ရန်ကုန်တိုင်းဒေသကြီး၌ အောက်တိုဘာတွင် စက်ရုံမီးလောင်မှု မရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း စက်ရုံမီးလောင်မှု များပြား

ရန်ကုန်တိုင်းဒေသကြီး၌ အောက်တိုဘာတွင် စက်ရုံမီးလောင်မှု မရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း စက်ရုံမီးလောင်မှု များပြား
Published 19 December 2014
အောင်ထက်ခိုင်

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၁၄ ခုနှစ် အောက်တိုဘာတွင် စက်ရုံမီးလောင်မှု မရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း စက်ရုံများမီးလောင်မှုဖြစ်စဉ် များပြားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။“နိုဝင်ဘာလကနေ ဒီဇင်ဘာ ပထမပတ်အတွင်းမှာ စက်ရုံမီးလောင်မှု ဖြစ်စဉ်တွေ များပြားခဲ့ပါတယ်။ အဓိက,က လျှပ်စစ်မီးကို ပေါ့ဆစွာ သုံးတာရယ်၊ ညစောင့်ဝန်ထမ်းတွေ ပေါ့ဆမှုတွေကြောင့် မီးလောင်မှုတွေ ဖြစ်ရပါတယ်၊ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေမှာ ထိရောက်တဲ့ မီးဘေးအန္တရာယ်တွေ ကာကွယ်ရေးပစ္စည်းတွေ၊ မီးသတ်ဆေးဘူးတွေ ဆောင်ထားသင့်ပါတယ်” ဟု မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။နိုဝင်ဘာလမှ ဒီဇင်ဘာအတွင်း စက်ရုံများ မီးလောင်မှုမှာ နိုဝင်ဘာလ ၁၃ ရက်က လှိုင်သာယာ စက်မှုဇုန်အတွင်း Opel အထည်ချုပ်စက်ရုံ မီးလောင်မှု၊ နိုဝင်ဘာ ၂၉ ရက်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃) ရှိ ရေခဲမုန့်စက်ရုံ မီးလောင်မှု၊ ဒီဇင်ဘာ  ၅ ရက်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)ရှိ မြန်မာဆန်နီ ဖိနပ်စက်ရုံ မီးလောင်မှု၊ ဒီဇင်ဘာ ၈ ရက်က ကျောက်တန်းမြို့နယ် MEC သင်္ဘောပျက်စက်ရုံ ဝင်းအတွင်းရှိ ယာဉ်အိုယာဉ်ဟောင်းများ ထားရှိသောနေရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မီးလောင်မှုဖြစ်စဉ် ၁၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးဖိုမီးအပါအဝင် ပေါ့ဆ၍ လောင်သောမီးမှာ ၇၃ ကြိမ်၊ အလိုအလျောက် လောင်သောမီး လေးကြိမ်၊ လျှပ်စစ်ကြောင့် လောင်သောမီး ၃၄ ကြိမ်၊ မသမာသူ ရှို့မီး ၁၅ ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။နိုဝင်ဘာလအတွင်း မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ အိမ်ခြေအဆောက်အအုံ ၉၆ လုံး၊ စက်ရုံအလုပ်ရုံ လေးရုံ၊ ဂိုဒေါင်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကာ ၁၈၅ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း သိရသည်။နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ မီးလောင်မှု ၂၉ ကြိမ် အများဆုံးဖြစ်ခဲ့ပြီး၊ ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး မီးလောင်မှုဖြစ်စဉ် ၁၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ ၁၁ လတာ ကာလအတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှုဖြစ်စဉ် ၁၄၇၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်းပေါင်း ၄ဝဝဝဝ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။