စီးပွားကူးသန်း၏ အချိန်ကိုက်လုပ်ဆောင်မှုကြောင့် ကားလိုင်စင်လျှောက်ထားသူများ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့

စီးပွားကူးသန်း၏ အချိန်ကိုက်လုပ်ဆောင်မှုကြောင့် ကားလိုင်စင်လျှောက်ထားသူများ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့
Published 23 December 2014
နေရိုင်း၊ အောင်ရဲကို

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကားတင်သွင်းမှုနှင့် ပတ်သက်သည့်သတင်းများကို ပိတ်မည့်ရက်ကပ်မှ ထုတ်ပြန်သည့်အတွက် ကားလိုင်စင်လျှောက်ထားသူများ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။လိုင်စင်များကို ဒီဇင်ဘာ ၂၄ ရက်အထိသာ နောက်ဆုံးလုပ်ပေးမည့် အသိပေးချက်၊ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဆိပ်ကမ်းရောက်ပြီးကားများကို လိုင်စင်ချထားမပေးတော့သည့် အသိပေးချက်၊ CIF မထုတ်ပြန်တော့သည့် အသိပေးချက်များကို ရက်နားနီးမှ ကပ်၍ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ထိုသို့ထုတ်ပြန်လိုက်သည့်အတွက် ဆိပ်ကမ်းကားရောက်ပြီးသူများ၊ လိုင်စင်လျှောက်ထားခွင့် ပိတ်မည့် ဒီဇင်ဘာ ၂၄ ရက် နောက်ပိုင်းမှ ဆိပ်ကမ်းသို့ ကားရောက်မည့်သူများအနေဖြင့် ချက်ချင်းလိုင်စင်လျှောက်ထားနေရကြောင်း သိရသည်။ဒီဇင်ဘာ ၂၂ ရက် (တနင်္လာနေ့) ရုံးဖွင့်ချိန်တွင် လိုင်စင်လျှောက်ထားမည့်သူများသည် ဒီဇင်ဘာ ၂ဝ ရက်(စနေနေ့) မှစ၍ နေပြည်တော်စီးပွားကူးသန်းဝန်ကြီးဌာနတွင် လာရောက်တန်းစီ စောင့်ဆိုင်းရသည်အထိ ဒုက္ခခံလုပ်ကိုင်နေရကြောင်း သိရသည်။“အခုလို စီးပွားကူးသန်းက တစ်နေ့ပြီး တစ်နေ့ ထုတ်ပြန်ချက်အသစ်တွေကို ထုတ်နေတော့ ကုမ္ပဏီအနေနဲ့ ကားပါမစ်တွေကို လျှောက်ထားရတာ အခက်အခဲအများကြီးရှိတယ်။ ကျွန်တော်တို့ လျှောက်ထားသူတွေအနေနဲ့လည်း တနင်္လာနေ့မှလုပ်ရမယ့် ပါမစ်အတွက် စနေနေ့ညကတည်းက လာပြီး စောင့်ရတယ်။ ညအိပ်ပြီး ပါမစ်တွေကို ထပ်ထားရတယ်။ ရုံးဖွင့်တဲ့နေ့ ပါမစ်တွေကိုထပ်ပြီးတဲ့အချိန်ကျတော့ သူတို့က သောကြာနေ့ကကျန်တဲ့ လက်ကျန်တွေဖြတ်ပြီးမှ တနင်္လာနေ့လာထပ်တဲ့ ပါမစ်တွေကို လက်ခံလုပ်ပေးမယ်ပြောတယ်။တနင်္လာနေ့ရုံးဖွင့်မှ တင်ရမယ့် ပါမစ်တွေကို စနေနေ့ကတည်းက