သီလဝါ ယာဉ်အိုယာဉ်ဟောင်း လက်ခံဌာနတွင် မော်တော်ယာဉ် လာရောက်အပ်နှံမှု များနေပြီး ပြင်ပတွင် အစီးရေ တစ်ထောင်ကျော် စောင့်နေရ

သီလဝါ ယာဉ်အိုယာဉ်ဟောင်း လက်ခံဌာနတွင် မော်တော်ယာဉ် လာရောက်အပ်နှံမှု များနေပြီး ပြင်ပတွင် အစီးရေ တစ်ထောင်ကျော် စောင့်နေရ
Published 23 December 2014
အောင်မြတ်ကို၊ ဖြိုးသူရဝင်း

ဒီဇင်ဘာ နောက်ဆုံးပတ် သီလဝါ ယာဉ်အိုယာဉ်ဟောင်း လက်ခံဌာနတွင် မော်တော်ယာဉ် လာရောက်အပ်နှံမှု များပြားနေပြီး ပြင်ပတွင် အစီးရေ တစ်ထောင်ကျော် စောင့်ဆိုင်းနေရကြောင်း အဆိုပါနေရာတွင် ယာဉ်လာရောက် အပ်နှံသူများထံမှ သိရသည်။“ကျွန်တော်ဆို မနက် ၄ နာရီကစပြီး ကားအပ်ဖို့လာပြီး တန်းစီနေတာ။ အခုညနေအထိ ကိုက် ၁၀၀ လောက်ပဲ ရှေ့တိုးလို့ရတယ်။ ကျွန်တော့် တုံကင်နံပါတ်က ၉၀၀ ကျော်တယ်။ ဒီနေ့ တုံကင်ပေးထားတာက ၁၀၀၀ ကျော်အထိ ရှိတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ မော်တော်ယာဉ် လာရောက်အပ်နှံသူ တစ်ဦးက ပြောကြားသည်။သီလဝါ ယာဉ်အိုယာဉ်ဟောင်း လက်ခံဌာနတွင် တစ်နေ့လျှင် အစီးရေ ၂၅၀ မှ ၃၀၀ ကြား လက်ခံဆောင်ရွက်ပေးနေကြောင်း၊ ဒီဇင်ဘာ နောက်ဆုံးပတ် ရက်ပိုင်းတွင် လာရောက်အပ်နှံသည့် မော်တော်ယာဉ်အစီးရေ များပြားလာကြောင်း မော်တော်ယာဉ် လာရောက်အပ်နှံသူများထံမှ သိရသည်။သီလဝါ ယာဉ်အိုယာဉ်ဟောင်း လက်ခံဌာန အနေဖြင့် ၂၀၁၄ ခုနှစ် သြဂုတ်အတွင်း စက်မှုဇုန်ထုတ် ဖျက်သိမ်းယာဉ်များ လက်ခံရာ၌ ယာဉ်အစီးရေ များပြားမှုကြောင့် အချိန်ကြန့်ကြာမှုများ ရှိခဲ့ပြီး ပြင်ပတွင် ယာဉ်အစီးရေ ၁၅၀၀ ဝန်းကျင်ခန့် စောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။မော်တော်ယာဉ် အပ်နှံသူများ အနေဖြင့် က.ည.န တွင် ယာဉ်အစစ်ဆေးခံခဲ့သည့် ပုံစံ (ဃ)ပါ ယာဉ်အမှတ်၊ ယာဉ်အမျိုးအမည်၊ ယာဉ်အမျိုးအစား၊ စက်အမှတ်၊ ဘောင်အမှတ်၊ ဆေးရောင်နှင့် ယာဉ်အင်္ဂါ အစိတ်အပိုင်းများအတိုင်း ပြည့်စုံစွာဖြင့် မောင်းနှင်ဝင်ရောက်နိုင်သည့် ယာဉ်၊ က.ည.န တွင် ယာဉ်အစစ်ဆေးခံခဲ့သည့် ပုံစံ (ဃ) မိတ္တူတစ်စောင်၊ ယာဉ်အပ်နှံ လက်ခံရရှိခြင်း ပြေစာ(စ)မူရင်းတို့နှင့်အတူ ယာဉ်အား စစ်ဆေးလက်ခံသွားမည်ဖြစ်သည်။ဓာတ်ငွေ့ (CNG) သုံး မော်တော်ယာဉ်များအား စက်ရုံဝင်းအတွင်း ယာဉ်လက်ခံသည့် နေရာအထိ မောင်းသွင်းအပ်နှံပြီးပါက ဓာတ်ငွေ့အိုးနှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ယူဆောင်ခွင့် ပြုထားသည်။ယာဉ်အိုယာဉ်ဟောင်း အပ်နှံရာတွင် သက်တမ်းနှစ် ၂၀ ရှိ မော်တော်ယာဉ်များ အားလုံးအပ်နှံနိုင်ပြီး လက်ရှိအချိန်တွင် အောက်တိုဘာအတွင်း ‘၂က’ အက္ခရာကားများကို စတင်လက်ခံခဲ့ပြီး ‘၁က’ အက္ခရာများ ဧပြီမှ စတင်၍ သက်ဆိုင်ရာမှ အပ်နှံမှုကို လက်ခံသည်။ စက်မှုဇုန်ထုတ် မော်တော်ယာဉ်များကို ဇူလိုင်လလယ်ခန့်မှစ၍ အပ်နှံခွင့်ကို သက်ဆိုင်ရာဌာနမှ ခွင့်ပြုပေးထားသည်။ 

Most Read

Most Recent