သံဖြူဇရပ်မြို့တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသည့် အသက် ကိုးနှစ်အရွယ် ကလေး တစ်ဦးအား တွဲကားယာဉ်မှ တိုက်မိမှု ဖြစ်ပွား ခဲ့သဖြင့် သေဆုံး

သံဖြူဇရပ်မြို့တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသည့် အသက် ကိုးနှစ်အရွယ် ကလေး တစ်ဦးအား တွဲကားယာဉ်မှ တိုက်မိမှု ဖြစ်ပွား ခဲ့သဖြင့် သေဆုံး
Published 21 October 2023

မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ ၊ မော်လမြိုင် - ရေး ကားလမ်းမတွင် အောက်တိုဘာ ၂၀ ရက်၊ မွန်းလွဲပိုင်းက တွဲကား မော်တော်ယာဉ် ဟွန်းသံကြောင့် လန့်ပြီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသည့် အသက် ကိုး နှစ်အရွယ် ကျောင်းသူ‌‌လေးအား တွဲကားယာဉ်မှ တိုက်မိခဲ့မှု ဖြစ်ပွားခဲ့သဖြင့် သေဆုံးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောင်တိုဘာ ၂၀ ရက်)  မွန်းလွဲ ၂ နာရီခန့် သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၉) နှစ်အရွယ် ရဲပိုင်ဦး သည် ၎င်း၏ ညီမ တစ်ဝမ်းကွဲများဖြစ်ကြသော အသက် ကိုးနှစ်အရွယ်သုံး တန်းကျောင်းသူ  မအိမ့်ချစ်ချစ်စံနှင့် အသက် ရှစ် နှစ်အရွယ် (၂) တန်းကျောင်းသူ မဆုရွှေရည်လင်းတို့ကို ကျူရှင်သို့ ပို့ရန် ဆိုင်ကယ်ဖြင့် တင်ဆောင်လာခဲ့ကြောင်း၊ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ အရောက်တွင် ရှေ့မှ သွားနေသော သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့၊ ရန်ကုန်သစ်ရပ်ကွက် နေသူ ဇော်လင်း မောင်းနှင်းသည့် ယာဉ်အမှတ် YGN------ ပါ အညိုရောင်ကွန်တိန်နာဘောက် တင်ထားသော တွဲကားကို  ဘယ်ဘက်ယာဉ်ကြောမှ ကျော်တက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကျော်တက်စဉ် တွဲကားမှ ဟွန်းတီးလိုက်ရာ၊ ဟွန်းသံကြောင့် ဆိုင်ကယ်နောက်ဆုံးမှ ထိုင်၍ လိုက်ပါလာသော မအိမ့်ချစ်ချစ်စံမှာ လန့်ပြီး ယာဘက် ဘေးသို့ ပြုတ်ကျခဲ့ပြီး နောက်မှ ပါလာသည့် တွဲကားမှ ဝင်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် မအိမ့်ချစ်ချစ်စံတွင် ဦးခေါင်းဒဏ်ရာ၊ ယာပေါင်ရင်ကျိုးဒဏ်ရာ၊ မျက်နှာပိပြာဒဏ်ရာ၊ ပါးစပ် သွေးထွက်ဒဏ်ရာတို့ဖြင့် နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆိုင်ကယ်မှာလည်း တိမ်းမှောက်ခဲ့ရာ၊ ဆိုင်ကယ်ပေါ်လိုက်ပါလာသူ မဆုရွှေရည်လင်း တွင် နဖူးပွန်းခြစ်ဒဏ်ရာ၊ ယာပါးပြင်ပွန်းခြစ်ဒဏ်ရာနှင့် ဆိုင်ကယ်မောင်းနှင်သူ ရဲပိုင်ဦး တွင် ယာဘက်ဒူးဆစ်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်လက်မောင်းနာကျင်ဒဏ်ရာ၊ ရင်ဘတ်အောင့် နာကျင်ဒဏ်ရာ (မစိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း သိရသည်။

"တွဲကားက ကလေးကို တက်ကြိတ်ပြီးတော့ မောင်းပြေးသွားလို့ လိုက်ဖမ်းကြတာ၊ ဖောင်စိန်တိုးဂိတ်မှာ ရှိတဲ့ စစ်ဆေးရေးဂိတ်မှာ ယာဉ်မောင်းနဲ့ တွဲကားကို ဖမ်းမိခဲ့တယ်လို့ သိရတယ်" ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် မအိမ့်ချစ်ချစ်စံ မှာ ‌သံဖြူဇရပ်မြို့ ရော်ဘာစက်ရုံမှ ဝန်ထမ်းမိသားစုဝင်တစ်ဦးဖြစ်ကြောင်း နှင့် ၎င်း၏ရုပ်အလောင်းအား ယမန်နေ့ ညနေပိုင်းက သံဖြူဇရပ်မြို့၊ ရွှေရင်ကွေ့သုဿာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

တွဲကား မောင်းနှင်ခဲ့သူ ဇော်လင်း ကို သံဖြူဇရပ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ - ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်လှစ်ထားပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Most Read

Most Recent