစ်ရုံနှုန်းဖြင့် သတ်မှတ်ထားကြောင်းနှင့် မဲရုံများအား နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ကာ မဲပေးစေမည်ဟု သိရသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများတွင် လ.ဝ.က မှ တရားဝင် ထုတ်ပေးထားသော အိမ်ထောင်စုစာရင်း ၆၆/၆ ရှိသည့် တစ်အိမ်ထောင်လျှင် တစ်ဦးနှုန်း (အသက် ၁၈ နှစ်ပြည့်ပြီးသူ) ဖြင့် မဲပေးရန် သတ်မှတ်ထားပြီး စုစုပေါင်း ဆန္ဒမဲပေးခွင့်ရှိသူ ၄၀၈၀၀၀ ရှိမည်ဖြစ်ကာ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများကိုလည်း သင်တန်းများပေးခဲ့ပြီးဖြစ်ကြောင်း  ရန်ကုန်မြို့တော် ကော်မရှင်က ထုတ်ပြန်ထားသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်၊ ခရိုင်စည်ပင်သာယာရေး ကော်မတီ အဆင့်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဆင့်ဟူ၍ သုံးမျိုးခွဲခြားထားပြီး ယင်းအထဲမှ ခရိုင်စည်ပင် သာယာရေးကော်မတီ အဆင့်တွင် ရွေးကောက်ခံမည့်နေရာ သုံးခု၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဆင့်တွင် ရွေးကောက်ခံမည့်နေရာ သုံးခုရှိရာ ဆန္ဒမဲပေးသူများ အနေဖြင့် စုစုပေါင်း မဲအရေအတွက် ခုနစ်မဲ ပေးရမည်ဖြစ်သည်။ဆန္ဒမဲ ပေးသူများ အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အတွက် တစ်မဲ၊ ခရိုင်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (ရပ်မိရပ်ဖ) အတွက် တစ်မဲ၊ ခရိုင်စည်ပင်သာယာရေး ကော်မတီဝင် (အတတ်ပညာရှင်၊ အသိပညာရှင်) အတွက် တစ်မဲ၊ ခရိုင်စည်ပင်သာယာရေး ကော်မတီဝင် (လူမှုရေး အဖွဲ့အစည်း) အတွက် တစ်မဲ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ (ရပ်မိရပ်ဖ)အတွက် တစ်မဲ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် (အတတ်ပညာရှင်၊ အသိပညာရှင်) အတွက် တစ်မဲနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် (လူမှုရေး အဖွဲ့အစည်း) အတွက် တစ်မဲတို့ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်တွင် ကိုယ်စားလှယ်လောင်း ၃၈ ဦး၊ ခရိုင်စည်ပင်သာယာရေးကော်မတီ အဆင့်တွင် ကိုယ်စားလှယ်လောင်း ၄၂ ဦးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဆင့်တွင် ကိုယ်စားလှယ်လောင်း ၂၁၃ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။ 

Most Read

Most Recent