ဧကတစ်ထောင်ရှိ ကျောက်စိမ်းဥယျာဉ် တည်ဆောက်ရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်း

ဧကတစ်ထောင်ရှိ ကျောက်စိမ်းဥယျာဉ် တည်ဆောက်ရန် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်း
Published 19 December 2014
ငြိမ်းဇော်လင်း၊ ယဉ်မျိုးသွယ်

ဧကတစ်ထောင်ရှိ ကျောက်စိမ်းဥယျာဉ် မန္တလေးမြို့၌ တည်ဆောက်ရန် ဒီဇင်ဘာ ၁၂ ကပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော်တွင် မြို့တော်ဝန်ဦးအောင်မောင်းက အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
လက်ရှိ အကောင်ထည်ဖော်နေသော အမရပူရမြို့နယ် ဆင်ရွာမြင်းမူကျေးရွာတွင် ကျောက်စိမ်းစေတီနှင့် ကျောက်မျက်ဈေးအနီး၌ ကျောက်စိမ်းဥယျာဉ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကျောက်စိမ်း ဥယျာဉ်တွင် ပန်းခြံ၊ ဆေးရုံ၊ လူနေအဆောက် အအုံနှင့် အလုပ်သမားများ နေထိုင်ရန် ငါးထပ်အဆောက်အအုံ ပါဝင်မည်ဖြစ်ကာ ဇုန်လေးဇုန်ဖြင့် ခွဲခြားအကောင်ထည် ဖော်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးအောင်မောင်းက ဆိုသည်။
ကျောက်စိမ်းဥယျာဉ် တည်ဆောက်မည့် မြေနေရာသည် အရှုပ်အရှင်းကင်းသောမြေ ဖြစ်ကြောင်းသာ ပြောကြားနိုင်ကြောင်း၊ မည်သူ့ထံမှ သဘောတူညီချက် ရယူမည်မဟုတ်ဘဲ တိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်တို့မှ အတည်ပြုပြီးပါက အမြန်ဆုံး အကောင်ထည် ဖော်သွားမည်ဖြစ်ကြောင်း ဦးအောင်မောင်းက သတင်းထောက်များအား ပြောကြားသည်။
“မြေယာသုံးစွဲခွင့် အရင်ဆောင်ရွက်ပါ့မယ်။ မြေသုံးစွဲခွင့်ရပြီးမှ သက်ဆိုင်ရာစုပေါင်း ကုမ္ပဏီတွေကို လုပ်ကိုင်ဖို့ခေါ်မှာပါ။ မဟာအောင်မြေ ကျောက်ဝိုင်းကတော့ အရင်ပြောပြီးဖြစ်တဲ့အတိုင်း အသစ်တည်ဆောက် ပြီးစီးတဲ့ ကျောက်စိမ်းဈေးသစ်ကိုပဲ ပြောင်းရွှေ့ရမှာပါ။ နောက်ပြီးဒီကျောက်စိမ်းဥယျာဉ် စီမံကိန်းက အားလုံးအတွက်ပါ။ ကျောက်သမားတွေ အတွက်တင်မဟုတ်ပါဘူး။ နိုင်ငံတော်အတွက်လည်း အကျိုးရှိမယ်။ ကမ္ဘာပေါ်မှာလည်း ကျောက်စိမ်းဈေးကွက်ကြီး သီးသီးသန့်သန့် ဖြစ်လာမယ်။ တိုင်းအတွက်ရော၊ နိုင်ငံအတွက်ရော အားလုံးအတွက် လုပ်တာဖြစ်ပါတယ်။ ဘယ်သူ့ဆီကမှ သဘောတူညီချက်ယူစရာ အစီအစဉ်မရှိပါဘူး” ဟု ဦး အောင်မောင်းက ပြောကြားသည်။ 
ကျောက်စိမ်းကုန်သည်များကမူ အသစ်တည်ဆောက်နေသော အမရပူရမြို့နယ် ကျောက်စိမ်းဈေးသစ်သို့ ပြောင်းရွှေ့လိုခြင်း မရှိဘဲ မူလဈေးနေရာ၌သာ ဆက်လက်လုပ်ကိုင်လိုပြီး လက်ရှိဈေးကိုသာ အဆင့်မြှင့်တင် တည်ဆောက်လိုကြောင်း ပြောကြားသည်။

Most Read

Most Recent