ညအိပ်ပြီးစောင့်တာတောင်မှ အချင်းချင်းကျော်တာ၊ ခွတာကြောင့် စကားများရန်ဖြစ်တာတောင် ရှိပါတယ်”ဟု သွားရောက်လျှောက်ထားသူ ကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ပြောပြသည်။“အရမ်းဒုက္ခရောက်တယ်။ ဆိပ်ကမ်းရောက်ပြီးသား ကားပါမစ် မပေးတော့ဘူး။ CIF မထုတ်တော့ဘူး။ ဒီဇင်ဘာ ၂၄ ရက် လိုင်စင်လျှောက်တာကို စပိတ်မယ် စတာတွေကို ဖင်နားကပ်လုပ်တယ်။ အကုန်လုံးဒုက္ခရောက်တယ်။ လူတွေဆိုတာ ညအိပ်ပြီး တန်းစီစောင့်တာတောင် မရဘူး။ အခုဆို တစ်ရက်ကို အစီးရေထောင်နဲ့ချီ လျှောက်ရတဲ့အထိဖြစ်တော့ ဘယ်လောက်ပဲ တန်းစီတန်းစီမီဖို့ မလွယ်တော့ဘူး။ သူတို့အနားနီးမှ ကပ်လုပ်လို့ မမီတဲ့အခါကျတော့ ကိုယ်ပဲ ကားသိမ်းခံရမယ့်ကိန်းပဲ။ စိတ်ပျက်တယ်”ဟု နေပြည်တော်တွင် ကားလိုင်စင်လာရောက်လျှောက်ထားသူတစ်ဦးက ပြောကြားသည်။လက်ရှိတွင် စီးပွားကူးသန်း၌ လာရောက်လျှောက်ထားမှုမှာ ဒီဇင်ဘာ ၂၂ ရက် က တစ်ရက်တည်း အစီးရေ ၃ဝဝဝ ဝန်းကျင်အထိ လာရောက်လျှောက်ထားလျက်ရှိနေကြောင်း သိရသည်။ဆိပ်ကမ်း၌ရောက်ပြီး ကားမှာလည်း လက်ရှိတွင်အစီးရေ ၆ဝဝဝ ဝန်းကျင်အထိ ကျန်ရှိနေကြောင်း၊ လိုင်စင်ခေတ္တပိတ်မည့် ဒီဇင်ဘာ ၂၄ ရက်နောက်ပိုင်းရောက်မည့်ကားများလည်း များစွာရှိနေကြောင်း သိရသည်။အနားကပ်မှ ထုတ်ပြန်လိုက်၍ အဆိုပါကားများအတွက် များစွာခက်ခဲလျက်ရှိသည့်အပေါ် ကားတင်သွင်းသူတစ်ဦးက “ကျွန်တော်တို့ ဒီဇင်ဘာ ၂၄ ရက်နောက်ပိုင်းရောက်မယ့် ကားတွေရှိတယ်။ ကားဟောင်းစလစ်ရဖို့ အတင်းလုပ်ပြီးတော့ လိုင်စင်ရဖို့ အတင်းလုပ် ဖြစ်နေတယ်။ ပြောရရင်တော့ဗျာ ဝန်ကြီးဌာနဘက်က သူ့ဟာသူ နောက်ကျမှထုတ်ပြန်လိုက်တာ။ ဒီတော့ သူတို့အနေနဲ့ သူတို့ကြောင့်ဖြစ်ရတဲ့အပေါ်မှာ သူတို့အချိန်ထပ်တိုးပေးပြီး ဖြေရှင်းပေးလို့ရတယ်။ ဒါပေမဲ့ ဒီလောက်ထိခက်ခဲနေတာကို တွေ့နေလျက်နဲ့ ဝန်ကြီးဌာနက အချိန်ထပ်တိုးပေးဖို့ လုံးဝမရှိဘူး။ ၂၄ ရက် နောက်ဆုံးရပ်မယ်ဆိုတာ ချည်းပဲပြောတယ်။ ပြောရရင် CIF  မထုတ်တော့ဘူးဆိုတာကိုလည်း ဒီနေ့ (ဒီဇင်ဘာ ၂၂ ရက်)ရောက်မှ စီးကူးရုံးမှာ တရားဝင်စာကပ်တာ။ တကယ်လို့ မမီမကမ်းနဲ့ ဆုံးရှုံးမှုရှိခဲ့မယ်ဆိုရင်တော့ အချိန်ကပ်လုပ်တဲ့ စီးကူးကြောင့်ပဲ” ဟု ပြောပြသည်။

Most Read

Most Recent