နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က ၂၀၁၆ ခုနှစ် ဇွန်လမတိုင်မီ ခရက်ဒစ်ဗျူရိုတစ်ခု တည်ထောင်နိုင်ရန် ဗဟိုဘဏ်ကို ကူညီမည်

နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က ၂၀၁၆ ခုနှစ် ဇွန်လမတိုင်မီ ခရက်ဒစ်ဗျူရိုတစ်ခု တည်ထောင်နိုင်ရန် ဗဟိုဘဏ်ကို ကူညီမည်
Published 19 December 2014
နွဲ့ယဉ်အေး

ကမ္ဘာ့ဘဏ် အုပ်စုဝင်ဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က ၂ဝ၁၆ ခုနှစ်၊ ဇွန်လမတိုင်မီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ Credit Bureau တစ်ခု တည်ထောင်နိုင်ရန် ကူညီပေးသွားမည်ဟု သတင်းရရှိသည်။အဆိုပါ Credit Bureau က ငွေချေးသူ၏ ချေးငွေဆိုင်ရာ နောက်ကြောင်းမှတ်တမ်းများကို ငွေထုတ်ချေးမည့်သူက ရရှိနိုင်စေရန် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။ထို့ကြောင့် လက်ရှိအချိန်တွင် ဘဏ်များက ငွေချေးမည့်သူ၏ သတင်းအချက်အလက် မရှိသဖြင့် ငွေထုတ်ချေးရန် တုံ့ဆိုင်းနေမှုများကို ပြေလည်သွားစေမည်ဖြစ်ပြီး ချေးငွေများကို အချိန်တိုအတွင်း လက်ရှိအချိန်ထက် ပိုမိုချေးငှားစေနိုင်မည်ဟု သိရသည်။IFC က ပြည်တွင်းဘဏ်များကို ကူညီရာတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေရန် ဦးတည်ကူညီ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။IFC အနေနှင့် လက်ရှိအချိန်တွင် မြန်မာအရှေ့တိုင်းဘဏ်၊ ရိုးမဘဏ်နှင့် အသေးစားနှင့် အလတ်စား ငွေချေးလုပ်ငန်း အဖွဲ့အစည်းများကို အကြံဉာဏ်များပေးနေပြီး စီးပွားရေးလုပ်ငန်းများ အုပ်ချုပ်မှုပုံစံ တိုးတက်စေရန်၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုများနှင့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးများ ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့ပြင် ဘဏ်လုပ်ငန်းနှင့် အဆက်အသွယ် မရှိသူများအတွက် ရင်းနှီးငွေများ ပိုမိုကျယ်ပြန့်စွာ ပံ့ပိုးပေးခြင်းနှင့် ဝန်ဆောင်မှုများ ပေးခြင်းတို့ကိုလည်း အထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။“IFC က ဘယ်သူ့ကို ကူညီထောက်ပံ့ပေးမယ်လို့ စံနှုန်းသတ်မှတ်ထားတာ မရှိပါဘူး။ ပူးပေါင်းဆောင်ရွက်ဖို့ ပါတနာကို ရွေးတဲ့အခါမှာ သန့်ရှင်းတဲ့ နောက်ကြောင်းမှတ်တမ်းရှိသူကို ရွေးပါတယ်။ မြန်မာ့စီးပွားရေးကတော့ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်” ဟု IFC ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဗီဗက်ပါသက်ခ်က ကူညီရန်ဘဏ်များ ရွေးချယ်မှုစံနှုန်းနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို မြန်ဆန်ချောမွေ့စေရန် IFC က မြန်မာအစိုးရနှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ကို စီးပွားရေးဖိုရမ်တစ်ခု တည်ထောင်သွားရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။အဆိုပါဖိုရမ်က ကုမ္ပဏီများ ဖွံ့ဖြိုးပြီး အလုပ်အကိုင်များ ပိုမိုဖန်တီးနိုင်ရန် အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးမှု ပလက်ဖောင်းကို ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။ထို့ပြင် IFC က ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအကြား ညီမျှသည့် လုပ်ငန်းနယ်ပယ် ဖြစ်ပေါ်စေရန် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ပြင်ဆင်ရာတွင်လည်း ပါဝင်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent